မောင်ပီတိ
ရန်ကုန်မြို့၏ သာယာသော ညနေခင်းတစ်ခု ဖြစ်သည်။ နေရောင်ခြည် အနီရောင်သန်းစ ပြုချိန်ဖြစ်၍ ရပ်ကွက်ထဲရှိ လမ်းမများပေါ်တွင် သွားလာလှုပ်ရှားသူများဖြင့် စည်ကားလျက်ရှိသည်။ ရပ်ကွက်ထိပ်ရှိ ဒေါ်လှ၏ ကုန်စုံဆိုင်ရှေ့တွင်တော့ အမြဲတမ်းလိုလို ညနေခင်း လေညင်းခံရင်း စကားဝိုင်းဖွဲ့လေ့ရှိသည့် အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးဘ၊ အွန်လိုင်းမှတစ်ဆင့် အဝတ်အထည်နှင့် အလှကုန်ပစ္စည်းများ ရောင်းချနေသည့် အွန်လိုင်းဈေးသည်လေး မသီတာနှင့် နည်းပညာ ကုမ္ပဏီတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော လူငယ် မောင်ပီတိတို့ ရောက်ရှိနေကြသည်။
ဒေါ်လှက ဆိုင်ရှေ့ရှိ ပလတ်စတစ်ကုလားထိုင်များကို နေရာချပေးရင်း “ကဲ.. ဆရာကြီးနဲ့ သီတာတို့ ထိုင်ကြဦး။ ဒီနေ့တော့ ရာသီဥတုက တော်တော်လေး ပူတယ်နော်။ မောင်ပီတိကော အလုပ်ကနေ အခုမှ ပြန်ရောက်တာလား” ဟု နှုတ်ဆက်လိုက်သည်။
မောင်ပီတိက လွယ်အိတ်ကိုချရင်း “ဟုတ်တယ် အန်တီလှရေ.. ဒီနေ့အလုပ်မှာ Meeting တွေ များနေလို့ နည်းနည်းနောက်ကျသွားတာ” ဟု ပြန်ဖြေသည်။
ထိုအချိန်တွင် ဦးဘ၏ ကိုယ်ကျပ်အိတ်ကပ်ထဲမှ စမတ်ဖုန်းလေးထံမှ ‘တီ’ ဆိုသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဦးဘက မျက်မှန်ကို သေချာတပ်ကာ ဖုန်းကို ထုတ်ကြည့်လိုက်သည်။ ဖန်သားပြင် ကို ကြည့်ရင်း ဦးဘ၏ မျက်မှန်အောက်မှ မျက်လုံးများ ကျယ်သွားပြီး မျက်နှာပေါ်တွင် အံ့သြဝမ်းသာ သည့် အရိပ်အယောင်များ ပေါ်လာသည်။
“မောင်ပီတိရေ... မင်း ဒီဖုန်းလေး နည်းနည်း လာကြည့်ပေးစမ်းပါဦးကွာ။ ငါ့ဖုန်းထဲကို မက်ဆေ့ချ် တစ်ခု ဝင်လာတယ်။ ‘လူကြီးမင်း၏ ဖုန်းနံပါတ်သည် ကံစမ်းမဲ သိန်း ၅၀ ပေါက်ပါသည်’ ဆိုလားပဲ။ လင့်(ခ်) လေးနှိပ်ပြီး ငွေလွှဲလက်ခံဖို့ KPay PIN လေး ထည့်ခိုင်းနေလို့။ ငါလည်း မျက်စိက သိပ်မကောင်းတော့ သေချာမမြင်ရဘူး ဖြစ်နေတယ်” ဟုဆိုကာ ဦးဘက ဖုန်းကို မောင်ပီတိထံသို့ လှမ်းပေးလိုက်သည်။
