ကမ္ဘာမြေပိုမိုအေးမြဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့


ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

 

နေစကြဝဠာအတွင်းရှိ နေရောင်ခြည်စွမ်းအင်တွင် ပါဝင်နေသော ကမ္ဘာမြေပေါ်သို့ ကျရောက်လျက်ရှိသည့် ခရမ်းလွန်ရောင်ခြည်များ တိုက်ရိုက်ထိတွေ့ခံစားရပါက သက်ရှိများကို ဘေးဥပဒ်ဖြစ်စေနိုင်ပါသည်။ သို့ရာတွင် နေရောင်ခြည်ဖြတ်သန်းလမ်းကြောင်း၌ လေထု ဒုတိယအလွှာတွင် သဘာဝအလျောက်တည်ရှိသည့် အိုဇုန်းလွှာသည် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများ ရှင်သန်နေထိုင်နိုင်ရန် ကမ္ဘာ့လေထုရှိ သဘာဝတံတိုင်းကြီးအဖြစ် တည်ရှိနေပါသည်။

 

အခြားတစ်ဖက်တွင်လည်း လူသားများ ဖန်တီးထုတ်လွှတ်မှုကြောင့် အိုဇုန်းလွှာပျက်စီးစေသည့် ဓာတ်ငွေ့များကြောင့် သဘာဝတံတိုင်းကြီးသည် ပါးလွှာလာပြီး လူသားများ၏အရေပြားနှင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို ဖြစ်စေရုံသာမက ကမ္ဘာကြီးပူနွေးမှုကိုပါဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးသည် လက်ရှိနှင့် အနာဂတ်မျိုးဆက်များ၏ ကျန်းမာသောပတ်ဝန်းကျင်နှင့် အေးမြသောကမ္ဘာမြေကို ဖော်ဆောင်နိုင်ရေးအတွက် အားလုံးပါဝင်ဆောင်ရွက်ရမည့် တာဝန်ပင်ဖြစ်ပါသည်။

 

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့

 

နှစ်စဉ် စက်တင်ဘာလ ၁၆ ရက်နေ့သည် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) ဖြစ်ပါသည်။ အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို အတည်ပြုခဲ့သည့် ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် နေ့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ (၉၂) ကြိမ်မြောက် အစည်းအဝေးတွင် စက်တင်ဘာလ ၁၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (International Ozone Day) အဖြစ် သတ်မှတ်ခဲ့ပါသည်။

 

၁၉၉၅ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများနှင့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အဖြစ် ပြောင်းလဲသတ်မှတ်၍ ကျင်းပခဲ့ကြသည်။

 

၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်အဖြစ် “ကမ္ဘာမြေပိုမိုအေးမြဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့” (Global Action for A Cooler Planet) ကို သတ်မှတ်ထားပါသည်။ ယခုနှစ်ဆောင်ပုဒ်သည် အိုဇုန်းလွှာထိန်းသိမ်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးခြင်း နှစ် (၄၀) ပြည့်မြောက်ခြင်းနှင့် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်၏ ပဉ္စမမြောက် ပြင်ဆင်ချက်ဖြစ်သော ကီဂါလီပြင်ဆင်ချက် လက်ခံကျင့်သုံးခြင်း (၁၀) နှစ်မြောက်ခြင်း၊ အိုဇုန်းလွှာထိန်းသိမ်းရေးကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း စသည့်အောင်မြင်မှုများကို ဂုဏ်ပြုထားပါသည်။

 

ယင်းဆောင်ရွက်မှုများသည် တစ်ဦးတစ်ယောက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ကမ္ဘာလုံးဆောင်ရွက်မှုဖြစ်သဖြင့် ပိုမိုအေးမြသော ကမ္ဘာကြီးကို ပိုင်ဆိုင်နိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်သဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အစားထိုး အအေးပေးဒြပ်ပစ္စည်းများကို ပြောင်းလဲအသုံးပြုခြင်းဖြင့် ကမ္ဘာကြီးပူနွေးမှုကို လျှော့ချနိုင်ရန်၊ အိုဇုန်းလွှာပျက်စီးမှုမရှိသော်လည်း ကမ္ဘာ့ပူနွေးမှုအလားအလာမြင့်မားသော အအေးပေးဒြပ်ပစ္စည်းများ အသုံးပြုမှုကို သတ်မှတ်ကာလများအတွင်း အဆင့်ဆင့် လျှော့ချဆောင်ရွက်သွားရန်နှင့် စွမ်းအင်အသုံးပြုမှုအကျိုးရှိထိရောက်သော အအေးပေးစနစ်ဆိုင်ရာ နည်းပညာများကို ပြောင်းလဲအသုံးပြုပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချရန်အတွက် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားပါသည်။

 

အိုဇုန်းဓာတ်ငွေ့

 

အိုဇုန်းသည် လေထုအတွင်းတွင် သဘာဝအလျောက်တည်ရှိသည့် ဓာတ်ငွေ့ဖြစ်ပြီး အိုဇုန်းမော်လီကျူးတစ်ခုစီတွင် အောက်ဆီဂျင်အက်တမ် သုံးလုံးပါဝင်သောကြောင့် ဓာတုဗေဒအနေဖြင့် O3 အဖြစ် သတ်မှတ်ပါသည်။ အိုဇုန်းဟူသောစကားလုံးတွင် ဂရိစကားလုံးဖြင့် ‘‘အနံ့’’ ဟု အဓိပ္ပာယ်ရသည့် စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး စူးရှသောအနံ့ရှိပါသည်။ အိုဇုန်းမော်လီကျူး (၉၀ ရာခိုင်နှုန်းခန့်) ကို ကမ္ဘာ့မျက်နှာပြင်အထက် ၁၀-၁၅ ကီလိုမီတာမှ ၅၀ ကီလိုမီတာအထိ ကျယ်ပြန့်သော စတရာတိုစပီးယားအလွှာတွင် တွေ့ရှိရပါသည်။ ယင်းအိုဇုန်းမော်လီကျူးများ အများဆုံးတည်ရှိသည့် ကမ္ဘာ့မျက်နှာပြင်အထက်အမြင့် ၁၅ ကီလိုမီတာမှ ၃၅ ကီလိုမီတာအကြားရှိ စထရာတိုစဖီးယားအလွှာရှိ လေထုကို ‘‘အိုဇုန်းလွှာ’’ ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။

 

အိုဇုန်းလွှာသည် ကမ္ဘာမြေပေါ်ရှိ သက်ရှိအားလုံးကို နေမှလာသော အန္တရာယ်ရှိသည့် ခရမ်းလွန်ရောင်ခြည် (UV Rays) များမှ ကာကွယ်ပေးသည့် သဘာဝဒိုင်းအလွှာတစ်ခုဖြစ်ပါသည်။ အိုဇုန်းလွှာ ပျက်စီးယိုယွင်းလာပါက လူသားများတွင် အရေပြားကင်ဆာ၊ မျက်စိတိမ်စွဲခြင်းနှင့် ကိုယ်ခံအားစနစ် လျော့နည်းလာခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အပြင် ဂေဟစနစ်များနှင့် စိုက်ပျိုးရေးကဏ္ဍကိုပါ ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။

 

အိုဇုန်းလွှာပျက်စီးခြင်း (သို့) အိုဇုန်းလွှာအပေါက်

 

အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ အသုံးမပြုမီကပင် အိုဇုန်းလွှာရှိ ပုံမှန်အိုဇုန်း ပါဝင်မှုပမာဏသည် ပင်လယ်ရေမျက်နှာပြင်အထက် တည်ရှိမှု၊ အမြင့်၊ တည်နေရာ လတ္တီကျု၊ ရာသီဥတု၊ လေကြောင်းပြောင်းလဲမှုနှင့် အခြားသဘာဝအချက်များအရ ကွဲပြားပါသည်။ အန္တာတိကနေရာများစွာတွင် နွေဦးရာသီ၏ အိုဇုန်းပမာဏသည် ၁၉၇၀ ပြည့်လွန်နှစ်များ၏ အလယ်ပိုင်းမှစ၍ တဖြည်းဖြည်းကျဆင်းသွားကြောင်း သိပ္ပံပညာရှင်များက ၁၉၈၅ ခုနှစ်တွင် တွေ့ရှိခဲ့ကြပါသည်။ အိုဇုန်းလွှာ၏အထူသည် ပုံမှန် ၃၀၀ ဒေါ့ဘ်ဆန် ယူနစ်ရှိရမည့်အစား ၁၉၈၁-၁၉၈၂ ခုနှစ်တွင် ၂၂၀ ဒေါ့ဘ်ဆန်ယူနစ်‌အောက်သာရှိကြောင်း တွေ့ရှိရပြီး အန္တာတိကတိုက်အပေါ်ရှိ အိုဇုန်းလွှာပါးလွှာမှုကို ပထမဆုံးအိုဇုန်းအပေါက်ဟု သတိပြုမိခဲ့ကြပါသည်။

