ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သက်စိုးတောင်ပေါ်ရှိ ကျောက်ရေကန် တက်ရောက်လေ့လာနိုင်

ညောင်ဦး စက်တင်ဘာ ၁၃

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလေ့လာရေး ရောက်ရှိခဲ့ပါက သဘာဝကိုအခြေခံသည့် တောက်တက်ခရီးစဉ်ပါ တက်ရောက်နိုင်ပြီး တုရင်တောင်တန်း၏ တောင်ဘက်သက်စိုးတောင်ပေါ်ရှိ ကျောက်ရေကန်ကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ တာဝန်ရှိသူများထံမှ သိရသည်။

 

တောင်ပေါ်မှာက သိမ်းငှက်၊ ချိုး၊ ယုန်၊ ကြောင်၊ ဘုတ်ငှက်၊ ချိုးလင်းပြာ၊ ချိုးလည်ပြောက်၊ ငှက်ခါး၊ ပိန်ညင်းစသည့် ကျေးငှက်သတ္တဝါများ ပေါများခြင်းကလည်း ငှက်ကြည့်ဝါသနာရှင်များပါ တက်ရောက်လေ့လာ သင့်သည့် ကျောက်ရေကန်ခရီးစဉ်ဖြစ်သည်။ ဒေသပေါက်ပင်များဖြစ်သည့် ထနောင်း၊ ရှား၊ ရှားစောင်း၊ သမုန်း၊ တမာ၊ ထန်းပေါက်၊ နွားမဆေး၊ ဒဟတ်၊ သန်းပင်များကို ကျောက်ရေကန်သွားလမ်းတစ်လျှောက်၌ တွေ့ရှိနိုင်သည်။

 

 ကျောက်ရေကန်ထဲ၌ QR ကုတ်နှင့်တူသည့်အမှတ်အသားနံရံမှာ ရေးထိုးထားသည်ကို တွေ့ရှိနိုင်သည်။ ငါးရုပ်၊ နဂါးရုပ်၊ မိကျောင်းရုပ်၊ ဟင်္သာရုပ်တို့ပါပြီး ကျောက်နံရံမှာ ပန်းချီပုံစံ ကျောက်ထွင်းပြီး ရေးထားသည်များကိုလည်း တွေ့ရှိလေ့လာနိုင်သည်။

 

ညောင်ဦးမြို့မှ တုရင်တောင်သို့ ၁ မိုင် ၇ ဖာလုံ ကွာဝေးပြီး တုရင်တောင်ပေါ် ဘုန်းကြီးကျောင်းရှေ့မှ စတင်ကာ မိနစ် ၃၀ (သို့မဟုတ်) ၂၅ မိနစ်ခန့် တောင်တက်ခရီးစဉ်ဖြစ်သည်။ ကျောက်ရေကန်သည် အလျားပေ ၈၀၊ အနံ ပေ ၈၀၊ အနက် ပေ ၃ဝခန့် ရှိ၍ အလွန်ထူးခြားသည့် ရေကန်တစ်ခုဖြစ်သည်။ အဆိုပါကျောက် ရေကန်၏တောင်ဘက်တွင် မြကန်နှင့် အနောက်တောင်ဘက်တွင် ရှေးဟောင်းမြို့တော် ပုဂံပြည်၏စေတီပုထိုးများ၊ ဧရာဝတီမြစ်နှင့် တန့်ကြည့်တောင်၏ တောင်စဉ်တောင်တန်းများသည် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအား တစ်မူထူးခြားစွာ ဆွဲဆောင်နေသော ခရီးစဉ်သစ်တစ်ခုဖြစ်ကြောင်း သိရသည်။

 

သမိုင်းပညာရှင်အချို့က ၎င်းကျောက်ရေကန်သည် ပုဂံမင်းနေပြည်တော်သို့ ချီတက်လာမည့် အရပ်လေးမျက်နှာမှ ရန်သူများကို တိုက်ခိုက်ရန်အတွက် ရှေ့တန်းတပ်စခန်းတစ်ခုဖြစ်ပြီး စစ်ရေးအရ အလွန်အရေးကြီးသည့် ဆင်တပ်၊ မြင်းတပ်များ စခန်းချရာ တပ်စခန်းတစ်ခုအဖြစ် အသုံးပြုခဲ့သည်ဟု သိရသည်။ သက်လူမျိုးများနေထိုင်သည့် တောင်တစ်ခုဖြစ်၍ ၎င်းတောင်ကို သက်စိုးတောင်ဟုလည်းခေါ်ကြောင်း သိရသည်။

 

ဒီပါလင်း