ကွက်စိပ်နဲ့ ရိုးကယိုကု (RoKyoku)

သတင်းထောက် သာထူး

ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးတွေ ကျင်းပလာခဲ့တာ နှစ်ပေါင်း ၃၀ ကျော်လာခဲ့ပြီ။ ၁၉၉၃ ခုနှစ်မှာ စခဲ့တာဆိုတော့ ၃၃ နှစ်ကြာခဲ့ပြီပေါ့။ အဲဒါအတွက် ဘာတွေအကျိုးဖြစ်ထွန်းခဲ့သလဲလို့ဆိုရင် မြန်မာ့မူ၊ မြန်မာ့ဟန်နဲ့ မြန်မာအသံ ရိုးရာတေးသီချင်းတွေ၊ မြန်မာအကရဲ့ ကကြိုးကကွက်တွေ၊ မြန်မာ့အတွေး၊ မြန်မာဆန်တဲ့ ခံစားချက်တွေနဲ့ မြန်မာစည်းဝါးနဲ့ကိုက်ညီတဲ့ သီချင်းဂီတ ရေးဖွဲ့ပုံတွေ၊ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဆိုတဲ့ မြန်မာ့တူရိယာ တီးမှုတ်ပုံတွေ နှစ်ပေါင်း ၃၀ ကျော်ဆက်ပြီး တည်တံ့ခဲ့တယ်။ ဒါ့အပြင် တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မြန်မာ့ရုပ်သေး အမြင့်သဘင်နဲ့ ကွက်စိပ်စာဟော သဘင်တို့ စင်မြင့်ပေါ်မှာ အနည်းဆုံး တစ်နှစ်တစ်ခါတော့ ခံ့ခံ့ထည်ထည် ပြန်လည်တွေ့မြင် နားဆင်ခွင့် ရနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

တကယ်တော့ ရုပ်သေးနဲ့ ကွက်စိပ်ဆိုတဲ့ ဖျော်ဖြေမှု အနုပညာရပ်တွေက သာထူးတို့ငယ်စဉ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ ကျော်လောက်ကတည်းက မှေးမှိန်နေခဲ့ပြီ၊ လူထုပရိသတ်နဲ့ ဝေးကွာနေခဲ့ပြီလို့ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက မမြင်ဖူး၊ မတွေ့ဖူးလောက်အောင် ရှားပါးနေပါပြီ။ ဒါပေမယ့် အဲဒီအချိန်က မြန်မာ့အသံရေဒီယိုကို တစ်နိုင်ငံလုံး နားထောင်ခဲ့ကြတဲ့ ခေတ်ကာလဆိုတော့ ဆရာ ကန်မြဲအေးကျော်ရဲ့ တေးဖွဲ့လက်ရာ “ရုပ်သေးပွဲ သွားရအောင်” ဆိုတဲ့ သီချင်းလေးကို မြန်မာ့အသံက မကြာမကြာထုတ်လွှင့်တာ ကြားကြရသလို ရေဒီယိုက အပတ်စဉ်ထုတ်လွှင့်တဲ့ ကွက်စိပ်ကိုလည်း မျက်မြင်မဟုတ်သည့်တိုင် လေလှိုင်းက တစ်ဆင့် နားဆင်ခွင့်ရခဲ့ကြပါတယ်။

“စင်ခေါင်တိုင်၊ သပြေကိုင်းနဲ့၊ နေမှိုင်းလို့၊ ရွှေဝိုင်းက ဗေထိခေါ်၊ တိုးဟေ့ ပျော်ပျော်၊ အရှေ့ရွာပေါ် စင်တော်ရုပ်သေး၊ နောက်ညတွေ မမြင်ရရင်၊ နွမ်းရလိမ့်လေး...” လို့ အစချီထားတဲ့ “ရုပ်သေးပွဲ သွားရအောင်” သီချင်းကလေးထဲက ရုပ်သေးပွဲကြည့်ချင် တဲ့ စိတ်ဇောနဲ့ ပျော်ရွှင်လှုပ်ရှားနေတဲ့ မိန်းကလေး ငယ်တစ်ယောက်ရဲ့ ပုံရိပ်တွေ၊ လှလှပပ ပြင်ဆင်ပြီး နွားလှည်းတွေစီးလို့ ပျော်ပျော်ပါးပါးရုပ်သေးပွဲ သွားကြတဲ့ မြန်မာ့ဓလေ့ မြင်ကွင်းတွေကို စိတ်အမှန်းနဲ့ပဲ ခံစားနားဆင်ခဲ့ကြရတာ ဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီအသက်၊ ဒီအရွယ်ရောက်တဲ့အထိ ဓာတ်ပုံထဲ၊ ဗီဒီယိုထဲကလွဲလို့ ရုပ်သေး ပွဲကို အပြင်မှာ ဟန်ကျပန်ကျ တစ်ကြိမ်တစ်ခါမှ မကြည့်ခဲ့ဖူး၊ မမြင်ခဲ့ဖူးတာ အမှန်ပါ။ တစ်ချိန်တည်းမှာပဲ မြန်မာ့ရုပ်သေး အမြင့်သဘင်ကို ချစ်ခင်မြတ်နိုးတဲ့စိတ်နဲ့ ထိန်းသိမ်းဖို့၊ မြှင့်တင်ဖို့ ကြိုးစားခဲ့ကြတဲ့ ဆရာကြီး ဦးရဲဒွေး၊ ဆရာကြီး ဦးချစ်စံဝင်း၊ ဆရာမကြီး ဒေါ်မမနိုင် စတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ကြိုးပမ်းမှုတွေကို စာတွေပေတွေကတစ်ဆင့် သိမြင်နေခဲ့ရပါတယ်။