မောင်ပီတိက ဖုန်းကို လှမ်းယူကြည့်လိုက်ပြီးနောက် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချကာ ဖုန်းကို ဦးဘထံ ပြန်ပေးလိုက်ပြီး “ဟာ... ဦးဘ၊ တော်သေးတာပေါ့ ကျွန်တော့်ကို အရင်ပြလို့။ ဒါ နိုင်ငံခြားကနေဖြစ်ဖြစ်၊ ပြည်တွင်းကဖြစ်ဖြစ် လိမ်စားနေတဲ့ လူလိမ်တွေပို့တဲ့ လင့်(ခ်)အတုခင်ဗျ။ ဦးဘသာ အဲဒီလင့်(ခ်)ကိုနှိပ်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ PIN နံပါတ်တွေ ထည့်လိုက်ရင် ဦးဘအကောင့်ထဲက စုဆောင်းထားတဲ့ ပိုက်ဆံတွေ အကုန်ပါသွားတော့မှာ။ အခုခေတ်က အပြင်မှာ လူကိုယ်တိုင် လာလိမ်တာထက် ဖုန်းထဲကနေ လှမ်းလိမ်နေကြတာ ပိုများတယ်ဗျ။”
ဘေးနားတွင် ထိုင်နေသော မသီတာကလည်း ထိတ်လန့်သွားသည့်ဟန်ဖြင့် “ဟုတ်တယ် ဦးဘရဲ့။ သမီး သူငယ်ချင်းဆို ပြီးခဲ့တဲ့လကပဲ သူ့ဖေ့စ်ဘွတ် အကောင့်အဟက်ခံရလို့လေ။ သူ့အကောင့်ကနေ သူငယ်ချင်းတွေဆီ ‘အရေးပေါ် ငွေလိုနေလို့ KPay ကနေ ငါးသောင်းလောက် လွှဲပေးပါ’ ဆိုပြီး လိုက်ချေးတာ။ တော်တော်လေး ပြဿနာတက်သွားတာ။ ဖုန်းတစ်လုံးကို သုံးတတ်ရုံနဲ့ မရတော့ဘူး၊ လုံခြုံအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာပါ သိမှဖြစ်တော့မယ်” လို့ ဝင်ရောက်ထောက်ခံလိုက်သည်။
ဆိုင်ရှင် ဒေါ်လှကလည်း ကွမ်းယာထုပ်နေရင်းမှ “အေးဟယ်.. ငါလည်းဆိုင်မှာ ပစ္စည်းဖိုး ရှင်းရင် ဖုန်းနဲ့ပဲ အမြဲရှင်းနေရတာဆိုတော့ နားထောင်ရင်းနဲ့ ကြက်သီးတောင် ထလာပြီ။ ကိုယ့်ဖုန်းထဲမှာက ဘဏ်အကောင့်တွေရော အကြွေးမှတ်ထားတဲ့ စာရင်းတွေကော အကုန်ရှိတာ” ဟု စိုးရိမ်တကြီး ဝင်ပြောသည်။
ဦးဘက ခေါင်းတညိတ်ညိတ်ဖြင့် “အေးကွာ... ငါတို့လို အသက်ကြီးတဲ့လူတွေက ဒီဖုန်းတွေကို သုံးသာသုံးနေတာ၊ ဘယ်လိုကာကွယ်ရမလဲဆိုတာ သေချာနားမှ မလည်တာ။ မင်းတို့ လူငယ်တွေက သိရင်လည်း ငါတို့ကို နားလည်အောင်၊ နေ့တိုင်း သတိထားလို့ရအောင် သေချာလေး ရှင်းပြကြဦး လေ” ဟု တောင်းဆိုလိုက်သည်။
မောင်ပီတိက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
