နေပြည်တော် စက်တင်ဘာ ၁၃
စစ်ကိုင်း တိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ နှစ် ၇၀၀ အားကစားကွင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အားကစားကွင်းတွင် ဘောလုံးကွင်း မြက်ခင်းပြုပြင်ခြင်း၊ ရေဖျန်းစနစ် ပြုပြင်ခြင်း၊ Over Head Tank ဂါလန် ၃၆၀၀ ဆံ့ တည်ဆောက်ခြင်း၊ ရိုးရိုးတန်းပွဲကြည့်စင် အမိုးမပါ နှစ်ထပ် (ပေ ၄၄၀ x ၃၅ ပေ) တည်ဆောက်ခြင်း၊ အရှေ့ဘက်၊ မြောက်ဘက်နှင့် တောင်ဘက် (ပေ၂၅၄၀ x ၇ ပေ) အုတ်တံတိုင်းတည်ဆောက်ခြင်းလုပ်ငန်းနှင့် ဦးစီးအရာရှိ နေအိမ် (ပေ ၃၀ x ပေ ၃၀ x ၁၅ ပေ) တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစဉ် အားကစားကွင်းအား နိုင်ငံတကာအဆင့်မီပြီး အရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ် စံနှုန်းများအတိုင်း ပြည့်မီ၍ ရေရှည်တည်တံ့ပြီး အသုံးပြုနိုင်စေရေးတို့ကို အလေးထား ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ထို့ပြင် စစ်ကိုင်းမြို့နယ်ရှိ ပိုးတန်းအားကစားကွင်း၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်လျက်ရှိသည့် ခရိုင်အားကစားရုံ (ပေ ၆၀ x ပေ ၃၀ x ၁၂ ပေ)တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)ရှိ အားကစားကွင်း/အားကစားရုံများ၊ သင်တန်းသား သင်တန်းသူ အိပ်ဆောင်များ၊ စားရိပ်သာနှင့် စာသင်ဆောင်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ချမ်းမြသာစည် မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်းနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသည့် အမျိုးသမီး ဘောလုံးအကယ်ဒမီ (မန္တလေး)တို့ရှိ စာသင်ခန်း၊ စားရိပ်သာနှင့် ဆေးပေးခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ အားကစား အထောက်အကူပြု ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


