ဆာနား စက်တင်ဘာ ၁၄
ဆော်ဒီအာရေးဗျနိုင်ငံ အနောက်တောင်ပိုင်းရှိ လေတပ်အခြေစိုက်စခန်းတစ်ခုအား ဒုံးကျည်များနှင့် ဒရုန်းများအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ယီမင်နိုင်ငံရှိ ဟူသီစစ်သွေးကြွ အဖွဲ့က စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။
ယီမင်နိုင်ငံနယ်စပ်အနီး ခါမစ်မူရက်မြို့ရှိ ဘုရင်ခါလစ်လေတပ်စခန်းအား ဒုံးကျည်များ၊ ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာယီယာက ပြောကြားသည်။ ၎င်းတိုက်ခိုက်မှုသည် တိုက်လေယာဉ် သိုလှောင်ရုံများ၊ ရေဒါစနစ်များ၊ လေယာဉ်ပြေးလမ်းများ၊ လက်နက်ရုံများနှင့်အခြားစစ်ဘက်ဆိုင်ရာ အဆောက် အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ယခုတိုက်ခိုက်မှုသည် ယီမင်နိုင်ငံရှိ ဒေသများအား ပြီးခဲ့သည့်ရက်အတွင်းက ဆော်ဒီတိုက်လေယာဉ်များ၏ တိုက်ခိုက်မှုကို တုံ့ပြန်ခြင်းဖြစ်ကြောင်းနှင့် ယီမင်နိုင်ငံအတွင်း ဆောင်ရွက်နေသည့် လေကြောင်းတိုက်ခိုက်မှုများမရပ်ပါက ပြင်းထန်သောတိုက်ခိုက်မှုများဖြင့် တုံ့ပြန်မည်ဟု ၎င်းက ပြောကြားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


