စိတ်ဖိစီးမှုကင်းမှသာ လုပ်ငန်းခွင်အတွင်းပျော်ရွှင်မှာ ….


ဒေါက်တာခိုင်ခိုင်ဝင်း

 

လူတစ်ဦး၏ဘဝတွင် အချိန်အများဆုံးကုန်ဆုံးရသည့်နေရာများထဲ၌ လုပ်ငန်းခွင်သည်လည်း အပါအဝင်ဖြစ်ပါသည်။ နေ့စဉ်အလုပ်တာဝန်များကို ထမ်းဆောင်ရင်း အချိန်အများစုကို လုပ်ငန်းခွင်တွင် ဖြတ်သန်းနေရသောကြောင့် လုပ်ငန်းခွင်သည် ဝန်ထမ်းတစ်ဦးအတွက် လစာရရှိရန်အတွက်သာမက စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးအရပါ အရေးကြီးသောပတ်ဝန်းကျင်တစ်ခု ဖြစ်လာပါသည်။ 

 

လုပ်ငန်းခွင်ကြောင့် ဝင်ငွေရရှိခြင်း၊ အသိပညာ အတွေ့အကြုံတိုးလာခြင်း၊ မိတ်ဆွေသူငယ်ချင်း တိုးလာခြင်း၊ နေ့စဉ်ဘဝတွင် သင်ယူနိုင်ခြင်းစသည့် ကောင်းမွန်သည့်ရလဒ်များ ရရှိနိုင်သည့်နည်းတူ လုပ်ငန်းခွင်တွင် တာဝန်များပြားခြင်း၊ အချိန်ကန့်သတ်ချက်များခြင်း၊ အလုပ်ဖိအားများခြင်း၊ လုပ်ဖော်ကိုင်ဖက်များအကြား ဆက်ဆံရေးမပြေလည်ခြင်း၊ အထက်အရာရှိနှင့် ဝန်ထမ်းအကြား နားလည်မှုလွဲမှားခြင်း၊ လုပ်ငန်းတာဝန်နှင့် ကိုယ်ပိုင်ဘဝအကြား မျှတမှုမရှိခြင်းတို့ကြောင့် စိတ်ဖိစီးမှုများလည်း ဖြစ်ပေါ်လာနိုင်ပါသည်။

 

စိတ်ဖိစီးမှု၏အကြောင်းရင်းများ 

 

စိတ်ဖိစီးမှုဆိုသည်မှာ အလုပ်များနေခြင်း တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပါ။ မိမိလုပ်ဆောင်နေသော အလုပ်အပေါ် ထိန်းချုပ်နိုင်မှုမရှိခြင်း၊ မိမိ၏ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုမခံရခြင်း၊ မိမိ၏အမြင်ကို ထုတ်ဖော်ပြောဆိုခွင့်မရှိခြင်းနှင့် မိမိအပေါ် နားလည်မှုမရှိဟုခံစားရခြင်းတို့သည်လည်း စိတ်ဖိစီးမှု၏အကြောင်းရင်းများ ဖြစ်နိုင်ပါသည်။

 

စိတ်ဖိစီးမှုသည် ဝန်ထမ်းတစ်ဦး၏ ကိုယ်ခန္ဓာကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာနှင့် လုပ်ငန်းစွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေနိုင်ပါသည်။ အလုပ်အပေါ် စိတ်ဝင်စားမှုလျော့နည်းလာခြင်း၊ အာရုံစူးစိုက်ရန်ခက်ခဲခြင်း၊ အမှားအယွင်းများလာခြင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေး တင်းမာလာခြင်းတို့ဖြစ်ပေါ်လာနိုင်ပြီး စိတ်ဖိစီးမှုများ ရေရှည်ဖြစ်ပေါ်လာပါက Burnout ဟုခေါ်သော အလုပ်ပင်ပန်းနွမ်းနယ်မှုလည်း ဖြစ်စေနိုင်ပါသည်။ ထိုအခြေအနေတွင် “အလုပ်လုပ်ချင်စိတ်မရှိတော့ခြင်း၊ မိမိလုပ်ဆောင်နေသည့် အလုပ်အပေါ် အဓိပ္ပာယ်မရှိသလို ခံစားလာခြင်း” စသည့် အခြေအနေများ ဖြစ်လာနိုင်ပါသည်။

