စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စာကြည့်တိုက်များ (အပိုင်း-၁) ကက်ဆက်ဆတ်တက္ကသိုလ် စာကြည့်တိုက်၊ ထိုင်းနိုင်ငံ
ဒေါက်တာမျိုးကြွယ်(ပါမောက္ခချုပ်-ငြိမ်း)
ဩစတြေးလျနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ နယ်သာလန်နိုင်ငံနှင့် အာဆီယံနိုင်ငံအချို့ စသည့် ကမ္ဘာ့နိုင်ငံများ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းမှာ စိုက်ပျိုးမွေးမြူရေး ပညာအဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲ သင်ကြား၊ သုတေသနပြုလာမှုအပေါ် မူတည်၍ ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထိပ်တန်းရောက် နိုင်ငံဖြစ်နေခြင်းဖြစ်ပါသည်။
ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေး ပညာသင်ကြား၊ သုတေသနများ ဆောင်ရွက်နေမှုကို လေ့လာ၊ အတုယူနိုင်ရန် အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။
စာကြည့်တိုက်ဆိုလျှင် စာရေးသူ စာသင်ခဲ့သည့် မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့ အခြေခံပညာ အထက်တန်းကျောင်းစာကြည့်တိုက်မှ စရေးရမည်ထင်ပါသည်။ စာရေးသူ မှတ်မိသလောက် ၁၉၇၀-၁၉၇၃ ခုနှစ်များမှ စာရေးသူတို့ နယ်မြို့ကလေးတွင် သိပ္ပံခန်း (ရူပဗေဒသင်သော ဆရာ ဦးစိန်အောင် စီမံကွပ်ကဲပါသည်)၊ ကျောင်းဥယျာဉ်(ဆရာ ဦးစိုးသိန်း ကြီးကြပ်ပါသည်။ ဆရာ ယခုအထိ သက်ရှိထင်ရှား ရှိပါသေးသည်။ ဆရာက သဲကုန်းစိုက်ပျိုးရေး အထက ကျောင်းဆင်းတစ်ယောက်ပါ)နှင့် နောက်ဆုံး ကျောင်းစာကြည့်တိုက် အားလုံးရှိပြီး ကာတွန်းစာအုပ် (တေဇ၊ ရွှေသွေး ထင်ပါသည်) ဖတ်ရှုခြင်းက စခဲ့ပါသည်။
စာရေးသူ၏ အဖေ၊ အမေတို့က ကျောင်းဆရာများဖြစ်၍ ဘယ်မှမလည်ရ၊ မသွားရပါ။ တစ်ခါ တလေတော့ သားရေကွင်းပစ်၊ ကျောက်ဒိုး၊ သံလုံးလေးများဖြင့် ပိုက်ဆံအကြွေစေ့ ငါးပြား၊ ဆယ်ပြား စေ့ကလေးများထောင်ကာ ဒိုးပစ်ကစားခွင့်တော့ရပါသည်။ အိမ်မှာနေရသည်ကများ၍ အိမ်ကယူသော သတင်းစာ၊ ဂျာနယ် စသည်တို့ ဖတ်ရင်း စာဖတ်ဝါသနာပါခဲ့ပါသည်။ သတ္တမတန်းနှစ်လောက်ကပဲ ထင်ပါသည်။ ဝတ္ထု၊ မဂ္ဂဇင်းတွေလည်း စဖတ်နေပါ ပြီ။ ငယ်ငယ်က ဒိုးပစ်ဖက် သူငယ်ချင်းများ၊ စာအုပ် အငှားဆိုင်က ဒေါ်ကြည်အေးနှင့် မိသားစု(ဒေါ်ကြည် အေးကကွယ်လွန်သွားပါပြီ)လည်း ယခုထက်ထိ ဆင်ပေါင်ဝဲတွင် ရှိပါသေးသည်။