၁၉၉၃ ခုနှစ်မှာ ယဉ်ကျေးမှုတက္ကသိုလ်(ရန်ကုန်)ကို စတင်တည်ထောင်

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး စတင်ကျင်းပခဲ့တဲ့ ၁၉၉၃ ခုနှစ်မှာ ယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်)ကိုလည်း စတင်တည်ထောင်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယကမ္ဘာစစ် ကာလအတွင်း ပြာကျပျက်စီးခဲ့တဲ့ မန္တလေးမြနန်း စံကျော်ရွှေနန်းတော်ကြီးကိုလည်း အဲဒီနှစ်မှာပဲ ပြန်ပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဲဒါတင် မကသေးပါဘူး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး နဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အဲဒီ ကာလမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းကလည်း မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး စာစဉ်တွေ၊ မြန်မာစာပေနဲ့ ရာဇဝင်သမိုင်းဆိုင်ရာ စာအုပ်တွေကို တက်တက် ကြွကြွ ပြန်ပြီးထုတ်ဝေခဲ့ကြတာကလည်း သမိုင်းရဲ့ မှတ်တိုင်တစ်ခုပါပဲ။

ရုပ်သေးနဲ့ ဆို ငို ပြော အနုပညာကို သဘင်ပညာမှာ ထည့်သွင်းသင်ကြား

အဲဒီတုန်းက အယ်ဒီတာချုပ်ရဲ့ တာဝန်ပေးစေလွှတ်မှုနဲ့ သတင်းထောက်ပေါက်စ သာထူးလည်း သတင်းဆောင်းပါးတွေရေးဖို့၊ အင်တာဗျူးတွေလုပ်ဖို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မှာရှိတဲ့ ယဉ်ကျေးမှု တက္ကသိုလ်ကြီးဆီ ရောက်ဖူးခဲ့ရပါတယ်။ ယဉ်ကျေး မှုတက္ကသိုလ်မှာ ပညာအမွေပေးဝေနေကြတဲ့ အနု ပညာရှင် ဆရာ ဆရာမတွေ၊ ပညာဆည်းပူးနေကြတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေလည်း လုပ်ခဲ့ရပါတယ်။ အဲဒီတုန်းက လေ့လာမိခဲ့သမျှမှာတော့ ရုပ်သေးနဲ့ ဆို ငို ပြော အနုပညာတွေကို သဘင်ပညာမှာ ထည့်သွင်းသင်ကြားပေးတယ်ဆိုတာ သိခဲ့ရပါတယ်။

တိမ်မြုပ်ပျောက်ကွယ်လု နီးနီးဖြစ်နေတဲ့ မြန်မာ့စင်တော် ရုပ်သေးနဲ့ ကွက်စိပ် စာဟော အနုပညာ တို့ကို သင်ရိုးညွှန်းတမ်း သင်ကြားမှုအနေနဲ့ ဆက်လက်ထိန်းသိမ်းနေတယ်၊ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးနေတယ်ဆိုတာကို သိခွင့်ရခဲ့တာပါ။ အခုဆို ယဉ်ကျေးမှုတက္ကသိုလ်ကြီးက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကြီးအဖြစ် ပြောင်းလဲတိုးတက်ခဲ့ပြီဖြစ်သလို မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးမြို့မှာလည်း ဒုတိယမြောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကြီးတစ်ခု တည်ရှိနေပါပြီ။ အဲဒီတက္ကသိုလ်ကြီးတွေက မွေးထုတ်ပေးလိုက်တဲ့ နိုင်ငံကျော်အနုပညာရှင်တွေလည်း အောင်မြင်တဲ့ ပြည်သူချစ် အနုပညာရှင်တွေအဖြစ် ရပ်တည်နေကြပါပြီ။

