မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
၂၀၂၆ ခုနှစ် ဩဂုတ်လတွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားကောင်းသောအယ်လ်နီညိုအခြေအနေသို့ရောက်ရှိနေပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများအထိ အားအကောင်းဆုံးအယ်လ်နီညိုအဖြစ် ဆက်လက်တည်ရှိနေပြီး ရှေ့လာမည့်ကာလများအတွင်း အလွန်အားကောင်းသည့် အယ်လ်နီညိုဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်နိုင်မည်ဟု ခန့်မှန်းထားပါသည်။
အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ်များဖြစ်သည့် ၁၉၈၂-၁၉၈၃၊ ၁၉၉၇-၁၉၉၈ နှင့် ၂၀၁၅-၂၀၁၆ ခုနှစ်များ၌ အိန္ဒိယနိုင်ငံတွင် မုတ်သုံမိုးရွာသွန်းမှု သိသိသာသာကျဆင်းခဲ့ခြင်း၊ အရှေ့တောင်အာရှတွင် စပါးအထွက်နှုန်းကျဆင်းပြီး စားနပ်ရိက္ခာ ဈေးနှုန်းများမြင့်တက်ခဲ့ခြင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် တောမီးများ လောင်ကျွမ်းခဲ့မှုမှာ ထိန်းချုပ်မရဖြစ်ကာ မီးခိုးမြူငွေ့များ အိမ်နီးချင်း နိုင်ငံများအထိ ပျံ့နှံ့ခြင်း စသည့်ဆိုးကျိုးများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဉ်နှစ်များ၏ သက်ရောက်မှုများ
မြန်မာနိုင်ငံ၏ မိုးလေဝသမှတ်တမ်းများအရ အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်သည့် ၁၉၉၇-၁၉၉၈ ခုနှစ်သည် ယင်းကာလများတွင် အပူဆုံးနှင့် အခြောက်သွေ့ဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ပါသည်။ ဧရာဝတီမြစ်အပါအဝင် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများ၌ မြစ်ရေစံချိန်တင်ကျဆင်းခဲ့ရပြီး ရေကြောင်းသွားလာရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတို့တွင် ကြီးမားသော အခက်အခဲများ ကြုံတွေ့ခဲ့ရ ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင်ဖြစ်ပေါ်ခဲ့သော အားကောင်းသော အယ်လ်နီညိုဖြစ်စဉ်ကြောင့်လည်း စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့တွင် အပူချိန် ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိခဲ့ပြီး အဆိုပါကာလအတွင်း မြန်မာနိုင်ငံ၏ အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ပါသည်။ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်တွင် ရေခန်းခြောက်မှု ဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ မြေလတ်ဒေသများတွင်ပါ သောက်သုံးရေ ပြတ်လပ်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ရာ မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နှစ်ပေါင်း ၅၆ နှစ်တာ မှတ်တမ်းတင်ခဲ့သမျှတွင် အမြင့်ဆုံးသောသမိုင်းဝင်အပူချိန်စံချိန်သစ်ဖြစ်ခဲ့ပါသည်။
အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မှုများ
အယ်လ်နီညိုနှစ်များတွင် အီကွေတာအနီး ပင်လယ်ရေမျက်နှာ ပြင်အပူချိန်သည် ပုံမှန်ထက် ပိုမိုပူနွေးလာကာ အီကွေတာတစ်လျှောက်ရှိ ကုန်သည်လေများ အားလျော့သွားပြီး အထက်လေထုလွှာတွင် “Walker Circulation” သည် ပုံသဏ္ဌာန်မမှန်တော့ဘဲ ဆဲလ်များ ကွဲထွက်သွားကာ တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေ တစ်လျှောက်၌ ပုံမှန်အေးမြခြောက်သွေ့သည့် မိုးလေဝသဖြစ်စဉ်များ အစားပူနွေးစိုစွတ်သည့်ဖြစ်စဉ်များ အစားထိုးဝင်ရောက်လာပါသည်။