 

လေထုအတွင်း ကလိုရိုဖူရိုကာဗွန် (CFCs) ပါဝင်မှုမြင့်မားလာခြင်းသည် အိုဇုန်းလွှာပျက်စီးစေသည့် အဓိကအချက်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဖော်ထုတ်သတ်မှတ်ခဲ့ကြပြီး နာဆာမှ သိပ္ပံပညာရှင်များက ဂြိုဟ်တုအချက်အလက်များကို အသုံးပြု၍ အန္တာတိကတိုက်၏ နေရာအများစုကို ဖုံးလွှမ်းထားသော အိုဇုန်းလွှာပျက်စီးမှု (အိုဇုန်းအပေါက်) ကို အတည်ပြုခဲ့ကြပါသည်။ သိပ္ပံဆိုင်ရာ သုတေသနတွေ့ရှိချက်များနှင့် ကဏ္ဍအသီးသီးပါဝင်သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများက ကမ္ဘာ့အိုဇုန်းလွှာပျက်စီးမှုကို ထိန်းသိမ်းကာကွယ်နိုင်ရန် ဗီယင်နာကွန်ဗင်းရှင်းနှင့် ကလိုရိုဖလူရိုကာဗွန်နှင့် အိုဇုန်းလွှာပျက်စီးစေသည့် အခြားဒြပ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲခြင်းကို ထိန်းချုပ်ဆောင်ရွက်နိုင်ရန် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို ပေါ်ပေါက်လာစေခဲ့ပါသည်။

 

အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ သဘောတူစာချုပ်များနှင့် ပြင်ဆင်ချက်များ

 

အိုဇုန်းလွှာပျက်စီးမှုနှင့် အကျိုးဆက်များဖြစ်သည့် လူသားတို့၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများကို ထိန်းချုပ်ရန် ၁၉၈၅ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံအချို့နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်တို့ ဦးဆောင်ပြီး အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (The Vienna Convention for the Protection of the Ozone layer)ကို ချမှတ်နိုင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် (The Montreal Protocol on Substances that Deplete the Ozone Layer)ကို ထပ်မံချုပ်ဆိုနိုင်ခဲ့ပါသည်။

 

ဆက်လက်၍ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းအသစ်များကို ထပ်မံတွေ့ရှိလာရသည့်အတွက် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်၏ ပြင်ဆင်ချက်များဖြစ်သည့် ၁၉၉၀ ပြည့်နှစ် လန်ဒန်ပြင်ဆင်ချက် (London Amendment)၊ ၁၉၉၂ ခုနှစ် ကိုပင်ဟေဂင်ပြင်ဆင်ချက် (Copenhagen Amen-dment)၊ ၁၉၉၇ ခုနှစ် မွန်ထရီရယ်ပြင်ဆင်ချက် (Montreal Amendment)၊ ၁၉၉၉ ခုနှစ် ပေကျင်းပြင်ဆင်ချက် (Beijing Amendment)နှင့် ၂၀၁၆ ခုနှစ် ကီဂါလီပြင်ဆင်ချက် (Kigali Amendment) ဟူ၍ ငါးကြိမ်တိုင်တိုင် ထပ်မံပြင်ဆင်ကာ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများထုတ်လုပ်မှုနှင့် သုံးစွဲမှုများကို ကန့်သတ်ထိန်းချုပ်ဆောင်ရွက်လျက်ရှိပါသည်။

 

မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်အရ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများအဖြစ် ကလိုရိုဖလူရိုကာဗွန်နှင့် ဟေလွန်အမျိုးအစားဒြပ်ပစ္စည်း ရှစ်မျိုးတို့ကို စတင်ထိန်းချုပ်၍သုံးစွဲမှုကို အဆင့်ဆင့် လျှော့ချရပ်ဆိုင်းနိုင်ခဲ့ပြီး ကီဂါလီပြင်ဆင်ချက်အရ ကမ္ဘာ့ပူနွေးမှုအလားအလာရှိသော ဟိုက်ဒရိုဖလိုရိုကာဗွန် (HFCs) ဒြပ်ပစ္စည်းများလျှော့ချရေးကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 

အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများ

 

အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၈ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားပြီး ကုလသမဂ္ဂဆိုင်ရာ သဘောတူညီချက်များအနက် ကမ္ဘာ့နိုင်ငံအားလုံးက အတည်ပြုလက်မှတ်ရေးထိုးထားသော ပထမဆုံးနိုင်ငံတကာ ပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်တစ်ခုဖြစ်ပါသည်။ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်၏ အဓိကအောင်မြင်မှုမှာ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဖြစ်သည့် ကလိုရိုဖလူရိုကာဗွန်များ၊ ဟေလွန်၊ ကာဗွန်တက်ထရာ ကလိုရိုက်နှင့် မီသိန်းကလိုရိုဖောင်းတို့၏ ထုတ်လုပ်မှုနှင့် သုံးစွဲမှုကို အဆင့်ဆင့် ရပ်တန့်နိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၉ ခုနှစ် အကုန်တွင် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်က ထိန်းချုပ်ထားသော အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ၏ ထုတ်လုပ်မှုနှင့်သုံးစွဲမှုကို ၉၈ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့ခြင်းသည် ဤစာချုပ်၏ အောင်မြင်မှုကို ဖော်ပြသည့် အဓိကညွှန်းကိန်းတစ်ခုဖြစ်သည်။

 

အိုဇုန်းလွှာ ပြန်လည်ကောင်းမွန်လာခြင်းသည်လည်း မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်၏ အရေးပါဆုံး အောင်မြင်မှုတစ်ရပ်ဖြစ်သည်။ သိပ္ပံနည်းကျ လေ့လာစောင့်ကြည့်မှုများအရ အဓိကအိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ၏ လေထုအတွင်းပါဝင်မှုသည် သိသိသာသာ လျော့ကျလာပြီး အိုဇုန်းလွှာသည် ပြန်လည်ကောင်းမွန်လာသည့် လက္ခဏာများကို ပြသနေသည်။ လက်ရှိ နိုင်ငံတကာမူဝါဒများကို ဆက်လက်အကောင်အထည်ဖော်နိုင်ပါက အိုဇုန်းလွှာသည် ကမ္ဘာလုံးဆိုင်ရာအနေဖြင့် ၁၉၈၀ ပြည့်နှစ်အဆင့်သို့ ၂၀၄၀ ဝန်းကျင်တွင် ပြန်လည်ရောက်ရှိနိုင်ပြီး အာတိတ်ဒေသနှင့် အန္တာတိကဒေသတို့တွင်မူ ထိုထက်ပိုမိုကြာမြင့်နိုင်မည်ဟု ခန့်မှန်းထားသည်။

 

မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်၏ အကျိုးကျေးဇူးများသည် အိုဇုန်းလွှာထိန်းသိမ်းရေး တစ်ခုတည်းတွင်သာ မကန့်သတ်ဘဲ ကျန်းမာရေးအတွက်လည်း အလွန်အရေးပါသော အကျိုးကျေးဇူးများဖြစ်ပေါ်စေခဲ့သည်။ အိုဇုန်းလွှာပျက်စီးမှုကို လျှော့ချနိုင်ခြင်းကြောင့် ကမ္ဘာ့မျက်နှာပြင်သို့ ရောက်ရှိမည့် ခရမ်းလွန်ရောင်ခြည် (UV-B) ပမာဏကို လျှော့ချနိုင်ပြီး အရေပြားရောဂါများနှင့် မျက်စိတိမ်ဖြစ်ပွားနိုင်ခြေများကို ရေရှည်တွင် လျှော့ချနိုင်မည်ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီ (EPA)၏ ခန့်မှန်းချက်များအရ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ကြောင့် အနာဂတ်တွင် လူသားကျန်းမာရေးအတွက် အလွန်ကြီးမားသော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

