နေပြည်တော် စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွင်းတွင် ဓာတ်အားယူနစ်ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် AMI စနစ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အစုအဖွဲ့ဖြင့် Digital Smart Meter များ ပြောင်းလဲတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ Digital Smart Meter များ ပြောင်းလဲတပ်ဆင်ဆောင်ရွက်ပေးနေမှု၊ ၆၆/၃၃/၁၁ ကေဗွီ၊ ၃၀ အမ်ဗွီအေ MOGE GIS ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို ယနေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ သာကေတမြို့နယ် လျှပ်စစ်မန်နေဂျာရုံးကို သွားရောက်ကြည့်ရှုစစ်ဆေး ပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ယမန်နေ့ကလည်း ပဲခူးတိုင်းဒေသကြီး (အရှေ့) တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးရှိ ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် နှစ်အလိုက်တိုးတက်လာမည့် ဓာတ်အားသုံးစွဲလိုသူများအား ဓာတ်အားဖြန့်ဖြူးပေးရာတွင် အရည်အသွေးပြည့်မီသော ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ထုတ်လုပ်/ ပို့လွှတ်/ ဖြန့်ဖြူးရေးဌာနများ အားလုံးပူးပေါင်း၍ ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ညနေပိုင်းတွင် လှည်းကူးမြို့နယ် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်း၏ ၆၆/၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေ (၁)မိုင် GIS ဓာတ်အားခွဲရုံကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