 

ထို့ကြောင့် ဝန်ထမ်းများ၏စိတ်ဖိစီးမှုကို လျှော့ချခြင်းသည် ဝန်ထမ်းတစ်ဦးချင်းစီအတွက် သာမက အဖွဲ့အစည်းတစ်ခုလုံးအတွက် အရေးကြီးသည့် လုပ်ဆောင်ချက်ဖြစ်ပါသည်။ စိတ်ဖိစီးမှုကင်းပြီး ပျော်ရွှင်သောလုပ်ငန်းခွင်ဖြစ်ဖို့အတွက် ကာယကံရှင်တစ်ဦးတည်းတွင် တာဝန်ရှိသည်မဟုတ်ဘဲ အဖွဲ့အစည်းကို ဦးဆောင်ဦးရွက်ပြုသူ ‌ခေါင်းဆောင်မှသည် ဝန်ထမ်းအားလုံးတွင် တာဝန်ရှိသည်လည်းဖြစ်ပါသည်။ 

 

ပျော်ရွှင်သောလုပ်ငန်းခွင်ဆိုသည်မှာ အလုပ်တာဝန်များမရှိသောနေရာ၊ ဖိအားလုံးဝမရှိသော နေရာကို ဆိုလိုခြင်းမဟုတ်ပါ။ တာဝန်များရှိသော်လည်း မိမိလုပ်ဆောင်နေသောအလုပ်က အဓိပ္ပာယ်ရှိကြောင်း ခံစားရခြင်း၊ မိမိ၏ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုခံရခြင်း၊ အခက်အခဲရှိပါက တိုင်ပင်ဆွေးနွေးနိုင်မည့်သူများရှိခြင်းနှင့် မိမိ၏အမြင်ကို လွတ်လပ်စွာ ပြောဆိုနိုင်ခြင်းတို့ရှိသည့် လုပ်ငန်းခွင်ကို ပျော်ရွှင်သောလုပ်ငန်းခွင်ဟု ဆိုနိုင်ပါသည်။

 

အထူးသဖြင့် ယုံကြည်မှုသည် လုပ်ငန်းခွင်ပျော်ရွှင်မှု၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။ အထက်အရာရှိများအနေဖြင့် ဝန်ထမ်းများကို ယုံကြည်ပြီး တာဝန်ပေးအပ်ခြင်း၊ ဝန်ထမ်းများအနေ ဖြင့်လည်း မိမိတို့၏ခေါင်းဆောင်များနှင့် အဖွဲ့အစည်းအပေါ် ယုံကြည်မှုရှိခြင်းသည် လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုကိုလျော့နည်းစေပြီး အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်သည် လည်းဖြစ်ပါသည်။

 

လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျော့နည်းစေရန် ခေါင်းဆောင်များ၏ အခန်းကဏ္ဍက အလွန်အရေးကြီးပါသည်။ ဝန်ထမ်းတစ်ဦး အမှားလုပ်မိသည့်အခါ အပြစ်တင်ခြင်းထက် ဘာကြောင့်ဖြစ်ရသည်ကို နားလည်ရန်ကြိုးစားပေးခြင်း၊ အခက်အခဲ ကြုံတွေ့နေသည့်ဝန်ထမ်းကို နားထောင်ပေးခြင်း၊ ကောင်းမွန်စွာလုပ်ဆောင်နိုင်သည့်အခါ အသိ အမှတ်ပြုခြင်းနှင့် တာဝန်များကို သင့်တင့်မျှတစွာ ခွဲဝေပေးခြင်းတို့သည် ထိရောက်သောခေါင်းဆောင်မှု၏ လက္ခဏာများဖြစ်ပါသည်။

 

လူသားဆန်သောလိုအပ်ချက်များကိုလည်း နားလည်ပေးရန်လို

 