၁၉၇၃-၁၉၇၄ ခုနှစ် ဒသမတန်းတွင် စာရေးသူ အထက(၁) (မကွေး)သို့ ပြောင်းရွှေ့သင်ကြား ခဲ့ပါသည်။ မကွေး အထက(၁) စာကြည့်တိုက်က ဆင်ပေါင်ဝဲထက် ပိုစုံပါသည်။ သိပ်ပြီးတော့ မမှတ်မိ တော့ပါ။ စာရေးသူ ၁၉၇၄ ခုနှစ် စက်တင်ဘာလတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ် တက်ရ တော့ စာသင်ခန်းမ - ၂ အောက်ထပ်ရှိ စာကြည့်တိုက်၌ စာအုပ်စငှား၍ ရပါပြီ။ စိုက်ပျိုးရေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းများမှာ ရှားပါးမြန်မာစာအုပ်များထဲမှ တစ်ခုဖြစ်ပါသည်။ ထိုအချိန်က အတန်းကြီး ကျောင်းသား ကျောင်းသူများ လုပ်အားပေးနေသော မြန်မာစာပေအသင်းမှနေ၍ (စာရေးသူတို့အခေါ်- ချန်မာရီ- ဆရာများအဆောင်)တွင် ညနေ ၅ နာရီ မှ ည ၇ နာရီလောက်အထိ ဝတ္ထု၊ ဂျာနယ်၊ မဂ္ဂဇင်းများ ငှားရမ်းပေးပါသည်။ ငှားရမ်းခ အလကားလား၊ တစ်အုပ် ဆယ်ပြားလား မမှတ်မိတော့ပါ။
စာရေးသူတို့ ပထမနှစ်က ကင်းတားဆောင် (ယခုငွေတောင်ဆောင်)တွင် နေရပါသည်။ အဆောင် မှူးက ဆရာ ဦးညွန့်ရွှေ၊ အဆောင်နည်းပြ ဦးနေဝန်း ပေါ်နှင့် ဦးခင်မောင်နီတို့ ဖြစ်ပါသည်။ စာရေးသူနှင့် ဆင်ပေါင်ဝဲ ကိုသန်းထွန်း (ကိုရောဘတ် - ကွယ်လွန် သွားပါပြီ)က အပေါ်ဆောင် အောက်ထပ်အရှေ့ဘက်ခြမ်း အခန်းနံပါတ် - ၆၆ တွင် အတူနေခဲ့ရပါသည်။ အဆောင်နည်းပြ ဦးနေဝန်းပေါ်က ‘ဟေ့ကောင် မျိုးကြွယ် ကုန်သွယ်ရေး-၁ စာအုပ်ဆိုင်မှာ (စာသင်ခန်းမ - ၁ အောက်ထပ်တွင်ဖွင့်ပါသည်) အင်္ဂလိပ် အဘိဓာန်တွေ ဝယ်လို့ရတယ်’ဟု ပြောပါသည်။
ထိုအင်္ဂလိပ်အဘိဓာန်စာအုပ် (Learner English Dictionary)ကို ငွေကျပ် ၂၀ နှင့် ပြားစွန်း ပေးဝယ် ဖတ်ခဲ့ပါသည်။ ထိုစဉ်က အကြော်တစ်ခု ဆယ်ပြား၊ လက်ဖက်ရည် တစ်ခွက် ၂၅ ပြား၊ ခေါက်ဆွဲကြော် တစ်ပွဲ တစ်ကျပ်၊ ရေဆင်း-ပျဉ်းမနား ကျောက်ကားခ (လိုင်းကားမဟုတ်ပါ၊ ကျောက်ခဲသယ်သော အမိုးဖွင့် ကားကြီးများ) ပြားငါးဆယ်ပါ။ အခုခေတ် ခေါက်ဆွဲကျော်တစ်ပွဲ ငါးထောင်မှ တစ်သောင်းကျပ်နှင့် ချိန်ထိုးလျှင် စာရေးသူဝယ်ခဲ့သော အဘိဓာန်စာအုပ် တန်ဖိုးမှာ ယနေ့ခေတ်တန်ဖိုး လေးသောင်း၊ ငါးသောင်းခန့်နှင့် ညီမျှပါလိမ့်မည်။ ဒုတိယနှစ်လောက် ထင်ပါသည်။ ဆရာဦးနေဝန်းပေါ်ဆီမှ Random House