ကမ္ဘာမြေ ပိုမိုအေးမြဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့

နေထွက်သည့်အချိန် ကမ္ဘာမြေပေါ်သို့ နေရောင်ခြည်ကျရောက်လာသည့်အခါ နေရောင်ခြည်နှင့်အတူ ခရမ်းလွန်ရောင်ခြည်လည်းပါလာသည်။ ခရမ်းလွန်ရောင်ခြည်တွင် UV-A၊ UV-B နှင့် UV- C ဟူ၍ အဓိကအမျိုးအစားသုံးမျိုးခွဲခြားနိုင်ရာ UV-C သည် အသက်အန္တရာယ်ကျရောက်စေနိုင်သည်အထိ အန္တရာယ်အများဆုံးဖြစ်သည်။ နေရောင်ခြည်နှင့်အတူပါလာသည့် UV-B နှင့် UV-C တို့ကို ကမ္ဘာမြေပေါ်သို့ မကျရောက်စေရန် သဘာဝအိုဇုန်းအလွှာက ၉၅ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးထားသည်။

 

ကမ္ဘာမြေပြင်အထက်လေထု၏ ၈ မိုင်ခန့်မှ မိုင် ၃၀ ကျော်အထိတွင် ရှိနေသည့် ဒုတိယလေထုအလွှာ (Stratosphere) တွင် အိုဇုန်းအလွှာသည် ပါးလွှာသည့်ဓာတ်ငွေ့အလွှာကလေးအဖြစ် သဘာဝအလျောက်တည်ရှိနေသည်။ လေထဲရှိ အောက်ဆီဂျင်မော်လီကျူး (O2) သည် နေရောင်ခြည်ကြောင့် အောက်ဆီဂျင်အက်တမ်နှစ်ခုအဖြစ် ကွဲထွက်သွားပြီး အခြားအောက်ဆီဂျင်မော်လီကျူးတစ်ခုနှင့် ဓာတ်ပြုမိသည့်အခါ အိုဇုန်းမော်လီကျူး (O3)တစ်ခုဖြစ်ပေါ်လာသည်။ ယင်းကဲ့သို့ အိုဇုန်းမော်လီကျူးများ အလွှာလိုက်စုဝေးတည်ရှိနေသည့်နေရာသည် အိုဇုန်းလွှာဖြစ်သည်။

 

အဆိုပါအိုဇုန်းလွှာသည် ရေခဲသေတ္တာ၊ လေအေးပေးစက်တို့တွင် အများဆုံးအသုံးပြုသည့် ကလိုရင်း၊ ဖလိုရင်းနှင့် ကာဗွန်ဒြပ်ပေါင်း ကလိုရိုဖလူရိုကာဗွန် (CFCs) ကြောင့် ပျက်စီးရကြောင်း ၁၉၇၄ ခုနှစ် တွင် သိပ္ပံပညာရှင်များက စတင်တွေ့ရှိခဲ့ကြပြီးနောက် ဆက်လက်၍ ကလိုရင်း၊ ဖလိုရင်းနှင့် ဘရိုမင်းများပါဝင်သည့် ဒြပ်ပစ္စည်းများကြောင့်လည်း အိုဇုန်းလွှာပျက်စီးသည်ကို တွေ့ရှိခဲ့ကြရသည်။ ၁၉၈၅ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးအိုဇုန်းလွှာအပေါက်ကို အန္တာတိကတိုက်အပေါ်တွင် သိပ္ပံပညာရှင်များက စတင်တွေ့ရှိခဲ့ကြသည်။

 

အိုဇုန်းလွှာပျက်စီးခြင်းကြောင့် လူတို့တွင် အရေပြားကင်ဆာ၊ အရေပြားအိုမင်းရင့်ရော်ခြင်း၊ မျက်စိတိမ်စွဲရောဂါနှင့် ကိုယ်ခံအားကျဆင်းမှုတို့ ဖြစ်ပေါ်စေနိုင်သည်။ စပါး၊ ပြောင်း စသောကောက်ပဲသီးနှံပင်များကြီးထွားမှုနှေးကွေးခြင်း၊ အထွက်နှုန်းကျဆင်းခြင်း၊ အရည်အသွေးမကောင်းမွန်ခြင်းတို့ ဖြစ်စေနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အနီးတွင် ကျက်စားကြသည့်ရေသတ္တဝါများ၊ အဏ္ဏဝါအဏုဇီဝသက်ရှိများ သေဆုံးစေပြီး အဏ္ဏဝါဂေဟစနစ်ကိုပျက်စီးစေသည်။ အိုဇုန်းလွှာကိုပျက်စီးစေသည့် CFCs နှင့် HCFCs ကဲ့သို့သော ဓာတ်ငွေ့များသည် ကမ္ဘာ့အပူချိန်ကို တိုးပွားစေခြင်းကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကိုဖြစ်စေသည်။

