စိုးမိုး (စံပြကျောင်း၊ မန္တလေး)
ကျောင်းနေအရွယ်ကလေးငယ်များကို ငယ်ရွယ်စဉ်မှစ၍ အသိပညာ၊ အတတ်ပညာများရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် ၎င်းတို့ဘဝတိုးတက်ရေးအတွက် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို များစွာအထောက်အကူဖြစ်မည် ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာပြည့်စုံပြီး အတွေးအခေါ် မှန်ကန်ကောင်းမွန်သည့်လူငယ်များကို မွေးထုတ်ပေးနိုင်မှသာလျှင် နိုင်ငံ၏အနာဂတ်သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ရန်ကုန် နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ပညာရေးနှင့်ဆက်စပ်ပြီး ကျန်းမာရေးကဏ္ဍတွင်လည်း နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် သက်တမ်းစေ့နေနိုင်ရေးသည် အရေးကြီးကြောင်းအပြင် အဓိကအားဖြင့် ကျောင်းကျန်းမာရေးနှင့် ပတ်သက်၍ ကျောင်းနေအရွယ်ကလေးငယ်များ၏ ကျန်းမာရေး အသိရှိစေရန် ကျန်းမာရေးဝန်ထမ်းများက အချိန်အခါအလိုက်၊ အသက်အရွယ်အလိုက် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အာဟာရပြည့်ဝစွာစားသုံးကြရေး အသိပညာပေးခြင်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကျောင်းဝန်းကျင်တစ်ဝိုက် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်ဖြစ်စေရေး၊ အစားအသောက်နှင့် သောက်သုံးရေများ သန့်ရှင်းမှုရှိစေရေးအတွက် စီမံဆောင်ရွက်သွားရန်လိုခြင်း၊ ကလေးများကျန်းမာကြံ့ခိုင်သည့် ခန္ဓာကိုယ်ရရှိရေးအတွက် အာဟာရပြည့်ဝသည့် အစားအစာများ ကျွေးမွေးရန်လိုကြောင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအားနည်းချက်ကြောင့် အားကစားကဏ္ဍတွင်ပါ အားနည်းနိုင်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများကိုကျင့်သုံး
ထို့ပြင် ဩဂုတ်လ ၁၀ ရက်နေ့တွင် နေပြည်တော်ရှိ အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁)၌ ကျင်းပပြုလုပ်သော ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဗဟို အဆင့်)အထိမ်းအမှတ် အခမ်းအနားတွင်လည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားမြွက်ကြားရာတွင် “ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်”ဟူသည့်အတိုင်း ငယ်ရွယ်စဉ် ကလေးဘဝမှစပြီး အသက်အရွယ်ကြီးပြင်းလာ သည်အထိ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများကို ကျင့်သုံးသွားစေရန် အလွန်အရေးကြီးကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့်ညီညွတ်သည့် အမူအကျင့်များကို ကျောင်းသား ကျောင်းသူများမှတစ်ဆင့် မိသားစုနှင့် ပြည်သူလူထုအတွင်း ပျံ့နှံ့ကျင့်သုံးလာစေပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လူမှုအသိုက်အဝန်းတစ်ခုဖြစ်အောင် ဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကျောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကိုလိုနီခေတ်က စတင်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြဋ္ဌာန်းထားသည့် ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရောဂါကာကွယ်ခြင်းသာမက ကျောင်းသားများ၏ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ အာဟာရနှင့်ကျန်းမာသည့် ဘဝနေထိုင်မှုပုံစံကိုပါ မြှင့်တင်ပေးသည့် ဘက်စုံကျောင်းကျန်းမာရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား ကျောင်းသူများကို ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပညာရေးအပိုင်းကလည်း ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိများ ပိုမိုရရှိစေရေး ကျောင်းသင်ခန်းစာများတွင် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်ကို ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍လည်း ကျန်းမာရေး အဆင့်မြင့်ကျောင်းလုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများအပြင် ကျောင်းသား မိဘများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကလည်း သိရှိပြီး ပူးပေါင်း ပါဝင်ပံ့ပိုးပေးကြရန် လိုအပ်ကြောင်း၊ ယင်းရည်ရွယ်ချက်ဖြင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများကို နှစ်စဉ် ဩဂုတ်လ ဒုတိယပတ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုံမှန်ဆောင်ရွက်ကြခြင်းပင်ဖြစ်ကြောင်း၊ အလားတူ နှစ်စဉ်ဩဂုတ်လ ဒုတိယပတ်တွင် “ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်”ကိုလည်း တစ်ချိန်တည်း ဆောင်ရွက်ကြောင်းကို သိရှိရကြောင်း၊ ထိုသို့ ကျောင်းကျန်းမာရေးသီတင်းပတ်နှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်တို့ကို တစ်ချိန်တည်း ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေးကို စစ်ဆေးပေးနိုင်သည့်အပြင် အရပ်၊ ကိုယ်အလေးချိန်နှင့် အာဟာရဖွံ့ဖြိုးမှုအခြေအနေများကိုပါ တိုင်းတာအကဲဖြတ်နိုင် မည်ဖြစ်ကြောင်း။
ထို့ပြင် ကျောင်းသား ကျောင်းသူများ၏ အာဟာရချို့တဲ့မှု၊ အဝလွန်မှုနှင့် ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာပြဿနာများကို စောစီးစွာ ဖော်ထုတ်နိုင်ပြီး သင့်တော်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း မိဘ၊ ဆရာများနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများတွင် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကျောင်းမှန်မှန်တက်ရောက်မှု၊ သင်ယူနိုင်စွမ်းမြင့်မားမှု၊ ပညာရေးတွင် ထူးချွန်မှုစသည်တို့ကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် တိုင်းပြည်အတွက် အဖိုးတန်ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များကို ရရှိလာစေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ကျောင်းကျန်းမာရေးအလံတော် တလူလူလွင့်လာတော့မည်
စာရေးသူ ရည်ညွှန်းလိုသည်မှာ ယခင်နှစ်ကာလ ဆယ်စုနှစ်နှစ်ခု ကျော်စာမျှ အကြောင်းအမျိုးမျိုးကြောင့် မှေးမှိန်အရောင်ပြယ်လွင့်နေသည့် ကျောင်းကျန်းမာရေးတည်းဆိုသည့် အလံတော်သည် ယနေ့ခေတ်အခါ၌ နိုင်ငံတော်၏ အမြင့်ဆုံး ဦးသျှောင်ပုဂ္ဂိုလ်ဖြစ်သည့် နိုင်ငံတော်သမ္မတ၏ စိတ်ဝင်တစား အားပေးမှုရရှိနေခြင်းဖြင့် မူဝါဒပိုင်းဆိုင်ရာခွင့်ပြုအာမခံချက် အမြင့်ဆုံးရရှိရာရောက်ပြီး ကျောင်းကျန်းမာရေးအလံတော်သည် လေပြည်ထဲတွင် ဝင့်ဝင့်ကြွားကြွားဖြင့် တလူလူလွင့်လာတော့မည်ဟု ယုံကြည်မိပါသည်။
ကျောင်းကျန်းမာရေးလုပ်ငန်းနှင့် ကျောင်းတွင်းအာဟာရကျွေးလုပ်ငန်းသည် ခွဲခြားမရ ဆက်စပ်နေသည့်လုပ်ငန်းတစ်ရပ်ဖြစ်သည့် အားလျော်စွာ ကျောင်းကျန်းမာရေးလုပ်ငန်းသည် ပညာသင်ကြားရေးကို ထိခိုက်မှုမရှိသည့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ကျွဲကူးရေပါသဘော ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ ကျောင်းကျန်းမာရေး စံပြကျောင်းများ ရွေးချယ်ရေးအနေဖြင့် မြို့နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့် စသည်ဖြင့် မိမိတို့ဆောင်ရွက်ခဲ့ကြရာ တွင်လည်း လမ်းဘေးဝဲ၊ ယာ၊ ကျောင်းအဆောက်အအုံ ကောင်းမွန်သည့် ကျောင်းမျိုး တစ်ကျောင်းစ၊ နှစ်ကျောင်းစကိုသာရွေးချယ်ပြီး သနပ်ခါး လိမ်းယှဉ်ပြိုင်ခြင်းမျိုးမဟုတ်ဘဲ မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်းများကို အားလုံးပါဝင်ဆောင်ရွက်စေမှသာ အနှစ်သာရရှိသော ကောင်းမွန်မှန်ကန်သည့် ယှဉ်ပြိုင်မှုဖြစ်ပေလိမ့်မည်။
