ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်

ပုသိမ် စက်တင်ဘာ ၁၃

 

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျမှု ဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းနှင့် ရေဝင်လမ်းကြောင်းပိတ်ဆို့ ကာကွယ်နိုင်ရေးလုပ်ငန်းများကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

 

ထိုသို့ ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေးအတွက် ရေဝင်ပေါက်တစ်လျှောက် ကြမ်းပြင်မြင့်တက်စေရန် Geo Bag/Geo Tube များကို စက်ရေယာဉ်ဖြင့်ချခြင်း၊ Sheet Pile ရိုက်ပြီးသည့် အပိုင်းအား ခိုင်ခံ့မှုမြှင့်တင်ရန် မြစ်ဘက်ခြမ်းနှင့် ကုန်းဘက်ခြမ်းတို့တွင် ကရိန်းဖြင့် Geo Bag, Jumbo Bag, Geo Tube ကျောက်ခြင်း ချခြင်း၊ သဲအိတ်တွဲများချခြင်း၊ ကမ်းရင်း တာနှင့် Sheet Pile ကြားတွင် သဲမှုတ်ဖြည့် ခြင်း၊ Sheet Pile ၏ ထောက်တန်းနှင့် ထောက်တိုင်များ ဆောင်ရွက်ခြင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

လာရောက်လှူဒါန်း

 

နံနက်ပိုင်းတွင်လည်း ဟင်္သာတမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရိပ်သာတွင် ဧရာဝတီတိုင်း ဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဝိသာခါ ဖောင်ဒေးရှင်းမှ ဆန်၊ ဆီ၊ ဆပ်ပြာ၊ တာပေါ် လင်မိုးကာ၊ လက်ဖက်နှင့် အိမ်သုံးပစ္စည်းများကိုလည်းကောင်း၊ ဦးထွန်းသိန်း-ဒေါ်စန်းရီ စက်သုံးဆီရောင်းဝယ်ရေးနှင့် မြန်မာထမင်းဆိုင် မိသားစုက အလှူငွေ ကျပ်သိန်း ၅၀၀ ကို လည်းကောင်း လာရောက်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)