တရုတ်နိုင်ငံ၌ ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံတကာဝန်ဆောင်မှုကုန်သွယ်ရေးပြပွဲ အောင်မြင်စွာကျင်းပပြီးစီး

ပေကျင်း   စက်တင်ဘာ   ၁၄

တရုတ်နိုင်ငံ  မြို့တော်ပေကျင်းတွင် ယခုနှစ် စက်တင်ဘာ ၉ ရက်မှ ၁၃ ရက် အထိ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် တရုတ် နိုင်ငံတကာဝန်ဆောင်မှုကုန်သွယ်ရေးပြပွဲ(CIFTIS)တွင် နိုင်ငံအတွင်းရှိ လုပ်ငန်းကဏ္ဍများအတွက် ပူးပေါင်းဆောင်ရွက်မှုအား  မြှင့်တင်နိုင်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးအတွက် ခိုင်မာသည့်အဟုန်တစ်ခုကို ရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ ကုန်သွယ်ရေးပြပွဲတွင် ညီလာခံနှင့်  ထိပ်သီးဆွေးနွေးပွဲများ အရေအတွက် ၁၀၀ ကို ကျင်းပခဲ့ခြင်းနှင့်အတူ ဈေးကွက်မြှင့်တင်ရေးပွဲအရေ အတွက် ၁၀၀ အား ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သည့်   ဂေါင်ရိုက သတင်းစာရှင်းလင်းပွဲတွင်  ပြောကြားသည်။

မြှင့်တင်ဆောင်ရွက်

ယခုကဲ့သို့  ကုန်သွယ်ရေးပြပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းဖြင့် တရုတ်နိုင်ငံသည်  မိမိ၏  အဆင့်မြင့်ဖွံ့ဖြိုးမှုကို  မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ယခုကျင်းပသည့်  CIFTIS ပွဲတော်သည်  ကဏ္ဍခုနစ်ခုတွင်   ရလဒ်ပေါင်း ၁၂၀၀ ကျော်ကို ရရှိခဲ့ပြီး အရင်းအမြစ်များ ချိတ်ဆက်ပေးခြင်း၊ အပြန်အလှန်ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ထိရောက်စွာမြှင့်တင်ပေးနိုင်ခဲ့ကာ ပြပွဲတွင်  ဂုဏ်ထူးဆောင်ဧည့်သည်တော် နိုင်ငံအဖြစ် ဆောင်ရွက်ခဲ့သည့်  နော်ဝေနိုင်ငံသည် တရုတ်လုပ်ငန်းများနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ခြောက်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပေကျင်း မြို့တော် စီးပွားရေးနှင့် ကုန်သွယ်ရေးဗျူရို၏ ဒုတိယအကြီးအကဲနှင့် ပြောရေးဆိုခွင့်ရှိသူ  Lu Huiling  က ပြောကြား သည်။

ယခုနှစ်ပွဲတော်တွင်   ပွဲကျင်းပရာနေရာဖြစ်သည့်   Shougang Park  သို့ လာရောက်လည်ပတ်သူအရေအတွက်လည်း များပြားလာခဲ့သည်။ CIFTIS ၏ အဓိကနေရာများသို့ လာရောက်လည်ပတ် သူဦးရေ ၄၂၀၀၀၀ ရှိခဲ့ပြီး ယင်းမှာ ယခင်နှစ်ကာလတူထက် ၃၆ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း  ၎င်းက ပြောကြားခဲ့သည်။

 ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