“သေချာတာပေါ့ ဦးဘရဲ့။ ဖုန်းလုံခြုံရေးဆိုတာ တကယ်တော့ သိပ်ခက်ခဲတဲ့ ကိစ္စကြီး မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေ့စဉ်အကျင့်လေးတွေကို နည်းနည်းပြင်လိုက်ရုံပါပဲ။ ဒီနေ့ခေတ်မှာ ဖုန်းတစ်လုံးရှိရုံနဲ့ အင်တာနက်အသုံးပြုပြီး အချင်းချင်းဆက်သွယ်တာ၊ သီချင်းနားထောင်တာ၊ ဇာတ်ကားကြည့်တာ တွေအပြင် ငွေလွှဲငွေထုတ်တာနဲ့ ဈေးဝယ်တာတွေကိုပါ လွယ်လွယ်ကူကူနဲ့ လုပ်နိုင်လာပြီလေ။ ဟိုးအရင်တုန်းကဖုန်းဆိုရင်“ဟယ်လို”လို့ နှုတ်ဆက် ပြီး ဖုန်းခေါ်ဖို့နဲ့ စာတိုပို့ဖို့အတွက်ပဲ အသုံးပြုခဲ့ကြ ပေမယ့် နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ ဒီနေ့ခေတ်မှာတော့ မိုဘိုင်းဖုန်းက ဆက်သွယ်ရေးကိရိယာတစ်ခုအဖြစ်သာမကဘဲ ကျွန်တော်တို့ရဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်တဲ့ “ဒီဂျစ်တယ်ပိုက်ဆံအိတ်” တစ်ခု ဖြစ်လာပါတယ်။”
မသီတာက “ဟုတ်တယ် မောင်ပီတိ။ အခုဆို သမီးတို့ ဈေးဝယ်ရင်လည်း ဖုန်းပဲ၊ ပိုက်ဆံလွှဲရင်လည်း ဖုန်းပဲ။ မှတ်ပုံတင် ဓာတ်ပုံတွေကအစ ဖုန်းထဲမှာပဲ သိမ်းထားတာ” ဟု ထောက်ခံသည်။
မောင်ပီတိက ဆက်လက်၍ “အဲဒါကြောင့်မို့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိမ်းဆည်းထားတဲ့ “ဒီဂျစ်တယ်မှတ်တမ်း” တစ်ခုနဲ့ နေ့စဉ်ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာပြီလေ။ ဒါပေမယ့် မိုဘိုင်းဖုန်းရဲ့ အရေးပါမှု မြင့်မားလာတာနဲ့အမျှ လုံခြုံရေးဆိုင်ရာ အန္တရာယ် တွေကလည်း တိုးပြီးဖြစ်လာပါတယ်။ ဖုန်းပျောက် ဆုံးတာတွေ၊ သူခိုးခိုးခံရတာတွေ၊ ဖုန်းထဲက ကိုယ်ရေးအချက်အလက်တွေ ခိုးယူခံရတာတွေ ဒါမှမဟုတ် အကောင့်တွေကို အလွဲသုံးစားလုပ်ခံရတာတွေ ကြုံလာပြီဆိုရင်တော့ ငွေကြေးဆုံးရှုံးမှုတွေသာမက ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှု၊ မိသားစုနဲ့ လူမှုဂုဏ်သိက္ခာတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။”
ဦးဘက သက်ပြင်းချကာ “အေးပါကွာ.. ငါလည်း အခုမှပဲ သဘောပေါက်တော့တယ်။ ဒါဆို ငါတို့ဖုန်း တွေကို သူခိုး ဓားပြရန်ကနေ၊ အွန်လိုင်းက လူလိမ်တွေ ရန်ကနေ ဘယ်လိုကာကွယ်ရမလဲဆိုတာ သေချာလေးပြောပြပါဦး” ဟု မေးမြန်းလိုက်သည်။
