တရုတ်နိုင်ငံ၌ ကလေးပြုစုစောင့်ရှောက်ရေးလုပ်ငန်း မြှင့်တင်ဆောင်ရွက်

ပေကျင်း   စက်တင်ဘာ   ၁၄

တရုတ်နိုင်ငံသည်  ကလေးပြုစုစောင့်ရှောက်ရေးလုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်သည့် ကုန်ကျစရိတ်သာရှိသည့်  ကလေးပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်အကြီးအကဲ လိုင်ဟိုင်ချီက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

စဉ်ဆက်မပြတ်သည့် ကြိုးပမ်းဆောင်ရွက်မှုများအနေဖြင့် မူလတန်းကြိုကျောင်းများနှင့် ကလေးပြုစုရေးစင်တာများရှိ ဝန်ဆောင်မှုလုပ်ငန်းများကို မြှင့်တင်မည်ဖြစ်ပြီး လူမှုအသိုင်းအဝိုင်းများအတွင်း ကလေးပြုစုရေးစင်တာများ တည်ထောင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ယခုအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် မိသားစုတိုင်းအတွက် အိမ်နှင့်လုပ်ငန်းခွင်အနီးတွင် ကလေးပြုစုစောင့်ရှောက်ရေး  ဝန်ဆောင်မှုအား သင့်တော်သည့်ဈေးနှုန်းဖြင့်  ရရှိရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း   ၎င်းက ပြောကြားသည်။

ကလေးငယ်များအတွက်  ကလေးစောင့်ရှောက်မှုဝန်ဆောင်မှုများ ရရှိနိုင်မှုကို  တိုးမြှင့်ပေးခြင်းအားဖြင့် ကလေးမွေးဖွားခြင်း၊  ပြုစုပျိုးထောင်ခြင်းနှင့် ပညာသင်ကြားပေးခြင်းတို့အတွက် မိသားစုများ၏ ကုန်ကျစရိတ်ကို ထိရောက်စွာ လျှော့ချနိုင်ရန် အဆိုပါကော်မရှင်က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

နိုင်ငံအတွင်းရှိ အခြေခံလူတန်းစားများဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများတွင်လည်း ကလေးသူငယ်ကုသရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။

ယခုနှစ်ကုန်တွင်  ကလေးအထူးကုဆေးကုသမှုဝန်ဆောင်မှုများ  ပေးအပ်နိုင်မည့်  ရပ်ရွာအဆင့် ကျန်းမာရေးစောင့်ရှောက်မှုဌာန အရေအတွက်သည် ယခင်နှစ်ကထက်အရေအတွက် ၁၀၀၀ ပိုမိုများပြားလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကလေးရှိသော  မိသားစုများ၏ ကုန်ကျစရိတ်ကို  လျှော့ချပေးနိုင်ရန်အတွက်  တရုတ်နိုင်ငံသည်  ကိုယ်ဝန်မဆောင်မီ ကာလ၊ ကိုယ်ဝန်ဆောင်ကာလ၊ မီးဖွားချိန်နှင့် ကလေးပြုစုပျိုးထောင်ချိန်တို့ ပါဝင်သည့် ကိုယ်ဝန်ဆောင်နှင့် မိခင်စောင့်ရှောက်ရေးဆိုင်ရာ ပြည့်စုံသောစနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။  ၎င်းစနစ်တွင် မိခင်စောင့်ရှောက်ရေးထောက်ပံ့ကြေးများ၊  ကလေးပြုစုစောင့်ရှောက်မှု  ထောက်ပံ့ကြေးများ၊ ဆေးကုသစရိတ် ပြန်လည်ထုတ်ယူခွင့်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ကလေးပြုစုစောင့်ရှောက်ရေးဝန်ဆောင်မှုများ ပါဝင်သည်။       

 ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