ဂျကာတာ စက်တင်ဘာ ၁၃
အင်ဒိုနီးရှားနိုင်ငံအနီး ဂျာဗားပင်လယ်ပြင်တွင် လူဦးရေ ၂၄၃ ဦး လိုက်ပါလာသည့် ကူးတို့သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ကြောင်း သိရသည်။
Virgo Transport 8 ခရီးသည်တင်သင်္ဘောသည် စက်တင်ဘာ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် မိုးလေဝသအခြေအနေဆိုးရွားမှုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ရှာဖွေ ကယ်ဆယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။
ခြောက်ဦး သေဆုံးပြီး ၁၃၀ မှာ ပျောက်ဆုံးနေကြောင်းနှင့် ၁၀၇ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
တောင်ကာလီမန်တန်ဒေသရှိ ဘန်ဂျာမာစင်မြို့သို့ ဦးတည်ခုတ်မောင်းနေသော အဆိုပါသင်္ဘောနှင့် ဆက်သွယ်မှုပြတ်တောက်သွားကြောင်း သင်္ဘောကုမ္ပဏီက စက်တင်ဘာ ၁၃ ရက် အစောပိုင်းတွင် အသိပေးအကြောင်းကြားခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။ ထို့ပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ လူပေါင်း ၁၀၇ ခန့်ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ခြောက်ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အဆိုပါသင်္ဘောသည် စက်တင်ဘာ ၁၂ ရက် က အရှေ့ဂျာဗားရှိ ဆူရာဘာယားမြို့မှ ထွက်ခွာကာ တောင်ကာလီမန်တန်ပြည်နယ်ရှိ ဘန်ဂျာမာစင်မြို့သို့ ဦးတည်သွားနေစဉ် မိုးလေဝသအခြေအနေ ဆိုးရွား မှုနှင့်ကြုံတွေ့နေရကြောင်း သင်္ဘောဝန်ထမ်းများက အသိပေးပြောကြား ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် သင်္ဘော၏ နောက်ဆုံးတည်နေရာအနီးရှိ ရေပြင်သို့ ဝန်ထမ်းများ၊ သင်္ဘောများနှင့် ရဟတ်ယာဉ်တစ်စင်းတို့ကို စေလွှတ်ထားပြီးဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