မောင်ပီတိက ကိုယ်ဟန်ကို နည်းနည်းပြင် ထိုင်လိုက်ပြီး လည်ချောင်းရှင်းလိုက်ရင်း သေသေချာချာ စပြီး ရှင်းပြပါတော့သည်။
“ပထမဆုံးအနေနဲ့ ဒီဂျစ်တယ် ပိုက်ဆံအိတ် ဒါမှမဟုတ် ဒီဂျစ်တယ်ဘဏ်စာအုပ်ဖြစ်တဲ့ ကိုယ့်ရဲ့ လက်ကိုင်ဖုန်းကို အရေးပေါ်ဖုန်းဆက်ဖို့ဆိုပြီး အခြားသူတွေကို ငှားမပေးဖို့နဲ့ ဖုန်းပျက်လို့ ဖုန်းဆိုင် တွေကို အပ်ဖို့လိုလာပြီဆိုရင် ကိုယ့်ရဲ့မီဒီယာတွေနဲ့ အကောင့်တွေကို Log out လုပ်ဖို့နဲ့ စိတ်ချရပြီး ရင်းနှီးတဲ့ ဖုန်းဆိုင်ကိုသာ အပ်နှံပြီး ပြင်သင့်ပါတယ် ဦးဘနဲ့ အန်တီလှတို့ရေ။ ဒါ့အပြင် အစိုးရနဲ့ ဆိုက်ဘာ လုံခြုံရေး ပညာရှင်တွေက ပြည်သူတွေ အလွယ် တကူ မှတ်သားနိုင်အောင် PRI-FLOWS ဆိုတဲ့ လုံခြုံရေးအခြေခံမူလေးကို ချမှတ်ထားပါတယ်။ ဒီအချက်လေးတွေကို လိုက်နာရင် ဖုန်းလုံခြုံရေးအတွက် အများကြီးစိတ်ချရပြီ။ ဒါကြောင့် အားလုံး သိထားရမယ့် မိမိ မိုဘိုင်းဖုန်းကို ဘယ်လိုကာကွယ်ကြမလဲဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဒီ PRI-FLOWS အချက်လေးတွေနဲ့ အရေးကြီးတဲ့ အလေ့အကျင့်တွေ ကို တစ်ခါတည်းပေါင်းပြီး ရှင်းပြမယ်။”
မိမိ မိုဘိုင်းဖုန်းကို ဘယ်လိုကာကွယ်ကြမလဲ၊
မောင်ပီတိက လက်တစ်ချောင်းကို ထောင်ပြ လိုက်ပြီး “ပထမဆုံး PRI-FLOWS ရဲ့ P ပါ။ P ဆိုတာ Password နဲ့ PIN တွေကို ပြောတာပါ။”
“လူအများစုက ဖုန်းသုံးရတာ လွယ်အောင်ဆိုပြီး ဘာ Password မှ မခံထားကြဘူး။ အဲဒါက အိမ်တံခါးကို မပိတ်ဘဲ အပြင်ထွက်သွားသလိုပဲ။ ဒါကြောင့် ဖုန်းကို အသုံးမပြုချိန်တိုင်း အလိုအလျောက် ပိတ်ဖြစ်အောင်ထားပြီး ပြန်ဖွင့်ရာတွင် လျှို့ဝှက် နံပါတ် (PIN)၊ မျဉ်းဆွဲပုံစံ (Pattern) သို့မဟုတ် လက်ဗွေ (Fingerprint) စနစ် တစ်ခုခုကို မဖြစ်မနေ အသုံးပြုပါ။ ပြီးတော့ အဲဒီ လျှို့ဝှက်နံပါတ်တွေကို '1234' တို့၊ မိမိမွေးသက္ကရာဇ်တို့လို ခန့်မှန်းရလွယ် တာတွေ လုံးဝ မပေးရဘူး။”
ဦးဘက ခေါင်းကုတ်ရင်း “ငါ့ဖုန်းက 1234 ပဲ ဟေ့.. အခုပဲ ချက်ချင်း ပြောင်းမှပါ” ဟုဆိုကာ ဖုန်း ကို ထုတ်၍ ကုတ်နံပါတ် ပြင်ဆင်လေသည်။
