ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန် စက်တင်ဘာ ၁၀

 

ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာအတွင်းရှိ မြေနေရာအချို့နှင့် အဆောက်အအုံအား နှစ်တို/နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် စိတ်ဝင်စားသည့် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအား စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ(Expression of Interest - EOI)ကို ၂၀၂၆ ခုနှစ် မေ ၂၅ ရက်မှစ၍ စတင်ဖိတ်ခေါ်ခဲ့သည်။

 

အဆိုပါ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အအုံအား နှစ်တို/နှစ်ရှည် ငှားရမ်း ဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများ ဖိတ်ခေါ် ရှင်းလင်းတင်ပြခြင်း (Expression of Interest - EOI) အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)ကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင် များအနေဖြင့် ယခုစိတ်ဝင်စားသူများ ဖိတ်ခေါ်ရှင်းလင်းတင်ပြခြင်းအပေါ် နိုင်ငံတော်နှင့် အများပြည်သူ အတွက် အကျိုးရှိစေမည့် လုပ်ငန်းများကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြ စေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် တိုင်းရင်းသားလုပ်ငန်းရှင် ကုမ္ပဏီများ၏ တာဝန်ရှိသူများက ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)အတွင်း အများပြည်သူ စိတ်ဝင်စားမှု ပိုမိုရရှိလာ စေရန်နှင့် စိတ်ချမ်းမြေ့စွာ ပိုမို လာရောက် အပန်းဖြေနိုင်ရန်အတွက် ၎င်းတို့ ဆောင်ရွက်လိုသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်