Dictionary - Good Second hand စာအုပ်အဟောင်း (A4 Size) အရွယ်နဲ့ ငါးလက်မ လောက်အထူ၊ အညိုရောင် ကတ်ထူ အဖုံးနှင့်ပါ။ ငါးဆယ်ကျပ် ပတ်ဝန်းကျင်ထင်ပါသည်) ပေးဝယ်ပြီး ဖတ်ခဲ့ပါသည်။ ထိုခေတ်တွေတုန်းက အင်္ဂလိပ်စာလုံး အဓိပ္ပာယ် မသိလျှင် ယနေ့ ခေတ်လို အင်တာနက်က အဘိဓာန်ကြည့်၍မရပါ။ စာအုပ်မှသာ ကြည့်ရပါသည်။
ဒီလိုနှင့် ၁၉၇၉ ခုနှစ် စက်တင်ဘာလ ကျောင်းပြီးပြီး လယ်ယာသီးနှံဌာနတွင် နေ့စားလပေးလခနှင့် သရုပ်ပြအကူ စတင်ခဲ့ပါသည်။ စာရေးသူ၏ သူငယ်ချင်း ကိုဆန်ဂျေကူးမားနှင့်အတူပါ။ သူက အမေ ရိကန်နိုင်ငံသို့ ပြောင်းသွားပြီး ယခုကွယ်လွန်သွားပါပြီ။ ကျောင်းသားများကို စာသင်ရင်း ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ ဖွင့်လှစ်သည့် မဟာစိုက်ပျိုးရေးသိပ္ပံ- လယ်ယာသီးနှံဘာသာပါ (M.Agr.Sc. (Agronomy) တက်ရောက်ခဲ့ရပါသည်။
စာရေးသူ၏ သုတေသနကြီးကြပ်ဆရာ ဦးစံသိန်းနှင့် သုတေသနပြုလုပ်မည်ဖြစ်ပြီး ဘာသာခွဲ သီးနှံ ဇီဝကမ္မဗေဒ(Crop Physiology)ကို အထူးပြုခဲ့ပါသည်။ ထိုအခါ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စာကြည့်တိုက်ရှိ အင်္ဂလိပ်လို ပြဋ္ဌာန်းစာအုပ်များကို မွှေရနှောက်ရပါတော့သည်။ စာရေးသူ ကျောင်းသားဘဝ၊ ကျောင်းဆရာဘဝမှာ စာကြည့်တိုက်မှူး အဆက်ဆက်၊ ရေဆင်းစာတိုက်မှူးများ၊ စာလာပို့သူ အဆက်ဆက်အထိ စာရေးသူက သူငယ်ချင်းပေါင်းပေါင်းခဲ့ပါသည်။ စာကြည့်တိုက်မှူးများ ဆိုလျှင် ဦးကျော်မင်းဟန်၊ ဦးမြင့်သိန်း(အဘ)၊ ဒေါ်ဝင်းလဲ့လဲ့သန်း၊ နောက်ဆုံး ဒေါ်လှလှရီအထိ ပေါ့။ စာတိုက်ဘက်ကတော့ ဦးတင်မောင်နှင့် ကိုလှဝင်းပဲ မှတ်မိပါတော့သည်။ တက္ကသိုလ်စာအုပ်ဆိုင်မှ ဦးဘသန်းဆီကိုလည်း မကြာခဏရောက်ပါသည် (ထိုစဉ်က Reader’s Digest, Time and Newsweek Magazine များ တက္ကသိုလ်စာအုပ်ဆိုင်တွင် ဝယ်ယူ၍ ရပါသည်)။
ပထမဆုံးစာသင်ရသည်က ဒေါက်တာစိုင်းမြင့်လွင် (ဆရာက ကွယ်လွန်သွားပါပြီ)၏ အဆင့်မြင့် စာရင်းအင်းပညာကို စာရေးသူ၊ ကိုဆန်ဂျေး၊ ကိမိလဗေဒမှ ဆရာမ ဒေါ်ဖြူဖြူလွင်တို့နှင့် အတူတူတက်ခဲ့ ရပါသည်။ စတုတ္ထနှစ်မှာ စာရေးသူတို့တုန်းက ဆရာဦးသန်းအောင်၏ အခြေခံစာရင်းအင်းပညာ သင်ခဲ့ရတော့ မဟာသိပ္ပံမှာ အဆင့်မြင့်စာရင်းအင်းပညာ သင်ခဲ့ရပါသည်ပေါ့။ စာမေးပွဲက နှစ်ပတ်တစ်ကြိမ် လောက်စစ်တော့ ပထမဆုံးစာမေးပွဲမှာ ကျွန်တော် ဒီမိုင်းနပ် (D-) အမှတ်ရတာ အခုထိ မှတ်မိနေပါသည်။ (စာမေးပွဲက အမေရိကန်စနစ် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး American Grading System – A, A+, A-, B, C, D, E) စာမေးပွဲတွေပေါင်းပြီး ပျမ်းမျှအမှတ် (Grade Point Average) ရှာလျှင် ဒီ နှင့် အီး က ကျောင်းဆက်တက်၍မရပါ။ အေ၊ ဘီမှာက ပလတ်စ် (Plus +) မိုင်းနပ်စ် (Minus -) ခွဲခြားပါသေးသည်။ စာရင်းအင်းပညာ ရည်ညွှန်းစာအုပ်များ စပေးပြီ ပေါ့။ စာရေးသူတို့ စာကြည့်တိုက်သွားပြီး ရှာဖွေရ၊ ငှားရမ်းရပါတော့သည်။
ပြဋ္ဌာန်းစာအုပ်များမှာ Steel and Torrie ၏ Principles and procedures of Statistics တို့၊ Snedecor and Cochran ၏ Statistical Methods တို့၊ Cochran and Cox ၏ Experimental Designs စသည်တို့ပေါ့။ အဲဒီကတည်းက စာရင်းအင်းပညာနှင့် ရင်းနှီး လာခဲ့ပါပြီ။ စိုက်ပျိုးရေးတက္ကသိုလ် စာကြည့်တိုက်မှာလည်း ယနေ့အထိ စာရင်းအင်းစာအုပ် များစွာ ရှိပါသည်။
နောက်တစ်ဘာသာက ဆရာမကြီး ဒေါက်တာလှတင်ဦး၏ အဆင့်မြင့်အပင်ဇီဝကမ္မဗေဒ (Advan-ced Plant Physiology) ကို သင်ယူခဲ့ရပါသည်။ ဆရာမကြီးက အင်္ဂလိပ်စာကျွမ်းကျင်၊ စာရေးသူက မပြောတတ်ပြောတတ်နှင့် မိမိဆရာများဖြစ်သော ဦးဟန်ညွန့်၊ ဦးလှအောင်တို့နှင့်အတူတူ တက်ရောက် ခဲ့ရပါသည်။ ဆရာတို့မှာ အလွန်ထူးချွန်သော ဆရာ များဖြစ်သော်လည်း ထိုခေတ်က ယခုခေတ် ဆရာ၊ ဆရာမများလောက် နိုင်ငံခြား ပညာသင်ဆု မများခဲ့ပါ။ နောက်ပိုင်းနှစ်များတွင်တော့ ဆရာဦးလှအောင် က အင်္ဂလန်နိုင်ငံမှ မဟာသိပ္ပံဘွဲ့ ရရှိခဲ့ပါသည်။
မြန်မာပြည်၏ စိုက်ပျိုးရေးပညာသမိုင်းမှာ စိုက်ပျိုးရေးတက္ကသိုလ်အစအဖြစ် မန္တလေးတက္ကသိုလ်၏ စိုက်ပျိုးရေးပညာ မဟာဌာနကို ၁၉၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ သော်လည်း စိုက်ပျိုးရေးဆိုင်ရာ မဟာသိပ္ပံကို ၁၉၇၈ ခုနှစ်၊ စိုက်ပျိုးရေးဆိုင်ရာ ပါရဂူဘွဲ့ကိုတော့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှသာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
(က) ကက်ဆက်ဆတ်တက္ကသိုလ်စာကြည့်တိုက် (Library, KU, Thailand)