ကျောင်းကျန်းမာရေးလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်
ကျောင်းမကောင်းလျှင် ရွာမကောင်း၊ ရွာမကောင်းလျှင် မြို့မကောင်း၊ မြို့မကောင်းလျှင် နိုင်ငံမကောင်းနိုင်ဟူသည့် ခံယူချက်ထားရှိပြီး ကျောင်းကျန်းမာရေးလုပ်ငန်းကို ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည့် လုပ်ငန်းတစ်ရပ်အဖြစ် လုပ်ဆောင်ခြင်းဖြစ်ကာ ငါးပွက်ရာ ငါးစာချ၊ ကောက်ရိုးမီးကဲ့သို့ အထက်လူကြီးစိတ်ဝင်စားသည့်အချိန် ထလုပ်ခြင်းမဟုတ်ဘဲ စဉ်ဆက်မပြတ် ဆောင်ရွက်မှသာ ကျောင်းကောင်း အင်္ဂါရပ်နှင့်ပြည့်စုံပြီး နောင်တစ်ခေတ်အတွက် အရည်အချင်းပြည့်ဝ ကောင်းမွန်သော ခေါင်းဆောင်ကောင်း ဝန်ထမ်းကောင်းများကို မွေးထုတ်နိုင်သည့်ကျောင်းများ ဖြစ်ပေါ်စေလိမ့်မည်။ ကျောင်းကျန်းမာရေးလုပ်ငန်းဆို၍ မိမိတို့ လွန်ခဲ့သည့်နှစ်သုံးဆယ်ကျော်က အတွေ့အကြုံကိုလည်း မျှဝေလိုပါသည်။
မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်တွင် ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလက တာဝန်ထမ်းဆောင်ခဲ့ရာ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ဖွဲ့စည်းပုံအရ ကျောင်းကျန်းမာရေးအဖွဲ့ဟူ၍ သီးခြားမရှိပါ။ သို့သော်လည်း ပညာရေးဌာနမှ ပုဂ္ဂိုလ်များနှင့် ခင်မင်ရင်းနှီးမှုအရ ကျောင်းကျန်းမာရေးလုပ်ငန်းများကို လုပ်သင့်လုပ်ထိုက်သောလုပ်ငန်း များဟုမြော်တွေး၍ မြို့နယ်အတွင်းရှိ ကျောင်းကျန်းမာရေးနှင့် ကျောင်းတွင်းအာဟာရကျွေးလုပ်ငန်းစီမံချက်ကို ရေးဆွဲအကောင် အထည်ဖော်ခဲ့ကြသည်။ ကျောင်းကျန်းမာရေးလုပ်ငန်းတွင် လုပ်ငန်းစဉ် (၇)ရပ်ပါရှိသည်။ ယင်းတို့မှာ-
(၁) ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (ရေကောင်းရေသန့်ရရှိသုံးစွဲရေးနှင့် ကျောင်းယင်လုံအိမ်သာ စနစ်တကျ ဆောက်လုပ်သုံးစွဲရေး၊ အစားအစာသန့်ရှင်းရေး၊ လက်သန့်ရှင်းရေး)၊
(၂) ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးပုံမှန်စစ်ဆေးပေးခြင်း၊
(၃) ရောဂါတွေ့ရှိပါက ကုသပေးခြင်း၊ ညွှန်းပို့ပေးခြင်း၊
(၄) ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း (ခြင်၊ ယင်၊ ပိုးလောက်လမ်းနှိမ်နင်းရေး စသည်ဖြင့်)၊
(၅) အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ခြင်း၊
(၆) ကျန်းမာရေးပညာပေးခြင်း၊
(၇) ခန္ဓာကိုယ်ကျန်းမာဖွံ့ဖြိုးရေးနှင့် အာဟာရဖွံ့ဖြိုးမှု ချို့တဲ့မှုများအား သုတေသနပြုလုပ်ခြင်းတို့ ပါဝင်ပါ သည်။
ထိုလုပ်ငန်းစဉ်များအပေါ်တွင် အခြေတည်၍ မိမိတို့၏ ကျောင်းကျန်းမာရေးနှင့် ကျောင်းတွင်းအာဟာရကျွေးလုပ်ငန်းစီမံချက်ကို စစ်ဆေးချက်ပုံစံ (Check List) များဖြင့် အမှတ်ပေးသည့်စနစ်ဖြင့် ကျောင်းဝင်းကာရံထားမှုနှင့် လုံခြုံမှုရှိ/မရှိ။ ယင်လုံအိမ်သာ စနစ်တကျဆောက်လုပ်ထားမှု၊ အိမ်သာ၌ လက်ဆေးရေနှင့် ဆပ်ပြာ၊ သဲ၊ သဲဆပ်ပြာ၊ ပြာ ရှိ/မရှိ။ ကျောင်းဝင်းသန့်ရှင်းရေးရှိ/မရှိ။ အရိပ်ပင်၊ ပန်းအလှပင်၊ ပရဆေးပင်၊ စားသုံးသီးနှံပင်စိုက်ပျိုးထားမှု ရှိ/မရှိ။ အမှိုက်ပုံးအဖုံးပါ ရှိ/မရှိ။ အမှိုက်ကျင်းထားရှိခြင်း ရှိ/မရှိ။ ကျင်းပြည့်က မီးရှို့မှု ရှိ/မရှိ။ ကျောင်းကစားကွင်းကောင်းမွန်မှု ရှိ/မရှိ။ ကျောင်းစာသင်ခန်း အလင်းရောင်ဝင်ရောက်မှုလုံလောက်ခြင်းရှိ/မရှိ။ စာသင်ပုန်းကြီးဆေးသုတ်ထားခြင်း ရှိ/မရှိ။ အတန်းတိုင်း သောက်ရေ အိုးစင် ရှိ/မရှိ။ ရေအိုး၌ လက်ကိုင်ပါသောက်ရေခွက်နှင့် အညာဒေသ ဖုန်သဲဒဏ်မှ အကာအကွယ်ပြုရန် ဖုန်ကာအုပ်ဆောင်းအုပ်ထား/မထား။ စာသင်ခန်းလေဝင်လေထွက်ကောင်းမွန်မှု ရှိ/မရှိ စသည့် အချက်များကို စစ်ဆေးချက်ပုံစံ (Check List ) များအတိုင်း အမှတ်ပေးကြသည်။
(ဆက်လက်ဖော်ပြပါမည်)