မောင်ပီတိက ပြုံး၍ ဆက်ပြောသည်။ “နောက်တစ်ခုက PRI-FLOWS ရဲ့ R ဖြစ်တဲ့ Regular check က ပုံမှန်စစ်ဆေးတာပါ။ App တွေက တောင်းတဲ့ ခွင့်ပြုချက်တွေကို စိစစ်ရမယ်။ ပြီးတော့ ဆော့ဖ်ဝဲတွေကို အမြဲ Update လုပ်ပေးရမယ်။ ပိုအရေးကြီးတာ တစ်ခုက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိမ်းဆည်းတဲ့ကိစ္စပဲ။”
“တချို့က မေ့တတ်လို့ဆိုပြီး ဖုန်းထဲမှာ အရေး ကြီးတဲ့ လျှို့ဝှက်နံပါတ်တွေကို ရေးမှတ်ထားတတ် ကြတယ်။ ဒါက အလွန်အန္တရာယ်များတယ်။ ကိုယ့်ရဲ့ KPay နံပါတ်တွေ၊ ဖေ့စ်ဘွတ် စကားဝှက်တွေကို ဖုန်းထဲက “မှတ်စု” ထဲမှာဖြစ်စေ၊ ဖုန်း Contact စာရင်းထဲမှာ နာမည်တုတစ်ခုပေးပြီးဖြစ်စေ မမှတ် ထားပါနဲ့။ မေ့တတ်တယ်ဆိုရင်တော့ မှတ်စုစာအုပ် ငယ်ထဲမှာသာ ချရေးထားပါ။ ဖုန်းပျောက်သွားရင် အဲ့ဒီဖုန်းထဲက မှတ်စုတွေကနေတစ်ဆင့် သူခိုးက အကောင့်တွေကို အလွယ်တကူ ဝင်နိုင်သွားလိမ့် မယ်။”
ဒေါ်လှက ဝင်၍ “အေးဟယ်.. အန်တီလည်း ငွေလွှဲတဲ့ PIN နံပါတ်ကို ဖုန်းထဲက Note ထဲမှာ မှတ်ထားတာ။ အခုပဲ ဖျက်ပစ်မှပါ” ဟုဆိုကာ သူ(မ) ၏ ဖုန်းကို ကပျာကယာ နှိပ်လေသည်။
“ဟုတ်တယ် အန်တီလှ၊ အပြင် စာအုပ်လေးထဲ မှာပဲ သေချာရေးပြီး အိမ်က သေတ္တာထဲ ထည့်ထား လိုက်ပါ။” ကဲ.. ဆက်ရအောင်။ I ကတော့ Inspection သေချာကြည့်ရှုစစ်ဆေးတာပါ။ အွန်လိုင်းကနေ ဖုန်းထဲကိုဝင်လာတဲ့ အီးမေးလ်တွေ၊ မက်ဆေ့ချ်တွေ၊ အသိပေးချက်တွေကို အပေါ်ယံကြည့်ပြီး မယုံဘဲ သေချာစစ်ရမယ်။ ဥပမာ - ဘဏ်က ပို့တယ်ဆိုရင် တောင် တရားဝင် အီးမေးလ်လိပ်စာ ဟုတ် မဟုတ်၊ စာလုံးပေါင်း မှားယွင်းနေတာ ရှိ မရှိ ကြည့်ရမယ်။ လိမ်တဲ့သူတွေက နာမည်ကို ခပ်ဆင်ဆင်လေးတွေ သုံးပြီး လှည့်စားတတ်ကြတယ်။ ဆော့ဖ်ဝဲစနစ်တွေနဲ့ အက်ပ်တွေကိုလည်း အမြဲမပြတ်ကြည့်ရှု စစ်ဆေးပြီး Update လုပ်ပေးဖို့ လိုပါတယ်။
PRI-FLOWS ရဲ့ F ကတော့ File လို့ခေါ်တဲ့ ဖိုင် တွေ၊ အချက်အလက်တွေဖြစ်ပါတယ်။ အင်တာနက် ဒါမှမဟုတ် မက်ဆေ့ချ်ကနေ ကိုယ်သေချာမသိတဲ့ ဖိုင် (File) တွေကို လွယ်လွယ်နဲ့ ဒေါင်းလုခ် မလုပ်ဖို့ ပါ။ အဲဒီဖိုင်တွေထဲမှာ ဖုန်းထဲက အချက်အလက်တွေ ကိုခိုးယူမယ့် ဗိုင်းရပ်စ် (Virus/Malware) တွေ ပါလာ နိုင်တယ်။