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတစ်လျှောက် လေထုနှင့် သမုဒ္ဒရာလှည့်ပတ်မှုများကြောင့်ဖြစ်ပေါ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည့်အတွက် မြန်မာနိုင်ငံအပေါ်သို့ ချက်ချင်းသက်ရောက်နိုင်မည် မဟုတ်သော်လည်း စက်တင်ဘာလတွင် အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်ပေါ်ပါက ၁၉၈၂-၁၉၈၃၊ ၁၉၉၇-၁၉၉၈၊ ၂၀၁၅-၂၀၁၆ နှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သော အယ်လ်နီညိုဖြစ်စဉ် များအရလာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများတွင် သက်ရောက် မှုရှိနိုင်ပါသည်။ အလယ်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် အပူလှိုင်းဖြတ်ခြင်း၊ လေထုစိုထိုင်းဆနည်းပါးပြီး ပူပြင်းခြောက်သွေ့ခြင်း၊ မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်းရေကန်များ ခန်းခြောက်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး အကျိုးဆက်အနေဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေပြတ်လပ်ခြင်း၊ သီးနှံများပျက်စီးခြင်း၊ တောမီးလောင်ကျွမ်းမှု ဖြစ်ပွားလွယ်ခြင်းစသည်တို့ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် သက်ရောက်မှုအနေဖြင့် မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းများဖြစ်ပေါ်နိုင်ကာ အကျိုးဆက်အနေဖြင့် စပါးနှင့် အခြားသီးနှံ အထွက်နှုန်း လျော့နည်းနိုင်ခြင်း၊ ရေချိုဝင်ရောက်မှုနည်းသဖြင့် ရေငန်ဝင်ရောက်မှု ပိုမိုမြင့်တက်နိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ တောင်တန်းဒေသများနှင့် ကမ်းရိုးတန်းဒေသများဖြစ်သော ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် သက်ရောက်မှုအနေဖြင့် သောက်သုံးရေရှားပါးခြင်း၊ အပူချိန်ပုံမှန်ထက် ပိုမိုမြင့်မားလာခြင်းတို့ ဖြစ်ပေါ်နိုင်ကာ အကျိုးဆက်များအနေဖြင့် တောင်ယာစိုက်ပျိုးရေး လုပ်ငန်းများထိခိုက်ခြင်း၊ တောမီးလောင်ကျွမ်းမှုအန္တရာယ်မြင့်မားခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ အဓိကထိခိုက်နိုင်သည့်ကဏ္ဍများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့တွင် စိုက်ပျိုးရေလျော့နည်းခြင်းကြောင့် စပါး၊ ပဲ၊ နှမ်းနှင့် ဆီထွက်သီးနှံများပျက်စီးနိုင်ခြင်း၊ အပူဒဏ်ကြောင့် တိရစ္ဆာန်များ ရောဂါရလွယ်ခြင်း၊ ကျန်းမာရေးကဏ္ဍအနေဖြင့် အပူဒဏ်ကြောင့် အပူလျှပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ရေရှားပါးမှုမှတစ်ဆင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ခြင်း စသည့်ရေမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်း၊ ရေလှောင်တမံများတွင် ရေဝင်နည်းပါးခြင်းကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလျော့ကျနိုင်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
အဆိုပါဖြစ်စဉ်များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့် အချက်များအနေဖြင့် ရေသိုလှောင်နိုင်သည့် ရေကန်များ၊ မိုးရေစုဆောင်းသည့် စနစ်များကို ကြိုတင်ပြင်ဆင်နိုင်ရန် လိုအပ်ပါသည်။ ရေလိုအပ် ချက်နည်းပါးပြီး အပူဒဏ်ခံနိုင်သော သီးနှံမျိုးစေ့များ (ဥပမာ - ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း) ပြောင်းလဲစိုက်ပျိုးရန် ပြင်ဆင်သင့်ပါသည်။ စိုက်ပျိုးရေကို အလေအလွင့်မရှိစေဘဲ အစက်ချစနစ်ကဲ့သို့ စိစစ်သုံးစွဲသည့် နည်းလမ်းများ ကျင့်သုံးသင့်ပါသည်။ ကျန်းမာရေးနှင့် လူနေမှုဘဝ ကြိုတင်ပြင်ဆင်မှုများအနေဖြင့် အပူရှိန်မြင့်မားချိန်ဖြစ်သည့် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း ပြင်းထန်သောအလုပ်အကိုင်များ လုပ်ကိုင်ခြင်းနှင့် နေပူထဲထွက်ခြင်းများကို ရှောင်ကြဉ်သင့်ပါသည်။ သောက်သုံးရေကို ကျိုချက်သောက်သုံးခြင်း၊ ရေဓာတ်မခန်းခြောက်စေရန် ရေနှင့် ဓာတ်ဆားရည်သောက်သုံးခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို အပူဒဏ်မှ ကြိုတင်ကာကွယ်ရန် ပိုမိုဂရုစိုက်သင့်ပါသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်မှုအနေဖြင့် တောမီးလောင်ကျွမ်းမှု မဖြစ်ပွားစေရန် သစ်တောနယ်မြေများနှင့် ကျေးရွာများအနီး မီးတားလမ်းများ ကြိုတင်ပြုလုပ်ရန်လိုအပ်ပြီး အပူဒဏ်အန္တရာယ် ကာကွယ်ရန်အတွက် အပူရှောင်စခန်းများ ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်သင့်ပါကြောင်း အကြံပြုနှိုးဆော်အပ်ပါသည်။ ။


