ကချင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဆောင်ရွက်ရမည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများသယ်ဆောင်နိုင်‌ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား စက်တင်ဘာ ၁၃

 

ကချင်ပြည်နယ် အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဆောင်ရွက်ရမည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ သတ်မှတ် ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများ အဆင်ပြေစွာ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ရန် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီးမှ ဝယ်ယူသယ်ဆောင်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ညှိနှိုင်းဆွေးနွေးကြသည်။

 

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ယခုဘဏ္ဍာနှစ်အတွက် တည်ဆောက်ရမည့် လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် သတ်မှတ်ချိန်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများ ရရှိရေးသည် အရေးကြီးကြောင်း၊ သို့ဖြစ်၍ မန္တလေး-မြစ်ကြီးနား လမ်းကြောင်းအတိုင်း သယ်ယူနိုင်ရေး နိုင်ငံတော်အစိုးရက စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အတွက် လုပ်ငန်းစီမံကိန်းအလိုက် ဘိလပ်မြေ၊ သံချောင်း စသည့် အခြေခံလိုအပ်ချက်များ လုံလောက်စွာ သယ်ယူရရှိရေး ဆွေးနွေးညှိနှိုင်းကြရန် တိုက်တွန်း မှာကြားသည်။

 

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

 

ဆက်လက်၍ တက်ရောက်လာ ကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကုန်သည်ကြီးများအသင်း၊ ကုန်စည်ပို့ဆောင်ရေး အသင်း၊ ကုန်မာဆိုင် လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ဝန်ကြီးဌာနအလိုက် ပြည်နယ်အတွင်း ဆောင်ရွက်သွားမည့် အဆောက်အအုံ၊ လမ်း/ တံတား တည်ဆောက်ရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ လိုအပ်မည့်အရေအတွက်၊ လက်ရှိ သယ်ယူလျက်ရှိသည့် လမ်းကြောင်း အခက်အခဲများကို တင်ပြ ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 ပြည်နယ်(ပြန်/ဆက်)