“နောက်ထပ် အရေးကြီးဆုံးက L ပါ။ L ဆိုတာ Links တွေကို သတိထားဖို့။ ဥပမာ ခုနက ဦးဘဆီ ဝင်လာတဲ့စာမျိုး၊ မသိတဲ့ Viber နံပါတ်တွေကနေ နိုင်ငံခြားစာတွေနဲ့လာတဲ့ လင့်(ခ်)မျိုးတွေကို လုံးဝ မနှိပ်ရဘူး။ ဒါတွေက ဖုန်းထဲကို ဗိုင်းရပ်(စ်) သွင်းပြီး အချက်အလက်တွေ ခိုးယူမယ့် ထောင်ချောက်တွေပဲ။”
မသီတာက ဝင်ထောက်သည်။ “ဟုတ်တယ်နော်၊ အခုဆို Viber မှာ မသိတဲ့ နံပါတ်တွေကနေ လင့်(ခ်)တွေ ပို့ပို့လာတတ်တယ်။ သမီးတော့ အဲ့ဒါဆို အကုန်ဘလော့တာပဲ။”
“မှန်တယ် မသီတာ။ နောက်တစ်ခု O ဆိုတာ ကတော့ OTP တွေကို ဂရုစိုက်ဖို့ပါ။ ဖုန်းထဲကို ဝင်လာတဲ့ တစ်ကြိမ်သုံးလျှို့ဝှက်ကုတ် OTP ဟာ ကိုယ့်ရဲ့နောက်ဆုံးခံတပ်ပဲ။ ဘဏ်ဝန်ထမ်း၊ အစိုးရ ဝန်ထမ်းအပါအဝင် ဘယ်သူကပဲ ဖုန်းဆက်တောင်းတောင်း လုံးဝမပေးရဘူးဆိုတာ သတိထား ရမယ်။
လူမှုကွန်ရက်တွေပေါ်မှာ ကိုယ့်ရဲ့မှတ်ပုံတင် တွေ၊ ဘဏ်အကောင့်တွေ မတင်သင့်ဘူး။ ပြီးတော့ ဖုန်းထဲကိုဝင်လာတဲ့ ဂဏန်း ၆ လုံးပါတဲ့ တစ်ကြိမ် တစ်ခါသုံး လျှို့ဝှက်ကုတ် OTP (One Time Pass- word) ကို ဘယ်သူက ဖုန်းဆက်တောင်းတောင်း လုံးဝမပေးရဘူး။ အစိုးရဝန်ထမ်း၊ ဘဏ်ဝန်ထမ်း ဘယ်သူမှ OTP ကို မတောင်းဘူးဆိုတာ မြဲမြဲမှတ် ထားပါ။”
“နောက်တစ်ခု W ကတော့ WiFi လုံခြုံရေးပါ။ အပြင်ရောက်တဲ့အခါ ကော်ဖီဆိုင်တွေ၊ ကားဂိတ် တွေမှာ Free WiFi ရရင် အလွယ်တကူသုံးပြီး ငွေလွှဲတာမျိုး၊ အရေးကြီးတဲ့ အကောင့်ဝင်တာမျိုး လုံးဝမလုပ်သင့်ဘူး။ သူခိုးတွေက အဲဒီလုံခြုံမှုမရှိတဲ့ WiFi ကနေတစ်ဆင့် ကိုယ့်အချက်အလက်တွေကို ကြားဖြတ်ခိုးယူသွားနိုင်တယ်။”
“နောက်ဆုံး S ကတော့ Share လို့ခေါ်တဲ့ မျှဝေတာကို သတိထားဖို့ပါ။ အွန်လိုင်းလူမှုကွန်ရက်တွေ ပေါ်မှာ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက် တွေ၊ မှတ်ပုံတင်၊ ဘဏ်အကောင့် စာရွက်စာတမ်း တွေ၊ ခရီးသွားမယ့်အစီအစဉ်တွေနဲ့ နေရပ်လိပ်စာ တွေကို အလွန်အကျွံ မျှဝေတာတွေကို အထူးသတိ ထား ဆင်ခြင်ဖို့ပါ။ လိမ်လည်သူတွေက ကိုယ်မျှဝေလိုက်တဲ့ အချက်အလက်တွေကိုသုံးပြီး ခြေရာခံ လိမ်လည်နိုင်လို့ပါ။”