ဝန်ထမ်းများသည် စက်ပစ္စည်းများမဟုတ်ကြပါ။ သူတို့တွင် ခံစားချက်၊ မျှော်လင့်ချက်၊ အိပ်မက်နှင့် မိသားစုဘဝများရှိကြသည်။ ထို့ကြောင့် လုပ်ငန်းစွမ်းဆောင်ရည်ကိုမြှင့်တင်လိုသော အဖွဲ့အစည်းတစ်ခုသည် ဝန်ထမ်းများ၏ လူသားဆန်သောလိုအပ်ချက်များကိုလည်း နားလည်ပေးရန် လိုအပ်ပါသည်။ 

 

ဝန်ထမ်းဖြစ်သူကိုယ်တိုင်လည်း စိတ်ဖိစီးမှုလျှော့ချရန် လိုအပ်ပါသည်။ အလုပ်ကိုဦးစားပေးစီမံခြင်း၊ မလိုအပ်သောအလုပ်များကို လျှော့ချခြင်း၊ သင့်တင့်စွာအနားယူခြင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပွင့်လင်းစွာဆက်သွယ်ခြင်းနှင့် မိမိမနိုင်သော အလုပ်များကို သင့်တင့်စွာတင်ပြတောင်းဆိုခြင်းတို့သည် စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်သည့် ‌ဆောင်ရွက်ချက်များဖြစ်ပါသည်။

 

“အလုပ်အားလုံးကို တစ်ယောက်တည်းလုပ်မည်” ဟူသော စိတ်ထားသည် စိတ်ဖိစီးမှုကို ပိုမိုတိုးပွားစေနိုင်ပြီး တစ်ယောက်တည်းလုပ်ဆောင်ခြင်းထက် အဖွဲ့လိုက်လုပ်ဆောင်ခြင်းက တစ်ဦး၏ဝန်ကို တစ်ဦးက မျှဝေထမ်းပိုးပေးနိုင်ကြောင်း ကောင်းစွာနားလည်ထားရမည်ဖြစ်ပါသည်။ 

 

ဝန်ထမ်းများစိတ်ချမ်းသာပြီး လုပ်ငန်းခွင်တွင် ပျော်ရွှင်ပါက အလုပ်အပေါ် စိတ်ဝင်စားမှုနှင့် တာဝန်ယူမှုများ ပိုမိုမြင့်မားလာနိုင်ပြီး ထိုမှတစ်ဆင့် တီထွင်ဖန်တီးနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာနိုင်သည်ဖြစ်ရာ အဖွဲ့အစည်းတစ်ခုအနေဖြင့် “ဝန်ထမ်းတွေ အလုပ်ပြီးအောင်လုပ်နေကြသလား” ဆိုသည့် မေးခွန်းတစ်ခုတည်းကို မေးရန်မလုံလောက်တော့ပါ။ “ဝန်ထမ်းတွေ ဒီအလုပ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်နိုင်ကြရဲ့လား” ဆိုသည့် မေးခွန်းကိုလည်း မေးရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဝန်ထမ်းများ၏ ပျော်ရွှင်မှုသည် အဖွဲ့အစည်း၏အောင်မြင်မှုနှင့် တိုက်ရိုက်ဆက်နွှယ်နေသောကြောင့်ဖြစ်သည်။

 

အချုပ်အားဖြင့် ဝန်ထမ်းများ၏ပျော်ရွှင်မှု၊ လုံခြုံမှုနှင့် စိတ်ကျေနပ်မှုတို့သည် အဖွဲ့အစည်း၏ ရေရှည်အောင်မြင်မှုနှင့် တိုက်ရိုက်ဆက်စပ်နေပါ သည်။ ထို့ကြောင့် ယုံကြည်မှု၊ လေးစားမှုနှင့် နားလည်မှုတို့ကို အခြေခံ၍ စိတ်ဖိစီးမှုကင်းပြီး အားလုံးအတွက် အဆင်ပြေသော လုပ်ငန်းခွင်တစ်ရပ် ဖန်တီးပေးခြင်းသည် အဖွဲ့အစည်းတိုင်း၏တာဝန် တစ်ရပ်ဖြစ်သကဲ့သို့ ဝန်ထမ်းများ၏ပျော်ရွှင်မှုကို အဖွဲ့အစည်းအောင်မြင်ရေးအတွက် အရေးပါသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အဖြစ် အလေးထားဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။