 

ထို့အပြင် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်သည် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက်လည်း အရေးပါသော ပံ့ပိုးမှုပြုလုပ်ခဲ့သည်။ ကလိုရိုဖလူရိုကာဗွန်များနှင့် အခြားအိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများသည် အိုဇုန်းလွှာကို ပျက်စီးစေရုံသာမက ကမ္ဘာ့ပူနွေးမှုကို ဖြစ်စေသော အားကောင်းသည့် မှန်လုံအိမ်ဓာတ်ငွေ့များဖြစ်ကြသည်။ ထို့ကြောင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများကို အဆင့်ဆင့်ရပ်တန့်နိုင်ခဲ့ခြင်းသည် မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချခြင်းဖြစ်ပါသည်။ ထိုအချက်ကြောင့် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်သည် ကမ္ဘာ့ပူနွေးမှုလျှော့ချရေးတွင် အောင်မြင်သော နိုင်ငံတကာသဘောတူညီချက်တစ်ခုအဖြစ်လည်း သတ်မှတ်နိုင်သည်။

 

သို့သော် ရာသီဥတုပြောင်းလဲမှုကြောင့် အအေးပေးစနစ်များ၏ လိုအပ်ချက်တိုးလာခြင်း၊ ကမ္ဘာ့ပူနွေးမှုအလားအလာနည်းပါးသော အအေးပေးပစ္စည်းများသို့ ပြောင်းလဲရာတွင် နည်းပညာနှင့် ငွေကြေးအခက်အခဲများ၊ တရားမဝင် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ကုန်သွယ်မှုများနှင့် စောင့်ကြပ်ကြည့်ရှုမှုဆိုင်ရာ စိန်ခေါ်မှုများကို ဆက်လက်ဖြေရှင်းရန်လိုအပ်သည်။ ထို့ကြောင့် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်နှင့် ကီဂါလီပြင်ဆင်ချက်တို့ကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဘဏ္ဍာရေးနှင့် နည်းပညာပံ့ပိုးမှုများ တိုးမြှင့်ခြင်း၊ စွမ်းအင်အကျိုးရှိ ထိရောက်ပြီး ရာသီဥတုနှင့် လိုက်လျောညီထွေသော အအေးပေးနည်းပညာများ ဖွံ့ဖြိုးအသုံးပြုခြင်းတို့သည် အနာဂတ် အိုဇုန်းလွှာထိန်းသိမ်းရေးအတွက် အဓိကကျမည်ဖြစ်သည်။

 

မြန်မာနိုင်ငံမှ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ပူးပေါင်းပါဝင်ဆောင်ရွက်မှု

 

မြန်မာနိုင်ငံသည် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများအသုံးပြုမှု ထိန်းချုပ်ခြင်းဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်နှင့် နောက်ဆက်တွဲပြင်ဆင်ချက်များအရ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs/ R22) ဒြပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းအသုံးပြုခြင်းအား ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်နီးပါးလျှော့ချ၍ ၁ ဒသမ ၉၅ မက်ထရစ်တန်ကိုသာ ခွင့်ပြုတော့မည်ဖြစ်ပြီး ၂၀၄၀ ပြည့်နှစ်တွင် အပြီးသတ်ရပ်ဆိုင်းနိုင်ရန် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ခြင်းအမိန့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာနမှ ၂၅-၄-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၇/ ၂၀၁၄) ဖြင့် ထုတ်ပြန်ခဲ့ပြီး ဒြပ်ပစ္စည်းများတင်သွင်းခြင်းကို နှစ်စဉ်ခွဲတမ်းစနစ်၊ လိုင်စင်စနစ်တို့ဖြင့် ကန့်သတ်ထိန်းချုပ်ဆောင်ရွက်လျက်ရှိပါသည်။

 

ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs/ R22) အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ နှင့်အောက်အင်အားရှိ လေအေးပေးစက်များ ပြည်တွင်းသို့တင်သွင်းမှုကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ တားမြစ်သည့်အမိန့်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၈/ ၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

