ထန်းတပင်မြို့နယ်၌ ဓမ္မစကြာရွတ်ဆိုပြိုင်ပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၃

 

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)တို့ ပူးပေါင်း၍ ဓမ္မစကြာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာရှိ ရတနာသိင်္ဂီကျောင်းတိုက်ကြီး၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ စိန္တိတာရာမနိဗ္မိ တာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစိန္တိတထံမှ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှတာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများက ဆုံးမသြဝါဒစကားများ နာယူကြသည်။

 

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာသွယ်နှင့် ထန်းတပင် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဥက္ကဋ္ဌ ဦးသန်းဝင်းတို့က ပြိုင်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

အဆိုပါပြိုင်ပွဲကို သုံးရက်ကြာကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ အခြေခံပညာကျောင်း ၁၅ ကျောင်းမှ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူအသင်း ၁၅ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)