စကားဝိုင်းမှာ ခဏတာ တိတ်ဆိတ်သွားသည်။ အားလုံးက မောင်ပီတိပြောပြသည့် အချက်များကို ခေါင်းထဲတွင် စဉ်းစားမှတ်သားနေကြသည်။ ထိုစဉ် ဒေါ်လှက စိုးရိမ်တကြီးဖြင့် မေးခွန်းတစ်ခု ထပ်မေး လိုက်သည်။
“မောင်ပီတိရယ်.. မင်းပြောတဲ့အတိုင်း အန်တီတို့ကတော့ သတိထားပါ့မယ်။ ဒါပေမယ့် လူဆိုတာ သတိလွတ်တတ်တဲ့ အချိန်ရှိတယ်လေ။ အပြင်သွားရင်း ကားပေါ်မှာ ဖုန်းအခိုးခံရတာမျိုး၊ ဒါမှမဟုတ် ဈေးထဲမှာ ဖုန်းကျန်ခဲ့တာမျိုး တကယ်လို့ ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ။ ဖုန်းထဲက ငွေ တွေ၊ အချက်အလက်တွေ အကုန်ပါသွားပြီလား”
မောင်ပီတိက ဒေါ်လှကို စိတ်အေးစေရန် ပြုံးပြလိုက်ပြီး “အန်တီလှ အလွန်မပူပါနဲ့။ အဲ့ဒီလို အခြေအနေမျိုးကြုံလာခဲ့ရင် ချက်ချင်းလုပ်ရမယ့် အရေးပေါ်အဆင့်တွေ ရှိပါတယ်။”
“တကယ်လို့ ဖုန်းပျောက်ဆုံးသွားခဲ့ရင်တော့ ဒီအချက်တွေကို ချက်ချင်းလုပ်ဖို့တော့ လိုလိမ့်မယ် အန်တီလှရေ -
ပထမဆုံးအနေနဲ့ ကိုယ်သုံးနေတဲ့ ဘဏ်/KPay/AYA Pay/Wave Pay စတဲ့ မိုဘိုင်းသုံးဘဏ် အကောင့်တွေရဲ့ သက်ဆိုင်ရာ Call Center ကို ချက်ချင်းဆက်သွယ်ပြီး အကောင့်ကို ပိတ်ခိုင်းပါ။ (ဒီအတွက် ကိုယ့်မိသားစုဝင်တွေ ဒါမှမဟုတ် မိတ်ဆွေတွေရဲ့ဖုန်းကို အမြန်ငှားပြီး ဆက်ရပါမယ်။ )
ဒုတိယအချက်အနေနဲ့ ကိုယ်သုံးနေတဲ့ ဖုန်း ဆင်းမ်ကတ်(Atom, MPT, Mytel, Ooredoo)ရဲ့ ရုံးဌာနကို သွားရောက်ပြီး ဆင်းမ်ကတ်ကို ပိတ်ခိုင်းပါ။ အဲဒီလိုဆင်းမ်ကတ်ကိုပါ ပိတ်လိုက်ပြီဆိုရင် လူလိမ်တွေက OTP ကုတ်တွေကို ထပ်ပြီးသုံးနိုင်တော့မှာ မဟုတ်ပါဘူး။ OTP မရရင် သူတို့ငွေလွှဲလို့လည်း မရတော့ပါဘူး။”
ဦးဘက အားရပါးရ ခေါင်းညိတ်လိုက်ပြီး “ဟာ.. ရှင်းသွားပြီကွာ။ ဒီလိုအရေးပေါ် ဘယ်လိုလုပ်ရမ လဲဆိုတာကို သိထားတော့ စိတ်နည်းနည်းအေး သွားတာပေါ့။ ငါတို့က ဖုန်းပျောက်ရင် အကုန်ပါသွား ပြီလို့ပဲ ထင်နေကြတာကိုး” ဟု ဆိုသည်။