ထိုင်းနိုင်ငံ ကက်ဆက်ဆတ်တက္ကသိုလ် (Kasetsart University – KU) က ၁၉၄၇ ခုနှစ်ကျမှ စိုက်ပျိုးရေးကောလိပ်အနေဖြင့် ဖွင့်လှစ်ခဲ့ပြီး (ကျွန်တော်တို့မြန်မာနိုင်ငံထက် ၂၅ နှစ် နောက်ကျ ခဲ့ပါသည်) ယခုတော့ စိုက်ပျိုး၊ မွေးမြူရေး အခြေပြု မဟာဌာနပေါင်း များစွာပါဝင်သော ကျောင်းသား ကျောင်းသူ ငါးသောင်းခန့် သင်ကြားနေသည့် နိုင်ငံတကာ အဆင့်မြင့်တက္ကသိုလ်ကြီးဖြစ်နေပါပြီ။
စိုက်ပျိုးရေးဘွဲ့ကြိုသင်တန်းအနေဖြင့်ပင် မူလနေရာ ဘန်ကင်းပရဝဏ်၊ နယ်မြေ (Main Campus– Bang khen Campus) နှစ်စဉ်ဘွဲ့ရ ၁၅၀၀၊ ကီလို မီတာ ၈၀ လောက်ဝေးသော ကင်ပင်ဆန် ပရဝဏ်၊ နယ်မြေသစ် (New Campus – Kamphaensan Campus) (၁၉၇၉ ခုနှစ်တွင်မှ စတင်တည်ထောင် သည်။ ၁၂၇၂ ဟက်တာ ကျယ်ဝန်းပါသည်)တွင် ၁၀၀၀ ခန့် (စုစုပေါင်း စိုက်ပျိုးရေးကျောင်းသား ၂၅၀၀ ခန့်) နှစ်စဉ်မွေးထုတ်ပေးနေပါသည်။
ဒုတိယကမ္ဘာစစ်ပြီးမှ စတင်တည်ထောင်ခဲ့သည့် စိုက်ပျိုးရေးကောလိပ်ကလေးမှနေ၍ မဟာဌာန ပေါင်းများစွာ စိုက်ပျိုးမွေးမြူရေး မဟာဌာန၊ စိုက်ပျိုး ရေးဆိုင်ရာ နည်းပညာ မဟာဌာန၊ ငါးလုပ်ငန်း ဆိုင်ရာ မဟာဌာန၊ သစ်တောပညာ မဟာဌာန၊ စီးပွား ရေးပညာ မဟာဌာန၊ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ စီမံအုပ်ချုပ်မှု မဟာဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးပညာ မဟာဌာန၊ မွေးမြူရေးဆိုင်ရာ နည်းပညာ မဟာဌာန၊ လူမှုရေးသိပ္ပံမဟာဌာန၊ အင်ဂျင်နီယာ ပညာ မဟာဌာန၊ ပတ်ဝန်းကျင်ဆိုင်ရာ မဟာဌာန၊ ပညာရေး မဟာဌာန၊ သိပ္ပံပညာ မဟာဌာန၊ လူမှုနှင့် ဝိဇ္ဇာပညာ မဟာဌာန စသည်ဖြင့် ကျောင်းသား ကျောင်းသူ ငါးသောင်းကျော် တက်ရောက်သင်ကြားနေသည်မှာ အားကျစရာ ကောင်းလှပါသည်။
ထိုင်းနိုင်ငံတွင် ကက်ဆက်ဆတ်တက္ကသိုလ်အပြင် စိုက်ပျိုးရေးပညာ ဘွဲ့ကြိုဘွဲ့လွန် မွေးထုတ် နေသော ချင်းမိုင် (Chiang Mai University)၊ မေဂျို (Maejo University)၊ ကုမ်ခမ် (Khon Kaen Univer-sity)၊ အူဘွန် (Ubon Ratchathani University)၊ အိမ်ရှေ့မင်းသား ဆွန်ကလာ (Prince of Song Kla University)၊ နာရီဆူဝမ် (Naresuan Univer-sity)နှင့် အခြားတက္ကသိုလ်များစွာ အားလုံးပေါင်း လျှင် နှစ်စဉ် ထိုင်းနိုင်ငံ၌ စိုက်ပျိုး၊ မွေးမြူရေး၊ သစ်တောတက္ကသိုလ်များက နှစ်စဉ်ဘွဲ့ရ ၅၀၀၀ ဝန်းကျင် မွေးထုတ်ပေးနေသည်နှင့် စာရေးသူတို့ နိုင်ငံ စိုက်ပျိုးမွေးမြူရေးဆိုင်ရာတက္ကသိုလ်မှ နှစ်စဉ် ၁၀၀၀ ကျော်ခန့် မွေးထုတ်နေသည်ကို နှိုင်းယှဉ်ကြည့်နိုင်ပါသည်။