 

အိုဇုန်းလွှာထိခိုက်ပျက်စီးမှုကို ထိန်းချုပ်ကာကွယ်နိုင်ရန် အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်းဖြစ်သည့် HCFC-22/ R-22 အပါအဝင် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ (21000 BTU/ hr) နှင့်အထက် စွမ်းအား (Capacity) ရှိသည့် လေအေးပေးစက်နှင့် အကြီးစားစက်ပစ္စည်းများဖြစ်သည့် လုပ်ငန်းသုံးရေခဲသေတ္တာများ (Commercial Refrigerator)၊ အေးခဲသိုလှောင်ခန်းများ (Cold Storage)၊ အေးခဲစက်များ (Chiller) ပြည်တွင်းသို့ တင်သွင်းမှုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ မှစ၍ တားမြစ်သည့် အမိန့်ကြော်ငြာစာကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၁/ ၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

 

အမိန့်ကြော်ငြာစာအရ HCFC-22/ R-22 အပါအဝင် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ (21000 BTU/ hr) နှင့်အထက် စွမ်းအား (Capacity) ရှိသည့် လေအေးပေးစက်နှင့် အကြီးစားစက်ပစ္စည်းများဖြစ်သည့် လုပ်ငန်းသုံး ရေခဲသေတ္တာများ၊ အေးခဲသိုလှောင်ခန်းများ၊ အေးခဲစက်များ ပြည်တွင်းသို့ တင်သွင်းမှုတို့အား ကန့်သတ်ထိန်းချုပ် ဆောင်ရွက်လျက်ရှိပါသည်။

 

မြန်မာနိုင်ငံသည် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ပြင်ဆင်ချက်ဖြစ်သည့် ကီဂါလီပြင်ဆင်ချက်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် အတည်ပြုစာလွှာကို အိုဇုန်းအတွင်းရေးမှူးရုံးသို့ ပေးပို့ထားရှိပြီးဖြစ်ပါသည်။

 

အိုဇုန်းလွှာထိန်းသိမ်းခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရန် နည်းလမ်းများ

 

ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်များနှင့် သုတေသနပညာရှင်များသည် အိုဇုန်းလွှာ၏ ဖြစ်ပေါ်တိုးတက်မှုများကို ဆက်လက်ကြည့်ရှုဆောင်ရွက်လျက်ရှိပါသည်။ သိပ္ပံပညာရှင်များနှင့် သုတေသနပညာရှင်များက ကမ္ဘာမြေနှင့် သဟဇာတဖြစ်စေမည့် ထုတ်ကုန်ပစ္စည်းများအတွက် သုတေသနပြု ဖန်တီးနေစဉ်အတွင်း ကျွန်ုပ်တို့အနေဖြင့် အိုဇုန်းလွှာထိခိုက်မှုမရှိသည့် သဟဇာတဖြစ်သော ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူခြင်းကဲ့သို့သော မိမိဆောင်ရွက်နိုင်မည့် ကိစ္စများအားလုံးကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

 

ရေခဲသေတ္တာနှင့် လေအေးပေးစက်များတွင် အဓိကအသုံးပြုသည့် ဒြပ်ပစ္စည်းများမှာ ကလိုရိုဖလူရိုကာဗွန် CFCs များဖြစ်ပြီး ၎င်းကို မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်အရ အပြီးသတ်တားမြစ်ခဲ့ပြီးဖြစ်၍ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် HFCs နှင့် ဟိုက်ဒရိုဖလူရိုကာဗွန် HFCs တို့ကို အစားထိုးသုံးစွဲခဲ့ကြပါသည်။ ကီဂါလီပြင်ဆင်ချက်အရ ကမ္ဘာ့ပူနွေးမှုအလားအလာနည်းပါးသည့် ဟိုက်ဒရိုဖလူရိုကာဗွန် HFCs (သို့မဟုတ်) အစားထိုး အအေးပေးပစ္စည်းများကို အသုံးပြုရမည်ဖြစ်ပါသည်။ ထိုသို့ အအေးပေးဒြပ်ပစ္စည်းအသစ်များ ပါဝင်သည့် ရေခဲသေတ္တာနှင့် လေအေးပေးစက်များကို သုံးစွဲခြင်းဖြင့် စွမ်းအင်ကိုပါ ပိုမိုထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

