၂၀၂၆ ခုနှစ် ဩဂုတ်လတွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များ အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနေကြောင်း၊ ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း၊ ၂၀၂၆ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအထိ အားအကောင်းဆုံးအယ်လ်နီညိုအဖြစ် ဆက်လက်တည်ရှိပြီး လာမည့်ကာလများတွင် အလွန်အားကောင်းသည့် အယ်လ်နီညိုဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
အယ်လ်နီညိုဖြစ်စဉ်သည် ယခုလတွင် အားအလွန်ကောင်းသောအခြေအနေသို့ ရောက်ရှိနေပြီး အဆိုပါအခြေအနေနှင့်အတူ ပုံမှန်မဟုတ်သည့် ရာသီဥတုဖြစ်စဉ်များ ကြုံတွေ့လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မုတ်သုံအဝင်နောက်ကျခြင်း၊ အထွက်စောခြင်း၊ မိုးရွာသွန်းမှုမူမမှန်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ အပူချိန်မြင့်မားခြင်း စသည့်ဖြစ်စဉ်များဖြစ်ပေါ်လေ့ရှိရာ မြန်မာနိုင်ငံအနေဖြင့် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်စဉ်များကြုံတွေ့ခဲ့ရပြီး အချို့ဒေသများတွင် ရေကြီးရေလျှံ ဖြစ်စဉ်များကို ကြုံတွေ့ခဲ့ရ၊ ကြုံတွေ့ဆဲဖြစ်သည်။ ယခုရက်ပိုင်းတွင် ပုံမှန်ရာသီဥတုကဲ့သို့ မုတ်သုံမိုးနည်းပါးသွားသည့်အခြေအနေရှိသော်လည်း အားကောင်းသောအယ်လ်နီညိုဖြစ်စဉ်ကြောင့် မမျှော်မှန်းနိုင်သော ရာသီဥတုအခြေအနေများ ကြုံတွေ့နိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။
အယ်လ်နီညိုဖြစ်စဉ်အရ မိုးသည်းထန်စွာရွာသွန်းမှုအခြေအနေပြီးဆုံးလျှင် အလွန်ပူပြင်းသည့်အခြေအနေများကြုံတွေ့နိုင်သည်ဟု ခန့်မှန်းသော်လည်း ယမန်နေ့ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေခြင်းကြောင့်လည်းကောင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကမ်းခြေဒေသများတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်လည်းကောင်း စက်တင်ဘာလ ၁၃ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းရှိဒေသများ၌ နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ခန့်မှန်းထားသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်သည်ဟု သတိပေးထားသည်။
လက်ရှိတွင် ပြီးခဲ့သည့်ကာလများက မိုးသည်းထန်စွာရွာသွန်းခဲ့သည့် အခြေအနေများကြောင့် အချို့ဒေသများတွင် ရေကြီးရေလျှံသည့်ဖြစ်စဉ်များ ကြုံတွေ့ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်/ ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် ယနေ့အချိန်ထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များ အတွင်းရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ဆဲဖြစ်သောကြောင့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများ အသုံးပြုကာ စက်ယန္တရားများနှင့်လုပ်အားများကို စုစည်းပြီး ရေဘေးအန္တရာယ်ကို အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့်၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မူမမှန်သောရာသီဥတုဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ရာ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ညီညွတ်သောစုပေါင်းအင်အားဖြင့် ဆက်လက်ကာကွယ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ကြုံတွေ့နေရသော သဘာဝဘေးအန္တရာယ်များကို စုပေါင်းအင်အားဖြင့် ကာကွယ်ဆောင်ရွက်သွားကြရမည်ဖြစ်သလို မဖြစ်ပေါ်သေးသော သဘာဝဘေးအန္တရာယ်များအတွက်လည်း ကြိုတင်ပြင်ဆင်သတိပြုဆောင်ရွက်ကြရမည်ဖြစ်သည်။
လက်ရှိတွင် ဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေများကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ချောင်းများအနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကို ကြိုတင်သတိပြုကာကွယ်ဆောင်ရွက်သွားကြရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။ ။