 

မြန်မာနိုင်ငံသည် ၁၉၉၃ ခုနှစ်မှစ၍ အိုဇုန်းလွှာကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်းများ ထိန်းချုပ်ခြင်းဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်နှင့် လန်ဒန်ပြင်ဆင်ချက်၊ ကိုပင်ဟေဂင်ပြင်ဆင်ချက် (၂၀၀၉)၊ မွန်ထရီယယ်ပြင်ဆင်ချက်နှင့် ပေကျင်းပြင်ဆင်ချက် (၂၀၁၂) တို့ကို ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများလျှော့ချရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။ ဆက်လက်၍ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်၏ ပဉ္စမမြောက်ပြင်ဆင်ချက်ဖြစ်သော ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) သုံးစွဲမှုလျှော့ချရေးဆိုင်ရာ ကီဂါလီပြင်ဆင်ချက်ကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ ကီဂါလီပြင်ဆင်ချက်သည် ကမ္ဘာ့ပူနွေးမှုအလားအလာမြင့်မားသည့် HFCs အမျိုးအစား အအေးပေးဒြပ်ပစ္စည်းများသုံးစွဲမှုကို လျှော့ချခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာကာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို လျှော့ချပေးနိုင်ပြီး ပြင်းထန်သည့်သဘာဝဘေးအန္တရာယ်များကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်သည်။

 

စက်တင်ဘာ ၁၆ ရက်နေ့တွင်ကျရောက်သော ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ဆောင်ပုဒ်မှာ “Global Action for a Cooler Planet - ကမ္ဘာမြေပိုမိုအေးမြဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့” ဟူ၍ဖြစ်သည်။ ယခုနှစ်၏ဆောင်ပုဒ်သည် ကမ္ဘာကြီးပူနွေးမှုကိုဖြစ်ပေါ်စေသည့် မှန်လုံအိမ်ဓာတ်ငွေ့များထဲတွင်ပါဝင်သော ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) များသုံးစွဲမှုလျှော့ချရန် ချမှတ်ခဲ့သည့် ကီဂါလီပြင်ဆင်ချက် ၁၀ နှစ်ပြည့်မြောက်ခြင်းကို အသိအမှတ်ပြုကာ ကမ္ဘာ့အိုဇုန်းလွှာကို ကာကွယ်နိုင်ရုံသာမက စွမ်းအင်ချွေတာပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမည့် ရေရှည်တည်တံ့သော အအေးပေးစနစ် (Sustainable Cooling) နည်းပညာများကို ကမ္ဘာတစ်၀န်းလုံးတွင် ပိုမိုတိုးမြှင့်သုံးစွဲလာကြစေရန် တိုက်တွန်းနှိုးဆော်ထားခြင်းပင်ဖြစ်သည်။

 

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၏ အကျိုးသက်ရောက်မှုကြောင့် အိုဇုန်းလွှာသည် ကောင်းစွာပြန်လည်နာလန်ထူလာလျက်ရှိရာ လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ၁၉၈ဝ ပြည့်နှစ်မတိုင်မီက အခြေအနေအတိုင်း အပြည့်အဝပြန်လည်ကောင်းမွန်လာမည်ဟု သိပ္ပံပညာရှင်များကခန့်မှန်းထားကြသကဲ့သို့ စိန်ခေါ်မှုအချို့လည်းရှိနေရာ မျှော်မှန်းထားသည့် အချိန်ဇယားနှင့်အညီ အိုဇုန်းလွှာပြန်လည်ကောင်းမွန်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရပါမည့်အကြောင်း။ ။