အကြိမ် (၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်းငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်   စက်တင်ဘာ  ၁၃

ဂျပန်နိုင်ငံ၌ ကျင်းပမည့် အကြိမ်(၂၀)မြောက်  အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက  အားကစားနည်း ငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို  ဂျပန်နိုင်ငံရှိ နာဂိုယာမြို့နှင့်  Aichi Prefecture မြို့တို့တွင် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အားကစားနည်းအချို့ကို စက်တင်ဘာ ၁၄ ရက်ကတည်းက  စတင်ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အားကစားနည်း  ၄၃  မျိုးမှ ပြိုင်ပွဲ အမျိုးအစား ၄၆၉ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အာရှအိုလံပစ်ကောင်စီအဖွဲ့ဝင် ၄၆ နိုင်ငံမှ အားကစားသမား ၁၀၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပိုက်ကျော်ခြင်း၊ အမျိုးသမီးဘောလုံး၊ Teqball ၊ ကျွမ်းဘားနှင့် Esports အားကစားနည်း ငါးမျိုးယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ယှဉ်ပြိုင်မည့် အားကစားနည်းများအနက် အမျိုးသမီးဘောလုံးပြိုင်ပွဲ  အစောဆုံးယှဉ်ပြိုင်ရမည်ဖြစ်ပြီး အောင်မြင်မှုရရှိရေး  ပြိုင်ပွဲအကြို လေ့ကျင့်ပြင်ဆင်မှုများစွာ ပြုလုပ်ထားသည်။

နောက်ဆုံးကျင်းပသည့် ၂၀၂၂ ဟန်ကျိုး  အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက  ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့ပြီး ပိုက်ကျော်ခြင်း အားကစား နည်းမှ ရွှေတံဆိပ်တစ်ခု၊ နဂါးလှေပြိုင်ပွဲမှ ကြေးတံဆိပ်နှစ်ခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအားကစားအဖွဲ့အတွက်   ရွှေတံဆိပ်ဆုကို ပိုက်ကျော်ခြင်းအသင်းက  အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ချစ်ကိုကို