တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ

နေပြည်တော် စက်တင်ဘာ ၁၆

 

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ ယှဉ်တွဲလေ့လာနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တပ်ကုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တောင်ပို့သာနှင့် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) အေးချမ်းသာစံပြတို့မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက် လေ့လာကြသည်။

 

ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများသည် တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးကြသည်။ ထို့ပြင် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော်လေယာဉ်များကို လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် ယနေ့လေ့လာ မှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။

 

လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ကြားသိခဲ့ရသည် -

ဆရာမ

ကျွန်မတို့ ဒီနေ့စစ်သမိုင်းပြတိုက်ကို လေ့လာရေးခရီးလာရတဲ့ ရည်ရွယ်ချက်ကတော့ စစ်သမိုင်းပြတိုက်မှာ ပြသထားတဲ့ ပထမမြန်မာနိုင်ငံတော်ကြီး တည်ထောင်စဉ်က စပြီးတော့ ယနေ့ခေတ်အချိန်ထိ တပ်မတော်ရဲ့ လုပ်ဆောင်ထားတဲ့အရာတွေကို လာရောက်ပြီးတော့ လေ့လာကြ ခြင်းဖြစ်ပါတယ်။ ကျောင်းသားတွေဟာဆိုလို့ရှိရင် တစ်နှစ်တာပတ်လုံး စာသင်ခန်းအတွင်းမှာပဲ အမြဲတမ်း သင်ခန်းစာတွေကို လေ့လာသင်ယူနေရတာထက် ယခုလို လေ့လာရေးခရီးတွေ လာရောက်လေ့လာရတဲ့အခါမှာ စာတွေ့ရော လက်တွေ့ပါ နှစ်ခုစလုံး လေ့လာရတဲ့အတွက် ကြောင့်မို့လို့ အသိပညာတွေလည်း ပိုပြီးတော့ ရရှိစေပါတယ်။ ကျွန်မတို့ ဆရာမတွေ အနေနဲ့ သင်ခန်းစာသင်ကြား ရတဲ့အခါမှာ အခုလို လေ့လာရေးခရီးတွေ သွားပြီးတော့ ကျောင်းသားတွေနဲ့ အတူတူ လေ့လာရလို့ ဗဟုသုတတွေလည်း အများကြီး ရရှိပါတယ်။ အခုလို စစ်သမိုင်းပြတိုက်ကို လာရောက် လေ့လာရတဲ့အတွက် ကျောင်းသားတွေလည်း စာသင်ခန်းအတွင်းမှာ သင်ခန်းစာတွေ သင်ယူတဲ့အခါ ပိုပြီးတော့ နားလည်ထိရောက်လာမှာဖြစ်ပါတယ်။ ဆရာ ဆရာမတွေအနေနဲ့လည်း ကျောင်းသားတွေကို သင်ကြားပေးတဲ့အခါမှာ ပိုပြီးတော့ တိကျသေချာတဲ့ အချက်အလက်တွေကို သင်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။ အခုလို ကျောင်းသားရော ဆရာရော သင်ခန်းစာတွေနဲ့ ပတ်သက်ပြီးတော့ တိကျနားလည်အောင် သင်ကြားပေးလိုက်တဲ့ အခါမှာ ဒီကျောင်းသားတွေဟာ နောင်တစ်ချိန်မှာ အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်ထွန်း လာမယ်လို့ မျှော်လင့်မိပါတယ်။ အခုလို လေ့လာရေးခရီးတွေကို သွားခွင့်ရအောင်လို့ လုပ်ဆောင်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ တာဝန်ရှိသူတွေ၊ ဒီစစ်သမိုင်းပြတိုက်က တာဝန်ရှိ အရာရှိတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

 

ကျောင်းသူ

ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကတော့ ဒီမှာ ခင်းကျင်းပြသ ထားတာတွေကို အသေးစိတ် လေ့လာသိရှိဖို့ပဲ ဖြစ်ပါတယ်။ အခုလို အသေးစိတ် လေ့လာသိရှိဖို့ ပံ့ပိုးပေးထားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မ ဒီစစ်သမိုင်းပြတိုက်မှာဆိုရင် စိတ်အဝင်စားဆုံးကတော့ လေယာဉ်ပျံပဲ ဖြစ်ပါတယ်။ လေယာဉ်ရဲ့ အသေးစိတ်တွေကို လေ့လာခဲ့ရပါတယ်။ သင်္ဘောရဲ့ အသေးစိတ်တွေကိုလည်း လေ့လာခဲ့ရပါတယ်။ စာထဲမှာ သင်ရတဲ့ စာတွေ့ထက် အပြင်မှာ လက်တွေ့က ပိုကောင်းပြီးတော့ အထောက်အကူလည်း ဖြစ်စေပါတယ်။ ကျွန်မတို့ကို ဒီလို ရောက်အောင် ပို့ဆောင်ပေးတဲ့ အကြီးအမှူးတွေရော ဆရာ ဆရာမတွေရော ရှင်းပြပေးတဲ့ တာဝန်ရှိသူတွေကိုရော အားလုံးပဲ ကျေးဇူးတင်ပါတယ်ရှင်။

သတင်းစဉ်

 Doc1-29172026954 Doc1-1.jpg