အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွား၊ ဒေသခံ ၄သန်းကျော်ထိခိုက်ခံစားခဲ့ရ

နယူးဒေလီ  စက်တင်ဘာ  ၁၀

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့်ဒေသခံ ၄ ဒသမ ၁၄ သန်း ထိခိုက်ခံစားခဲ့ရကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားသည်။

ပြည်နယ်အတွင်းရှိ ခရိုင် ၁၄ ခရိုင်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး ဒေသအတွင်းရှိ မြစ်အများအပြားမှာ  စိုးရိမ် ရေမှတ်ထက်ကျော်လွန်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ငါးရက်အတွင်း ပြည်နယ်အတွင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယခုရေကြီးရေလျှံမှုဖြစ်ရသည်ဟု တာဝန်ရှိသူများက  ပြောကြားသည်။ ဒေသတွင်း လက်ရှိအချိန်တွင် ကယ်ဆယ်ရေးစခန်းများနှင့် ချက်ပြုတ်ရေးနေရာများကို ရေဘေးသင့်သူများအား ထားရှိရေးအတွက်  ဆောင်ရွက်နေကြောင်းနှင့် ဆေးကုသရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။ သဘာဝဘေးဆိုင်ရာ  တာဝန်ရှိသူများအနေဖြင့် လှေရာပေါင်းများစွာဖြင့်  ရေဘေးသင့်သူများအား ကယ်ဆယ်ရေးဆောင်ရွက်နေကြောင်း သိရသည်။ ယခုသဘာဝဘေးအတွင်း အိမ်အရေအတွက် ရာပေါင်းများစွာထိခိုက်ပျက်စီးခဲ့ပြီး ကျေးလက်လမ်း ၇၀၀ အား ရေလွှမ်းမိုးခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