သူတို့စာကြည့်တိုက်ကိုတော့ ကျွန်တော် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်နှစ်ပတ်လည်နေ့ နိုင်ငံတကာ မိတ်ဆွေ၊ စိုက်ပျိုးရေးသိပ္ပံပညာရှင်များကို ဖိတ်ကြားရာ စာရေးသူတက်ရောက်ခဲ့ပြီး စာကြည့်တိုက်ပါ လေ့လာခဲ့ရပါသည်။ သုတေသနစာတမ်းဖတ်ပွဲ (KU Annual Research Conference) နှင့် အတူ တက္ကသိုလ် စိုက်ပျိုးမွေးမြူရေးပြပွဲ (Kasetsart Fair) အထိအောင် နှစ်စဉ်ကျင်းပပါသည်။
စာရေးသူ၏အတွေး
နိုင်ငံတကာတက္ကသိုလ်၊ သုတေသနဌာနများမှာ စာကြည့်တိုက်သည် နေ့တိုင်းနီးပါး၊ အချိန်ပြည့် ဖွင့်လှစ်ထားပါသည်၊ (ဥပမာ - အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ် လာမွန်စာကြည့်တိုက် Lamont Library, Harvard University, US) သည် တက္ကသိုလ် ကျောင်းသား ကျောင်းသူများအတွက် ၂၄ နာရီ (၇ ရက်လုံး) ဖွင့်ထားသည်ဟု ကြားသိရပါသည်။
မြန်မာနိုင်ငံရှိ စာကြည့်တိုက်များတွင် ကျောင်းသား ကျောင်းသူများ၊ သုတေသနပညာရှင်များ လာရောက်ဖတ်ရှုနိုင်ရန် -
(က) စာဖတ်ခန်းများသည် အသံဆူညံခြင်းမပြုဘဲ ငြိမ်သက်နေပြီး စာဖတ်ချင်သဖွယ်ပြင်ဆင်ပေးထားသင့်ပါသည်။ (ဥပမာ - စာကြည့်စားပွဲ၊ ကုလားထိုင်၊ လေအေးပေးစက် အစရှိသည်။)
(ခ) စာကြည့်တိုက်ကို လာချင်စိတ်၊ စာဖတ်ချင် စိတ်ရှိအောင် ရုံးသုံး (Desktop Computer)၊ လက်တော့ (Laptop Computer) ကွန်ပျူတာများ စီစဉ်ထားရှိပြီး အင်တာနက်၊ ဝိုင်ဖိုင်များ အလွယ် တကူ စီစဉ်ထားရှိသင့်ပါသည်။ (စာအုပ်၊ ဂျာနယ်များသာ အလွယ်ဖတ်ရှု၊ မိတ္တူကူး၊ သင်ခန်းစာ များ ပြန်လည်နားထောင်သာဖြစ်ရပြီး ဖေ့စ်ဘွတ်၊ တစ်တော့ အစရှိသည့် လူမှုကွန်ရက်များ၊ ရုပ်ရှင်၊ ဗီဒီယိုများ ကြည့်ရှု၍ မရအောင် စီစဉ်ထားရပါမည်။)
(ဂ) စာကြည့်ရင်း ပင်ပန်းလာပါက လန်းဆန်း သွားစေရန် ကော်ဖီဆိုင်အငယ်လေး (Kiosk, Coffee Shop)၊ အလိုအလျောက် ရေ၊ အအေး၊ မုန့် အလိုအလျောက်ရောင်းစက် (Vending Machine) အနီး အနားတွင် စီစဉ်ပေးထားသင့်ပါသည်။ (ဆူညံနေ၍ မရပါ။)


