နယူးဒေလီ စက်တင်ဘာ ၁၃
BRICS အဖွဲ့ဝင် ဖွံ့ဖြိုးဆဲစီးပွားရေးနိုင်ငံများက အရှေ့အလယ်ပိုင်းဒေသအရေးနှင့် ပတ်သက်ပြီး အမြင့်မားဆုံးသော ထိန်းသိမ်းလိုက်နာမှုများ ပြုလုပ်ကြရန်တိုက်တွန်းထားသည့် ပူးတွဲကြေညာချက် တစ်ရပ်ကို အတည်ပြုခဲ့ကြသည်။
BRICS ခေါင်းဆောင်များက အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ၌ BRICS ထိပ်သီးအစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပခဲ့သည်။
အစည်းအဝေး၏ ပထမနေ့တွင် အတည်ပြုခဲ့သော ကြေညာချက်၌ အခြေအနေကို ပိုမိုဆိုးရွားစေနိုင် သည့် လုပ်ရပ်များကို ရှောင်ကြဉ်ကြရန် နိုင်ငံများအား တိုက်တွန်းထားသည်။
ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် အထောက်အကူဖြစ်စေမည့် ရေရှည်နားလည်မှုတစ်ရပ် ရရှိစေရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများနှင့် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများ ပိုမိုလုပ်ဆောင်ကြရန် ခေါင်းဆောင်များက တိုက်တွန်းပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသ အခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရာတွင် အီရန်၊ ယူအေအီးနှင့် အခြားနိုင်ငံများအကြား သဘောထားကွဲလွဲမှုများရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ကြေညာချက်ပါ အကြောင်းအရာများကို နောက်ကွယ်မှ ညှိနှိုင်းဆောင်ရွက်မှုများမှတစ်ဆင့် အပြီးသတ်ရေးဆွဲခဲ့ကြခြင်းဖြစ်ပြီး အဆိုပါစာတမ်းတွင် အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့၏ အမည်များကို တိုက်ရိုက်ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


