ကိုကျော်စွာ(ကျိုက်ပိ)
ယနေ့ခေတ်တွင် သဘာဝဘေးအန္တရာယ်က နိုင်ငံအသီးသီးကို ခြိမ်းခြောက်လျက်ရှိသည်။ နိုင်ငံအချို့၌ သဘာဝဘေးအန္တရာယ်ကျရောက်မှုသတင်းများကို မကြာခဏကြားသိနေရသည်။ သဘာဝဘေးအန္တရာယ်သည် လူသားနှင့် အခြားသောသက်ရှိတို့အတွက် လွန်စွာအန္တရာယ်များလှသည်။ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာပေါ်တွင် သဘာဝဘေးကြောင့် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ကြဖို့ လိုအပ်ပါသည်။
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ရုတ်တရက်သဘာဝ အလျောက်ဖြစ်စေ၊ လူတို့၏ပြုလုပ်ဆောင်ရွက်မှု၊ မတော်တဆမှုများကြောင့်ဖြစ်စေ၊ လူတို့၏ပေါ့လျော့မှုကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များဖြစ်သည်။ ထိုသဘာဝဘေးအန္တရာယ်များမှာ မီးလောင်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းဖြစ်ခြင်း၊ ရေလွှမ်းမိုးမှုဖြစ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မိုးအလွန်အကျွံရွာခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်းဖြစ်ခြင်း၊ ဆီးနှင်းကျခြင်း၊ အပူလှိုင်း၊ အအေးလှိုင်းများဖြစ်ပေါ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ကမ်းပြိုခြင်း၊ ပင်လယ်ရေကြောင်းအန္တရာယ်ကျရောက်ခြင်း၊ ပိုးမွှားတိရစ္ဆာန်များကြောင့် စိုက်ခင်းများပျက်စီး၍ ငတ်မွတ်ခေါင်းပါးခြင်း၊ လူ သို့မဟုတ် တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားခြင်း၊ စက်မှု လုပ်ငန်းများနှင့် ဓာတုပစ္စည်းများကြောင့်ဖြစ်စေ၊ ရေနံယိုဖတ်ခြင်း၊ အဏုမြူကြောင့်ဖြစ်စေ၊ သဘာဝဓာတ်ငွေ့ယိုဖိတ်ခြင်းကြောင့်ဖြစ်စေ ကျရောက်လာသော ဘေးအန္တရာယ်များကို သဘာဝဘေးအန္တရာယ်များဟု သတ်မှတ်ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်၏ရင်းမြစ်များ
မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ သဘာဝဘေးအန္တရာယ် ကျရောက်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေသည်။ ထိုကဲ့သို့ ဘာ့ကြောင့်ဖြစ်ပေါ်နေသနည်း။ ထိုပြဿနာကို မည်သို့ဖြေရှင်းကြမည်နည်း စဉ်းစားသုံးသပ်ဖို့လိုပါသည်။ အထူးသဖြင့် သဘာဝဘေး ကိုဖြစ်ပေါ်စေသည့် အကြောင်းရင်းကို ဦးစွာရှာဖွေကြရပါမည်။ အထူးသဖြင့် ကမ္ဘာ့ရာသီဥတုကမောက်ကမဖြစ်ခြင်း သို့မဟုတ် ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းတို့ဖြစ်သည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွင် မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မိုးခေါင်၍ ပူပြင်းခြောက်သွေ့ခြင်းတို့ ပါဝင်သည်။ မိုးကြီးခြင်းဆိုသည်မှာ မိုးနည်းသောဒေသများ၌ မိုးအလွန်အကျွံရွာခြင်းမျိုးဖြစ်သည်။ ထိုအခါ ရေကြီးရေလျှံခြင်း ဖြစ်ပေါ်လာသည်။ မိုးခေါင်ခြင်းဆိုသည်မှာ မိုးအများအပြားရွာသွန်း ရမည့်ဒေသများ၌ မိုးမရွာခြင်းဖြစ်စဉ်မျိုးဖြစ်သည်။ ထိုအခါ အဆိုပါ ဒေသ၌ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ခြင်း၊ အပူလှိုင်းများကျရောက်ခြင်းတို့ ခံစားကြရသည်။ ထို့ပြင် သစ်တောပြုန်းတီးခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့၊ မီသိန်းဓာတ်ငွေ့၊ အိုဇုန်းဓာတ်ငွေ့၊ နိုက်ထရပ်စ် အောက်ဆိုက်ဓာတ်ငွေ့၊ ဖန်လုံအိမ်ဓာတ်ငွေ့ စသည့်ဓာတ်ငွေ့များ ကမ္ဘာ့လေထုအတွင်းသို့ အလွန်အကျွံထုတ်လွှတ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံမှ ဓာတုပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းတို့ကြောင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်းဖြစ်သည်။ ဖန်လုံအိမ်ဓာတ်ငွေ့သည် ကမ္ဘာ့လေထုကို ထိုးဖောက်ပြီး ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ သဲကန္တာရများ၊ မြစ်ချောင်း အင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများ၊ ရေခဲပြင်များ၊ အပင်များပေါ်သို့ ကျရောက်ပြီး အပူလှိုင်းအဖြစ်သို့ပြောင်းသွားသည်။ ထိုဓာတ်ငွေ့က ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသည်။ ထို့ပြင် ကာဗွန်ဓာတ်ငွေ့ ကမ္ဘာ့လေထုထဲများပြာလာခြင်းကြောင့် ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတု ပြောင်းလဲမှုအပေါ် သက်ရောက်မှုရှိလာခြင်းကြောင့် ၁၉၉၈ ခုနှစ် ဝန်းကျင်မှစ၍ ကမ္ဘာတစ်ဝန်း အပူချိန်မြင့်တက်လာခြင်း၊ မိုးခေါင်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်း၊ မုန်တိုင်းများဖြစ်ပေါ်လာပြီး ရေကြီးခြင်း စသည့် ဆိုးရွားသောသဘာဝဘေးအန္တရာယ်များကို ဖြစ်ပေါ်စေသည်။
လူ့ပယောဂနှင့် သဘာဝဘေးအန္တရာယ်
သဘာဝဘေးအန္တရာယ်ဖြစ်ရခြင်းသည် အထူးသဖြင့် လူတို့၏ပယောဂလည်းမကင်းပေ။ ၂၁ ရာစုသည် စက်မှုခေတ်ဖြစ်သည့် အားလျော်စွာ ယင်း၏အကျိုးဆက်အနေဖြင့် သဘာဝဘေးအန္တရာယ်များကို ကမ္ဘာ့နိုင်ငံအသီးသီး ခံစားနေကြရသည်။ သဘာဝဘေးအန္တရာယ်ကို အကျဉ်းအားဖြင့်ဆိုလျှင် သဘာဝအလျောက်ဖြစ်သော ဘေးအန္တရာယ် (Natural Hazards)နှင့် လူသားတို့ဖန်တီးသောဘေးအန္တရာယ်(Man Made Hazards)ဟူ၍ နှစ်မျိုးရှိသည်။ ဥပမာ-သဘာဝအလျောက်ဖြစ်သော သဘာဝဘေးအန္တရာယ်မှာ မြေငလျင်လှုပ်ခြင်း၊ မီးတောင် ပေါက်ကွဲခြင်း၊ ဆည်ကျိုးပေါက်ခြင်းနှင့် နည်းပညာဆိုင်ရာဘေးအန္တရာယ်တို့ဖြစ်သည်။ လူသားတို့ဖန်တီးမှုကြောင့်ဖြစ်သော သဘာဝဘေးအန္တရာယ်မှာ သစ်တောပြုန်းတီးမှု၊ ဓာတ်ငွေ့ထုတ်လွှတ်မှု၊ စက်ရုံ၊ အလုပ်ရုံရှိညစ်ညမ်းပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်မှုတို့ကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်တို့ဖြစ်သည်။ ထို့ပြင် ရေနံယိုစိမ့်မှု၊ သဘာဝဓာတ်ငွေ့ယိုစိမ့်မှု၊ အဏုမြူအဆိပ်သင့်ခြင်းတို့လည်း ပါဝင်သည်။ ထို့ပြင် သစ်တောသစ်ပင်များ အလွန်အကျွံခုတ်ယူခြင်းကြောင့် လေထုထဲရှိ ကာဗွန်စုပ်ယူမှုနည်းပါးလာသဖြင့် ဥတုဖောက်ပြန်၍ ဘေးအန္တရာယ်ကျရောက်မှုမျိုးကို ကြုံတွေ့လာရသည်။ အထူး သဖြင့် အရင်းစစ် အမြစ်မြေကဆိုသလို သဘာဝဘေးအန္တရာယ် အများစုသည် လူ့ပယောဂကြောင့်အဖြစ်များသည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များအား သဘာဝပတ်ဝန်းကျင်ကိုချစ်တတ်၊ ထိန်းသိမ်းတတ်အောင် လက်ဆင့်ကမ်းပေးဖို့ များစွာလိုအပ်ပါသည်။
သဘာဝဘေးအန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေး
သဘာဝဘေးအန္တရာယ်သည် ရုတ်တရက်ဖြစ်ပေါ်လေ့ရှိသည်။ ပြည်သူများအနေဖြင့် သတိပေးချက်များ၊ မိုးလေဝသသတင်းများကို နေ့စဉ်မပျက်နားထောင်ကြဖို့လိုပါသည်။ သဘာဝဘေးအန္တရာယ်ကို မည်ကဲ့သို့ ကာကွယ်ကြမည်နည်း။ ကာကွယ်နည်းကများလှပေသည်။ အထူးသဖြင့် ရာသီဥတုဖောက်ပြန်မှုကို ဖြစ်စေနိုင်သောအကြောင်းရင်းများကို တတ်နိုင်သမျှလျှော့ချရမည်။
မိမိတို့နိုင်ငံတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် အပူချိန်လွန်ကဲခြင်းကို ၂၀၂၄ ခုနှစ် နွေဥတု၌ ခံစားခဲ့ရသည်။ ကမ္ဘာ့နိုင်ငံများအနက် အပူချိန်မြင့်မားမှုစံချိန်တင်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လများတွင် သတိပြုစရာ ရာသီဥတုဖောက်ပြန်မှုကို တွေ့မြင်ခဲ့ရသည်။ ဥရောပနိုင်ငံများတွင် စံချိန်တင်အပူလွန်ကဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ဂျာမနီ၊ဂရိ၊ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့ ၌ အပူချိန်လွန်ကဲမှုကြောင့် မြို့ပြနေထိုင်မှုပုံစံများ ပြောင်းလဲလာသည်ဟု သိရသည်။ အဆိုပါအပူလွန်ကဲခြင်းကြောင့် တောမီးလောင်ကျွမ်းခြင်း၊ ကောက်ပဲသီးနှံများပျက်စီးခြင်း၊ ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်းများ ခေတ္တပိတ်ထားရခြင်းနှင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးပြဿနာများကိုပါ ရင်ဆိုင်ကြုံတွေ့လာကြရသည်။ မိမိတို့နိုင်ငံတွင်လည်း ရေကြီးရေလျှံမှုကြောင့် အလားတူဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့ရသည်။ ရေကြီးရေလျှံဖြစ်ပါက စိုက်ပျိုးရေးကို များစွာထိခိုက်စေသည်။ အထူးသဖြင့် မိမိတို့နိုင်ငံမှာ စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် နိုင်ငံနှင့် ပြည်သူတို့၏အကျိုးစီးပွားကိုထိခိုက်စေပါသည်။
သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်ဖြစ်စေသော အစွန်းရောက် ရာသီဥတုများမဖြစ်အောင် ကာကွယ်ကြရပေမည်။ အစွန်းရောက်ရာသီ ဥတုကိုကာကွယ်နိုင်ရန် သစ်တောများဖန်တီးခြင်း၊ ကမ္ဘာ့လေထုကို ညစ်ညမ်းစေသည့် ဓာတ်ငွေ့များလျော့ကျအောင် ဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမဖြစ်အောင် ထိန်းသိမ်းကာကွယ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံရှိရေဆိုးများကို စနစ်တကျစွန့်ပစ်ခြင်းတို့အပြင် သဘာဝသစ်တောများကို ကာကွယ်ထိန်းသိမ်းခြင်းတို့ကို ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ကြရန်လိုပါသည်။ ထို့ပြင် ဖြစ်ပေါ်ခဲ့ သော သဘာဝဘေးအန္တရာယ်များကို သင်ခန်းစာယူကြရပေမည်။ မြန်မာနိုင်ငံတွင်မူ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ကဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းကြောင့် အသက်၊ အိုးအိမ်စည်းစိမ်နှင့် အခြားဆုံးရှုံးမှုများစွာ ရှိခဲ့ပါသည်။ ထို့ပြင် ၂၀၂၄ ခုနှစ်တွင်လည်း မြန်မာနိုင်ငံနေရာအတော် များများ၌ ရေကြီးရေလျှံဖြစ်၍ အသက်၊ အိုးအိမ်စည်းစိမ်များပျက်စီးခဲ့ရသည်။ အထူးသဖြင့် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများဖြစ်သည်။ စနစ်ကျသောရေလှောင်တမံများဖြင့်လည်း ရေကြီးရေလျှံ သဘာဝဘေးကိုကာကွယ်နိုင်ပါသည်။ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ကျချောင်းရေများ၊ မြစ်ရေများမှစီးဆင်းလာသော ရေများကို ရေလှောင်တမံများဖြင့် တည်ဆောက်ထိန်းသိမ်းနိုင်သည်။ မြစ်တို့၏သဘောမှာ မြင့်ရာမှနိမ့်ရာသို့သာစီးဆင်းသည့်သဘောရှိပေရာ အများအားဖြင့်ရေလှောင်တမံများသည် အမြင့်ပိုင်းများ၌သာ တည်ရှိကြသည်။ အထက်ပိုင်းမှစီးဆင်းလာမည့်ရေကို ထိန်းထားခြင်း ဟုယူဆနိုင်သည်။ သို့မဟုတ်ပါက မိုးသည်းထန်စွာရွာပြီး မြစ်ရေကြီးကာ အထက်ပိုင်းမှရေများ အောက်ဘက်သို့ အရှိန်အဟုန်ပြင်းစွာ အလုံးအရင်းဖြင့်စီးဆင်းလာပါက အောက်ပိုင်းတွင်နေထိုင်သူများ ပို၍အန္တရာယ်များနိုင်ပါသည်။ ထိုသို့မဖြစ်အောင် ဆည်ကရေကို ထိန်းပေးထားခြင်းသဘောဖြစ်သည်။ တချို့က ဆည်များကိုကြီးမားသော အန္တရာယ်ပေးနိုင်သည်ဟု ယူဆနေကြသည်။ ထို့ပြင် ငလျင်ဖြစ်ပေါ်နိုင်မည့်ဒေသများကို ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံများတည်ဆောက်ထားခြင်း၊ ဘေးကင်းလုံခြုံရာနေရာကို ကြိုတင်သတ်မှတ်ရွှေ့ပြောင်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။ အထူးသဖြင့် သစ်တောများတိုးချဲ့စိုက်ပျိုး ခြင်းဖြင့် ရေစီးအရှိန်ကိုလျော့နည်းစေသလို သစ်မြစ်များက မြေဆီလွှာကို ကုပ်တွယ်ထားကြသဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကာကွယ် နိုင်ပါသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေရည်ရွယ်ချက်
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုသည်မှာ သဘာဝဘေး အန္တရာယ်ကြောင့်ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုများကို လျော့ပါးရေးအတွက် သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းများပါဝင်သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအပြင် သဘာဝဘေးကျရောက်ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအားလုံး အကျုံးဝင်သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းခဲ့သည်။ ဥပဒေ၏ရည်ရွယ်ချက်များမှာ-
(က) သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ဆုံးရှုံးမှုများလျော့ပါးရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ ထိရောက်လျင်မြန် စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊
(ခ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များကို စနစ်တကျထိရောက်လျင်မြန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားကော်မတီနှင့်ဒေသ ဆိုင်ရာအဖွဲ့အစည်းများဖွဲ့စည်းဆောင်ရွက်နိုင်ရန်၊
(ဂ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအခြားအဖွဲ့အစည်းများနှင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများ၊ နိုင်ငံရပ်ခြားဒေသအဖွဲ့အစည်းများနှင့် လည်းကောင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန်၊
(ဃ) သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းကာကွယ်ရန်၊
(င) ဘေးသင့်သူများအား ပိုမိုကောင်းမွန်သည့်လူမှုဘဝရရှိစေရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စီမံဆောင်ရွက်ပေးနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြစ်သည်။
ယနေ့ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်နေကြရသည်။ ထိုသို့ဖြစ်ရခြင်းမှာ လူသားတို့၏လောဘ၊ အတ္တများကြောင့်ဖြစ်သည်။ အကြောင်းမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ကိုမသိခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်စေမည့် အရာများကို နေ့စဉ်နေ့တိုင်းလုပ်ဆောင်နေကြသည်။ အချို့သော နိုင်ငံများကမူ သဘာဝဘေးဖြစ်မှုကိုအားပေးသည့် ကာဗွန်ကို လျှော့ချနိုင်ရန်အတွက် နီးသောခရီးကို ခြေကျင်လျှောက်ကြသည်။ ကာဗွန်ကင်းမဲ့ဇုန်များ ဖန်တီးလာကြသည်။ အရေးကြီးဆုံးအချက် တစ်ချက်မှာ မျိုးဆက်သစ်လူငယ်များအား သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်အောင် သင်ကြားပေးဖို့လိုသည်။ အနာဂတ်လူငယ်များ ပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတတ်မှ နောင်မျိုးဆက်သစ်များကိုထပ်၍ လက်ဆင့်ကမ်းပေးနိုင်ပေလိမ့်မည်။ သို့မှသာစိမ်းလန်းသောကမ္ဘာ ကြီးဖြစ်ပေမည်။ ထိုသို့ဖြစ်မှ သဘာဝဘေးလျော့ပါးသော အနာဂတ် တစ်ခုဖြစ်နိုင်မည်ဖြစ်ကြောင်းရေးသားတင်ပြလိုက်ပါသည်။ ။
ကိုးကား - သုတပဒေသာစာစောင် (October -၂၀၁၈)။


