ရန်ကုန် စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး စာမေးပွဲနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
နံနက်ပိုင်းတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအဖြစ် စိုက်ပျိုးရေးဦးစီးဌာန၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်၊ စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ စိုက်ပျိုးရေးဦးစီးဌာန၏ မူဝါဒများနှင့် စိုက်ပျိုးပညာပေးဝန်ထမ်းများ သိရှိထားရမည့် အကြောင်းအရာများကို ရေးဖြေစာမေးပွဲ ဖြေဆိုကြသည်။
ထို့နောက် ကျောက်တန်းမြို့နယ်ဦးစီးမှူး ဦးဇာနည်လှိုင်က ဝန်ထမ်းများအား လက်ရှိရာသီဥတု ပြောင်းလဲလာမှု၊ အယ်နီညိုဖြစ်စဉ်များနှင့် စိုက်ပျိုးရေးကဏ္ဍကိုလည်းကောင်း၊ သန်လျင်ခရိုင် ခရိုင်ဦးစီးမှူး ဒေါက်တာဝင်းသန်းက ပိုးသတ်ဆေးအသုံးပြုမှုနှင့် ဓာတ်ကြွင်းကင်းစင်ရေး အကြောင်းအရာတို့ကို အသိပညာပေး ဟောပြောသည်။ အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးစာမေးပွဲနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ ဦးစီးမှူးရုံးများမှ စိုက်ပျိုးရေးပညာရှင် ၇၀ နှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ဥသာ