မကြာသေးခင်က လူမှုကွန်ရက်မှာ မြန်မာ့ရိုးရာ ကွက်စိပ်နဲ့ နီးနီးစပ်စပ်တူလှတဲ့ ဂျပန်နိုင်ငံရဲ့  စာဟော အနုပညာ (Storytelling Arts)ကို စိတ်ဝင်စားစရာ တွေ့လိုက်ရလို့ လက်လှမ်းမီသလောက် လေ့လာ ကြည့်မိတယ်ဗျ။ မြန်မာ့ကွက်စိပ်နဲ့ တော်တော်တူပြီး ဂျပန်လူမျိုးတွေနဲ့ ဂျပန်ရောက် ခရီးသွားဧည့်သည်တွေ နှစ်သက်သဘောကျကြတဲ့ ဂျပန်ရိုးရာ ကွက်စိပ် အနုပညာကို သုံးမျိုး ခွဲခြားနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာကွက်စိပ်နဲ့ အနီးစပ်ဆုံးတူ

ပထမတစ်ခုက ရိုးကယိုကု (Rkyoku) လို့ခေါ်ပြီး မြန်မာကွက်စိပ်နဲ့ အနီးစပ်ဆုံးတူတဲ့ ဆိုငို ပြော အနုပညာလို့ ဆိုရမှာဖြစ်ပါတယ်။ စင်မြင့်ပေါ်ကနေ စာဟောဆရာက ပုံပြင်တွေ၊ ရာဇဝင်တွေကို ဇာတ်လမ်းဇာတ်ကွက်တွေ၊ ခံစားချက်တွေ ဖြည့်စွက် ပြီး ဇာတ်ကောင်တွေရဲ့ စကားပြောခန်းတွေမှာ ငိုသံ၊ ရယ်သံ၊ ဒေါသသံ စတဲ့ အသံအမျိုးမျိုး ပြောင်းလဲပြီး စိတ်လှုပ်ရှားစရာကောင်းအောင် ဟောပြောတင်ဆက်ကြတာဖြစ်ပါတယ်။ နောက်ကွယ်ကနေ Shamisen လို့ခေါ်တဲ့ ဂျပန်ရိုးရာ ကြိုးသုံးချောင်းတပ် တူရိယာ တီးခတ်သူ တစ်ယောက်က ဂီတသံစဉ် ပံ့ပိုးပေးပါတယ်။

ဒုတိယတစ်ခုက ရာကူဂို (Rakugo) လို့ခေါ်တဲ့ ဟာသကွက်စိပ်ပါ။ ရာကူဂိုဟောတဲ့သူက ရိုးရာ ဝတ်စုံကို ဝတ်၊ စင်မြင့်ပေါ်က ထိုင်ဖုံ(cushion) တစ်ခုပေါ်မှာ ထိုင်၊ ယပ်တောင်တစ်ချောင်း၊ လက်ကိုင် ပဝါတစ်ထည်နဲ့ တူရိယာမပါဘဲ ပြောတာပါ။ ပြောတဲ့အခါ ဇာတ်ကောင် နှစ်ကောင် ဒါမှမဟုတ် ပိုများတဲ့ ဇာတ်ကောင်တွေရဲ့ ဟန်ပန်အမူအရာ၊ ပြောပုံဆိုပုံတွေကို မျက်နှာအမူအရာ အသံအလှည့် အပြောင်းတွေနဲ့ တစ်ယောက်တည်းက သရုပ်ဖော်ပြောသွားပြီး ဇာတ်လမ်းအဆုံးမှာ ပရိသတ်ပွဲကျ ရယ်မောသွားစေမယ့် ဟာသကွက်နဲ့ အဆုံးသတ်လိုက်တာဖြစ်ပါတယ်။

တတိယတစ်ခုက ခိုးဒန် (Kodan) ဖြစ်ပြီး စစ်ရာဇဝင်နဲ့သမိုင်းကြောင်း ရာဇဝင်တွေကို ဟောတာ ဖြစ်ပါတယ်။ စာဟောဆရာက စားပွဲငယ်လေးတစ်ခု နောက်မှာထိုင်၊ ဝါးခြမ်းပြားငယ် ဒါမှမဟုတ် ယပ်တောင်နဲ့ စားပွဲကို ရိုက်ခတ်ပြီး သမိုင်းဝင်တိုက်ပွဲကြီးတွေ၊ ဆာမူရိုင်း စစ်သူရဲကောင်းတွေအကြောင်းကို စကားလုံးအလင်္ကာတွေသုံးပြီး နားထောင်သူတွေ စိတ်အားတက်ကြွလာအောင် စိတ်ဝင်စားစရာ ဟောပြောကြတာ ဖြစ်ပါတယ်။

