နေပြည်တော် စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၂၀ တွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံး (Peace Palace) ရှိ အစည်းအဝေးခန်း၌ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲပြုလုပ်မည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံး (Peace Palace) သို့ ရောက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး တွေ့ဆုံပွဲကို ကျင်းပသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ကမ္ဘောဒီးယားအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် သမ္မတကြီးအနေဖြင့် တစ်ကြိမ်လာရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မိမိတို့ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် အဆွေတော်၏ ကူညီဆောင်ရွက်ပေးမှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့ နှစ်နိုင်ငံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ဖနောင်ပင်မြို့၏ မြို့ပြစနစ်တကျ ခေတ်မီတိုးတက်လာမှုများကို တွေ့မြင်ရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် မြန်မာပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားသည့် စိတ်၊ မိတ်ဆွေကောင်းပီသသည့်စိတ်ဖြင့် ကယ်ဆယ်ရေးပစ္စည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ မိမိ၏ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံမှ အထူးကိုယ်စားလှယ်စေလွှတ်ပေးခြင်းနှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခြင်းခံရမှုအပေါ် အဆွေတော်ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့မှုအတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲပထမပိုင်းနှင့် တတိယပိုင်းကို ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်များကို လေ့လာသူအဖြစ် စေလွှတ်ပေးသည့်အတွက် အသိအမှတ်ပြု ဝမ်းမြောက်ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အပြုသဘောဖြစ်ပေါ်တိုးတက်မှုများကို အစဉ်တစိုက် ထောက်ခံပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်သည့်အချိန်တွင် ကမ္ဘောဒီးယား - မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးတက်ခိုင်မာလာအောင် ကြိုးပမ်းလုပ်ဆောင်သွားမည်ကို အခိုင်အမာပြောကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ရပ်တည်ထောက်ခံပေးလျက်ရှိမှု အခြေအနေ၊ နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မှု အခြေအနေ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေး ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်လျက်ရှိမှုနှင့် ကမ္ဘောဒီးယားနိုင်ငံအစိုးရအနေဖြင့်လည်း အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများပပျောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်ပြောင်းလဲလျက်ရှိမှု၊ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အလေးထားပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည့် အခြေအနေနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန် မြှင့်တင်နိုင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာသဘောတူစာချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှုမှရှောင်ရှားရေး သဘောတူစာချုပ်၊ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတို့ကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်တို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က ရင်းနှီးနွေးထွေးစွာ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


