ရန်ကုန် စက်တင်ဘာ ၁၄
ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး အုပ်စုပထမနေ့ကို စက်တင်ဘာ ၁၄ ရက်က စတင်ကျင်းပရာ မြန်မာအသင်းသည် တောင်ကိုရီးယားအသင်းကို ငါးဂိုးပြတ် အရေးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် အာရှထိပ်သီး တောင်ကိုရီးယားနှင့် ယှဉ်ပြိုင်ကစားရသောကြောင့် ရမှတ်ရယူနိုင်ရန်နှင့် ပေးဂိုးနည်းရန် အဓိကကြိုးပမ်းခဲ့ပြီး ငါးဂိုးခွင့်ပြုခဲ့ရသည်။
မြန်မာအသင်းသည် ၂၅ မိနစ်ဝန်းကျင်အထိ ဂိုးမပေးရအောင် ကစားနိုင်သော်လည်း ၂၈ မိနစ်တွင် ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီးနောက် ပထမပိုင်းတွင် သုံးဂိုး၊ ဒုတိယပိုင်းတွင်နှစ်ဂိုး ခွင့်ပြုခဲ့ရခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးအသင်း ပွဲထွက်လူစာရင်းတွင် ဝါရင့်ကစားသမားများဖြစ်သည့် အသင်းခေါင်းဆောင် ခင်မာလာထွန်းနှင့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းတို့က ဦးဆောင်ကာ မျိုးမြမြငြိမ်း(ဂိုး)၊ လင်းလဲ့ဦး၊ ဇွန်ယုယဦး၊ ယုယုနိုင်၊ မေသက်မွန် မြင့်၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ဝင်းဝင်း၊ ရူပါခိုင်တို့နှင့် တွဲဖက်အသုံးပြုခဲ့သည်။ တောင်ကိုရီးယားအသင်းအတွက် အနိုင်ဂိုးများကို ၂၈၊ ၃၂၊ ၅၉ မိနစ်တွင် ကင်မ်မင်ဂျီက ဟက်ထရစ်၊ ၃၇ မိနစ်တွင် ဂျေးဆယ်ဂျီနှင့် ၇၇ မိနစ်တွင် ချိုးယူရီတို့က သွင်းယူခဲ့သည်။ မြန်မာဂိုးသမား မျိုးမြမြငြိမ်းသည် တောင်ကိုရီးယားအသင်း ကန်သွင်းသည့် ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သဖြင့် ဂိုးထပ်မပေးရခြင်းဖြစ်သည်။ မြန်မာအသင်းပါဝင်သော အုပ်စု(F) အခြားပွဲတွင် မြောက်ကိုရီးယားအသင်းက ဘင်္ဂလားဒေ့ရှ်အသင်းကို ၁၀ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ မြန်မာအသင်းသည် အုပ်စု ဒုတိယပွဲအဖြစ် စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့် ကစားရမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF


