နယူးဒေလီ စက်တင်ဘာ ၁၃
တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ၁၈ ကြိမ်မြောက် BRICS အဖွဲ့အစည်းအဝေး၏ ပြင်ပတွင် စက်တင်ဘာ ၁၂ ရက်က တွေ့ဆုံ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကာ အရေးကြီးသည့် သဘောတူညီချက်များ ရရှိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်-အိန္ဒိယနှစ်နိုင်ငံ ဆက်ဆံရေးကို မဟာဗျူဟာမြောက် အမြင့်မားဆုံး အဆင့်နှင့်ရေရှည်ကို မြော်တွေးကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။ မိမိတို့ နှစ်နိုင်ငံအကြားရှိ အဖွဲ့အစည်းများအချင်းချင်း ကူးလူး ဆက်ဆံမှုများ ရှိပြီး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လျက်ရှိကာ နှစ်နိုင်ငံအကြားကုန်သွယ်ရေးမှာလည်း စံချိန်တင်မြင့်တက်နေကြောင်း ၎င်းကပြောကြားသည်။ နှစ်နိုင်ငံအကြား အပြန်အလှန်အားပေးကူညီမှုများဆောင်ရွက်ပြီး ဘုံဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ကာ ကမ္ဘာ့တောင်ဘက်ခြမ်း အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အတွက် အရေးကြီးသည့် တာဝန်များကို မျှဝေထမ်းဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
နှစ်နိုင်ငံစလုံးအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အဓိက ဘုံအခြေခံအချက်အဖြစ် အလေးထားဆောင်ရွက်သင့်ပြီး တစ်ချိန်တည်းမှာပင် ချစ်ကြည်ရင်းနှီးသော အပြန်အလှန်ဖလှယ်မှုများနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ခိုင်မာအားကောင်းစေသင့်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မိမိအကြား အကျိုးရှိစေမည့် ဆွေးနွေးပွဲများစွာကို ပြုလုပ်ခဲ့ပြီး အိန္ဒိယ-တရုတ် ဆက်ဆံရေးကို အပြုသဘောဆောင်သောလမ်းကြောင်းဆီသို့ ဦးတည်စေခဲ့ကာ နှစ်နိုင်ငံစလုံးမှ စုစုပေါင်းလူဦးရေ ၂ ဒသမ ၈ ဘီလီယံကျော်၏ ဘုံအကျိုးစီးပွားကို အထောက်အကူပြုခဲ့ကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့သည်။
အိန္ဒိယနှင့် တရုတ်တို့၏ ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှုအမွေအနှစ်ကြီး နှစ်ခုသည် နှစ်ထောင်ပေါင်းများစွာကြာ ကာလတစ်လျှောက် အပြန်အလှန်ဖလှယ်မှုများမှတစ်ဆင့် တစ်ခုနှင့်တစ်ခု သင်ယူလေ့လာခဲ့ကြပြီး လက်တွဲညီညီ ရှေ့ဆက်လှမ်းခဲ့ကြသည်ဟု ၎င်းက ဆိုသည်။
အိန္ဒိယနိုင်ငံသည် အိန္ဒိယ-တရုတ် ဆက်ဆံရေးကို မဟာဗျူဟာမြောက်အမြင်နှင့် ရေရှည်ရှုထောင့်တို့မှ အမြဲတမ်းရှုမြင်လေ့ရှိပြီး တရုတ်နိုင်ငံနှင့် မိတ်ဖက်များအဖြစ် ပူးပေါင်းဆောင်ရွက်လိုသကဲ့သို့ တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အခြားတစ်နိုင်ငံအတွက် စိန်ခေါ်မှုတစ်ခုအဖြစ်မဟုတ်ဘဲ အခွင့်အလမ်းတစ်ခုအဖြစ် သတ်မှတ်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