 

ပန်းနာရင်ကျပ်ရောဂါနှင့် နာတာရှည်အဆုတ်ရောဂါများအတွက် အသုံးပြုသည့် ကလိုရိုဖလူရိုကာဗွန်ပါဝင်သည့် ရှူဆေးဘူးများကို အစားထိုးရန်မှာ ကြီးမားသော စိန်ခေါ်မှုဖြစ်သော်လည်း ယခုအခါ ကလိုရိုဖလူရိုကာဗွန်ပါဝင်ခြင်းမရှိသည့် သက်သောင့်သက်သာဖြစ်သော အစားထိုးကုသမှုများကို ကမ္ဘာအနှံ့ရယူနိုင်ပြီဖြစ်၍ ကလိုရိုဖလူရိုကာဗွန်များမပါဝင်သော ပစ္စည်းများကို ဝယ်ယူအသုံးပြုရန်လိုအပ်ပါသည်။

 

မီးသတ်ဆေးဘူးများတွင် အသုံးပြုသည့် ဟေလွန်ဒြပ်ပစ္စည်းမှာ အိုဇုန်းလွှာပျက်စီးစေသည့် အဓိကပစ္စည်းဖြစ်သောကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ရပ်ဆိုင်းပြီးဖြစ်သော်လည်း အချို့နေရာများတွင် ၂၀၁၀ ပြည့်နှစ်မတိုင်မီက ထုတ်လုပ်ခဲ့သည့် ပစ္စည်းများကို အသုံးပြုနေဆဲဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဟေလွန်မပါဝင်သည့် မီးသတ်ဆေးဘူးများကို ရွေးချယ်အသုံးပြုရန် လိုအပ်ပါသည်။ သီးနှံထုတ်ကုန်များ သင်္ဘောမတင်မီ ပိုးသတ်ခြင်းနှင့် သိုလှောင်ခြင်းတို့တွင် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းဖြစ်သော မီသိုင်းဘရိုမိုဒ်ကို အသုံးပြုလေ့ရှိပါသည်။ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်အရ ပိုးမွှားများကို ထိန်းချုပ်နိုင်ရန် မီသိုင်းဘရိုမိုဒ် အစားထိုးနည်းပညာများရှိပြီးဖြစ်သော်လည်း ခြွင်းချက်များဖြင့် QPS သင်္ဘောမတင်မီ ပိုးသတ်ခြင်း၊ မိုင်းတိုက်ခြင်းလုပ်ငန်းများတွင် အသုံးပြုနေဆဲဖြစ်ပါသည်။

 

ကျွန်ုပ်တို့အနေဖြင့် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ သုံးစွဲလျှော့ချထိန်းချုပ်ခြင်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်ခြင်းဖြင့် အိုဇုန်းလွှာပျက်စီးမှုကို ထိန်းချုပ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မဝေးတော့သည့်အနာဂတ်တွင် အိုဇုန်းလွှာ၏အကာအကွယ်ကို ကောင်းစွာရရှိနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရေခဲသေတ္တာ၊ လေအေးပေးစက် ကဲ့သို့သော အိမ်သုံးပစ္စည်းအသစ်များကို ဝယ်ယူသည့်အခါ ယင်းတွင် ‘‘အိုဇုန်းကို အန္တရာယ်မပြုသော’’ ‘‘ozone friendly’’ (သို့) HCFC ကင်းလွတ် “HCFC free” (သို့) စွမ်းအင်ခြိုးခြံချွေတာမှု စသည့်အမှတ်အသားများ ပါ/ မပါ ကြည့်ရှုပြီး ဝယ်ယူရန်လိုအပ်ပါသည်။

 

သို့ဖြစ်၍ အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့်နေရာမှ ပါဝင်ဆောင်ရွက်ကြပါရန် ယခုနှစ်၏ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ် “ကမ္ဘာမြေပိုမိုအေးမြဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့” နှင့်အတူ ထပ်မံအသိပေး နှိုးဆော်လိုက်ရပါသည်။ ။