တံတားဦးမြို့နယ်၌ စနစ်ကျသောစိုက်ပျိုးရေးစနစ်စီမံကိန်းဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကျင်းပ

တံတားဦး စက်တင်ဘာ ၁၃

 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးဆောင်ပြီး သမဝါယမ စနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် Cooperative– Based Farming Project (CBFP) စီမံကိန်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက တံတားဦးမြို့ အင်းဝခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက အမှာစကား ပြောကြားပြီး တံတားဦးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်နောင်က စီမံကိန်း ဧရိယာ ဦးစားပေးရွေးချယ် ဆောင်ရွက်မှု၊ စီမံကိန်းဆောင်ရွက်ရမည့် အခြေခံမူများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနဆိုင်ရာများက လိုအပ်သည့်ကိစ္စများကို ဖြည့်စွက်ဆွေးနွေးကြသည်။

 

တံတားဦးမြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် မျိုး၊ သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ရာတွင် စိုက်ဧက ၇၀၀ ၊ မိုးဝါသီးနှံ စီမံကိန်းဆောင်ရွက်ရာတွင် ဧက ၈၀၀၊ ဆောင်းဆီထွက်သီးနှံဖြစ်သည့် မြေပဲစီမံကိန်းတွင် ၄၀၁၂ ဧက၊ နို့စားနွားမွေးမြူရေးလုပ်ငန်း ပံ့ပိုးဆောင်ရွက်ရာတွင် နွာကောင်ရေ ၇၇၆ ကောင်၊ သက်တန့်ရောင် စီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှုတွင် ဝက်ကောင်ရေ ၉၄ ကောင်တို့ကို ဆောင်ရွက်ထားကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)