အသက်ရာကျော်ရှည်ခြင်းသည် မျိုးဆက်တစ်ခုထက်ပိုပြီး အကျိုးဖြစ်ထွန်းစေနိုင်သည်ဟု သိပ္ပံပညာရှင်များက ယူဆလျက်ရှိကြရာ ယခုနောက်ဆုံးလေ့လာတွေ့ရှိမှုအရ ရာကျော်မိဘများ၏ သားသမီးများသည် နှလုံးရောဂါခြိမ်းခြောက် မှုကို နောက်ကျမှခံကြရသည်ကို တွေ့ရှိခဲ့ရသည်။
အဲလ်ဘတ်အိုင်းစတိုင်း ဆေးကောလိပ်၊ ဘော့စတွန်တက္ကသိုလ်နှင့် တပ်ဖ်ဆေးပညာဌာနတို့မှ သုတေသီများ ပူးပေါင်းလုပ်ဆောင်သောလေ့လာမှုတွင် မိသားစုများအတွင်း မကြုံစဖူးသက်ရှည်ကျန်းမာသည့် သက်သေအထောက်အထားများကို ခိုင်ခိုင်မာမာတွေ့ရှိခဲ့ကြသည်။
“အသက် ၁၀၀ နဲ့အထက် အသက်ရှည်ကြသူတွေဟာ ကျန်းကျန်းမာမာနဲ့ အသက်အရွယ်ကြီးရင့်လာဖို့ ဘာတွေလိုအပ်သလဲဆိုတာကို အဓိက လမ်းစပေးနေကြတာပါ”ဟု အိုင်းစတိုင်းဆေးကောလိပ်မှ ဆေးဝါးပါမောက္ခ ဆိုဖီယာ မီလ်မန်းက ဆိုသည်။ “သူတို့ရဲ့ အသက်ရှည်ကျန်းမာမှုကို သားသမီးတွေဆီ လက်ဆင့်ကမ်းပေးသလား၊ ပေးတယ်ဆိုရင်လည်း အဲဒီအားသာချက်တွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကြောင့်လား၊ ဒါမှမဟုတ် မျိုးဗီဇလိုမျိုး ပိုမိုအခြေခံကျတဲ့ အရာတစ်ခုခုကြောင့်လားဆိုတာကို ကျွန်မတို့ သိချင်ခဲ့တာပါ”ဟုလည်း သူက ဆက်ရှင်းပြသည်။
သုတေသီများသည် မတူကွဲပြားသောနေရာများမှ သုတေသနလုပ်ငန်းသုံးရပ်ကို ပေါင်းစပ်ပြီး ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ အိုင်းစတိုင်းဆေးကောလိပ်၏ အသက်ရှည်ခြင်းဆိုင်ရာ လေ့လာမှု၊ ဘော့စတွန်တက္ကသိုလ်၏ ထောင်စုနှစ်ဖွားများအပေါ် လေ့လာမှုနှင့် ဗြိတိန်ဇီဝဘဏ်၏ လေ့လာမှုတို့၏ ရလဒ်များကိုပေါင်းပြီး လေ့လာဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။ သုံးဖွဲ့ပေါင်း၍ အသက်ရာကျော် မိဘတစ်ပါးစီရှိကြသည့် အရွယ်ရောက်ပြီးသူ ၂၀၀၀ ကျော်ကို လေ့လာခဲ့ကြသည်။
မည်သည့်အသက်အရွယ်တွင်မဆို မိဘတစ်ဦးဦး အသက် ၁၀၀ ရှည်ခဲ့သူများသည် မိဘအသက်တိုခဲ့သူများနှင့် ယှဉ်ပါက သေဆုံးနိုင်ခြေ ၄၂ ရာခိုင်နှုန်း ပိုမိုနည်းပါးသည်။ ၎င်းတို့၏ နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြေမှာ ၃၃ ရာခိုင်နှုန်း ပိုနည်းပြီး သွေးတိုးရောဂါဖြစ်နိုင်ခြေမှာ ၃၂ ရာခိုင်နှုန်း ပိုနည်းသည်ဟု ဆိုသည်။
ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အစားအသောက်၊ ပညာရေးနှင့် လူမှုစီးပွားအခြေအနေများကို ထည့်သွင်းတွက်ချက်ပြီးသည့်နောက်မှာပင် အဆိုပါအကျိုးကျေးဇူးများသည် ကြီးမားစွာတည်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် မိသားစုအချို့တွင် ထူးခြားစွာအသက်ရှည်ရခြင်းသည် ကျန်းမာရေးအလေ့အထများနှင့် လူမှုရေးအခြေအနေများကြောင့်ချည်းမဟုတ်ကြောင်း တွေ့ရှိရသည်။
နီဇော်သစ်