ညနေစောင်း လေညင်းလေးက ဆက်တိုက် တိုက်ခတ်နေပြီး ဒေါ်လှဆိုင်ရှေ့က စကားဝိုင်းလေး ကတော့ ဖုန်းလုံခြုံရေး အသိပညာတွေနဲ့အတူ နွေးထွေးစွာ ဆက်လက်လည်ပတ်နေပါတော့သည်။ ရပ်ကွက်ထဲရှိ ကလေးငယ်များ၏ ခြင်းလုံးခတ်သံ များ၊ လမ်းသွားလမ်းလာများ၏ စကားသံများ အကြားတွင် သူတို့လေးဦး၏ ဆွေးနွေးမှုသည် အလွန်အကျိုးရှိလှပေသည်။
မောင်ပီတိက နိဂုံးချုပ်အနေဖြင့် “ဦးဘ၊ အန်တီလှနဲ့ မသီတာတို့ရေ.. အမြဲတမ်းသတိရနေရ မယ့် အချက်လေးတစ်ခုကို ထပ်ပြောပြချင်ပါတယ်။ ဒီနေ့ခေတ်မှာ “မိုဘိုင်းဖုန်း” ဆိုတာက စကားပြော ဆက်သွယ်ရေးကိရိယာတစ်ခုတည်း မဟုတ်တော့ ဘဲ ကျွန်တော်တို့ရဲ့ ငွေကြေးအချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်တွေနဲ့ ဒီဂျစ်တယ် ဘဝတစ်ခုလုံးကို သယ်ဆောင်ထားတဲ့ အရေးကြီး လှတဲ့ “ဒီဂျစ်တယ်ကိုယ်ပွား” တစ်ခုဖြစ်နေပါပြီ။ ဒါကြောင့် ဖုန်းလုံခြုံရေးကို ဂရုမစိုက်ဘဲ လျစ်လျူ ရှုခြင်းက ကိုယ့်ရဲ့ငွေကြေးနဲ့ ဂုဏ်သိက္ခာကို အန္တရာယ်ထဲကို ပို့နေတာနဲ့တူပါတယ်။ ကျွန်တော် တို့ ရပ်ကွက်ထဲက လူတွေအားလုံး ဒီ PRI-FLOWS နည်းလမ်းလေးတွေနဲ့ အခုပြောပြခဲ့တဲ့ အချက်လေး တွေကို အမြဲသတိထားပြီး လိုက်နာမယ်ဆိုရင် ကိုယ့်ရဲ့ ‘ဒီဂျစ်တယ်ကိုယ်ပွား’ လေးကို လုံလုံခြုံခြုံနဲ့ စိတ်ချမ်းချမ်းသာသာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်” ဟု ပြောကြားလိုက်သည်။
ဦးဘက သူ၏စမတ်ဖုန်းလေးကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ထားရင်း ကျေနပ်စွာ ပြုံးလိုက်သည်။ သူ၏ “1234” ဆိုသော လျှို့ဝှက်ကုတ်ကို သူသာသိသည့် ခက်ခဲသောနံပါတ်တစ်ခုသို့ ပြောင်းလဲ ပြီးဖြစ်ကြောင်း၊ တော်ရုံတန်ရုံ လင့်(ခ်)များကို လည်း မနှိပ်တော့ကြောင်း သူ့ကိုယ်သူကတိပေးလိုက် သည်။
တကယ်တော့ နည်းပညာဆိုတာ အလှမ်းဝေးတဲ့ အရာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲမှာ သတိလေးနည်းနည်းထားပြီး စနစ်တကျ အသုံးပြုတတ်ရင် အင်မတန်အကျိုးရှိတဲ့ အရာတစ်ခုဖြစ်ကြောင်း ဒီရပ်ကွက်လေးထဲက လူတွေလည်း ကောင်းကောင်းကြီး နားလည်သွားကြပါပြီ။ ။