အဲဒီ ဂျပန်ကွက်စိပ်တွေကို တိုကျို၊ အိုဆာကာ စတဲ့ မြို့ကြီးတွေက ယိုးဆေး(Yose) လို့ခေါ်တဲ့ ရိုးရာဇာတ်ရုံငယ်လေးတွေမှာ တစ်နှစ်ပတ်လုံး နေ့စဉ် ဖျော်ဖြေတင်ဆက်ပေးနေသလို ပရိသတ်တွေက လည်း လက်မှတ်တွေဝယ်ပြီး သွားနားထောင်နေ ကြဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။ ထုံးစံအတိုင်း ရိုးရာပညာရပ်တွေဖြစ်လို့ သက်ကြီးရွယ်အိုတွေကပဲ အဓိကအားဖြင့် နားထောင်ကြတာဖြစ်ပေမယ့် မကြာသေးခင်က ရာကူဂို (Rakugo) ပညာရပ်ကို အခြေခံရေးတဲ့ Akane- banashi အမည်ရှိတဲ့ လူငယ် ကာတွန်း (Manga)က ကမ္ဘာတစ်ဝန်းမှာ အကြီး အကျယ် အောင်မြင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီလမှာ အန်နီမေးရှင်း (Anime) ဇာတ်လမ်းတွဲအဖြစ် စတင် ထုတ်လွှင့်ခဲ့တဲ့အခါ လူငယ်ထုကြားမှာ ရိုးရာပညာရပ်အပေါ် အကြီးအကျယ် စိတ်ဝင်စားစေခဲ့ပါတယ်။

အလားတူပဲ Showa Genroku Rakugo Shinju လိုမျိုး Anime တွေကြောင့် ဆယ်ကျော်သက်လေးတွေ ရိုးရာဇာတ်ရုံတွေဆီ လာနားထောင်နေကြတဲ့အထိ ဖြစ်လာတယ်လို့ သိရပါတယ်။

ဂျပန်ကွက်စိပ်ဆရာတွေက

အွန်လိုင်းကနေ တင်ဆက်ပေး

ဒါ့အပြင် ဂျပန်ကွက်စိပ်ဆရာ (Rakugoka) တွေကလည်း ကိုဗစ်ကာလကနေ အခုချိန်ထိ You Tube ကနေ တိုက်ရိုက် Livestreaming ထုတ်လွှင့်တာ၊ Podcasts အသံဖိုင်တွေနဲ့ အွန်လိုင်းဗီဒီယိုတွေ ကနေ တင်ဆက်ပေးနေတာကြောင့် နားထောင်သူဦးရေ ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ နားလည်အောင် အင်္ဂလိပ်ဘာသာနဲ့ဟောတဲ့ ရာကူဂိုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို လက်ရှိရှင်သန်နေဆဲသူတွေက ဖန်တီးကြတာဖြစ်ပါ တယ်။ ရှေးလူတွေ ချန်ထားရစ်ခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပျောက်ပျက်မသွားအောင် ဆက်ထိန်းသိမ်းကြဖို့ကလည်း ရှင်သန်နေဆဲ မျိုးဆက်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ မိမိတို့ခေတ်၊ မိမိတို့အခါမှာ မိမိတို့ ဖန်တီးကြရမယ့် ယဉ်ကျေးမှု ကို မြင့်မြင့်မားမား၊ ခံ့ခံ့ထည်ထည် ဖန်တီးကြရမှာ ဖြစ်သလို ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတို့ရဲ့ ဝိသေသ လက္ခဏာအဖြစ် တည်ရှိနေတဲ့ ယဉ်ကျေးမှုအမွေ အနှစ်တွေကို ပေါ်လွင်ထင်ရှားလာအောင် အရောင်တင် လင်းလက်စေရမှာ ဖြစ်ပါတယ်။

သူတို့နိုင်ငံမှာ သူတို့လူငယ်တွေက သူတို့ ယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ် မြှင့်တင်ကြသလို ကိုယ့်နိုင်ငံမှာလည်း ကိုယ့်လူငယ်တွေက ကိုယ့် ယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်မြှင့်တင်ကြရမှာ ပါ။ မြန်မာ့ရိုးရာကွက်စိပ်စာဟော အနုပညာကို ဂျပန်ကွက်စိပ် ရိုးကယိုကု (Rkyoku) တို့၊ ရာကူဂို (Rakugo)တို့လို မြန်မာ့မြို့ကြီးပြကြီးတွေမှာ တခမ်းတနား ပြန်လည်ထွက်ပေါ်လာပြီး မိမိနိုင်ငံသားတွေ၊ လူငယ်တွေနဲ့ နိုင်ငံခြားခရီးသွားတွေ စိတ်ဝင်တစား အားပေးနားထောင်လာကြအောင် စွမ်းဆောင်ကြဖို့ တိုက်တွန်းရင်း မကြာမီကျင်းပတော့မယ့် (၂၇)ကြိမ် မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးကို ကြိုဆိုလိုက်ရကြောင်းပါဗျာ။ ။