ရန်ကုန်တိုင်းဒေသကြီး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်) ခရိုင် ဖွင့်ပွဲကျင်းပ


ရန်ကုန် စက်တင်ဘာ ၁၁

 

ရန်ကုန်တိုင်းဒေသကြီး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်) ခရိုင်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပသည်။

 

ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

ပေးအပ်

 

ဖွင့်ပွဲအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို တက်ရောက်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာပြခန်းများနှင့် ပြိုင်ပွဲများကို ကြည့်ရှုအားပေးကာ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ၊ “အသိအလိမ္မာ တိုးပွားဖို့” ခေါင်းစဉ်ဖြင့် စာပေဟောပြောမည့် စာရေးဆရာမ ပေါက်ပေါက်အား ဂုဏ်ပြုလက်ဆောင်နှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး သံတမန်ခန်းမ၌ ရန်ကုန်မြို့အခြေစိုက် ပြင်သစ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ H.E. Mr. Rene CONSOLO နှင့် အဖွဲ့အား တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)