မြစ်ကြီးနား စက်တင်ဘာ ၁၀
မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်မြို့နယ်များမှ လော်ဝေါ် တိုင်းရင်းသား မျိုးနွယ်စုများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ဝိုင်းမော်မြို့ အမှတ်(၁)ရပ်ကွက် လော်ဝေါ် ယဉ်ကျေးမှုကွင်းအတွင်းရှိ ဒူဝါကြီး လော်ဝါးဇောင်းခေါင် အောက်မေ့ဖွယ်ဗိမာန်၌ ကျင်းပရာ လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးလမောင်ဂျုံးဒိုင်က လော်ဝေါ် မျိုးနွယ်စုများအပေါ် လူမျိုးအမည် လော်ဝေါ်အစား အမည်မှားများဖြစ်သည့် “လော်ဂေါ် နှင့် မရူ”ဟူသော အခေါ်အဝေါ်၊ အသုံးအနှုန်းနှင့် ရေးသားဖော်ပြ နေကြခြင်းအား ပယ်ဖျက်နိုင်ရေး နိုင်ငံတော်အကြီးအကဲများထံ တင်ပြဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က “လော်ဝေါ်” အစား အမည်မှားများ သုံးနှုန်းခေါ်ဝေါ်ခြင်း မရှိစေရေး “လော်ဝေါ်”အမည် တစ်ခုတည်းသာ သတ်မှတ်သုံးစွဲ ခေါ်ဆိုနိုင်ရေးအတွက် ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြစ်စေရေး၊ အထက်အဆင့်ဆင့်သို့ တင်ပြ ဆောင်ရွက်နိုင်ရန် ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့မှသာ မိမိတို့ မျိုးနွယ်စုအမည်မှန်ကို ခေါ်ဝေါ် သုံးစွဲကြမည်ဖြစ်ပြီး နိုင်ငံတော်ကလည်း တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်အညီ အတည်ပြုသတ်မှတ် ဆောင်ရွက် ပေးမည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နာယက ဦးဘီ ထောဇောင်းက မျိုးနွယ်စု အမည် မှားဖြစ်သည့် အခြားအမည်များ ခေါ်ဝေါ်သုံးစွဲလာမှုအပေါ် အမည် မှန်ခေါ်ဆိုရေး ဆောင်ရွက်ခဲ့ရသည့် အခြေအနေများ၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်မြို့နယ်များမှ လော်ဝေါ်မျိုးနွယ်စု ကိုယ်စားလှယ်များကလည်း မျိုးနွယ်စုအမည် မှန်ကန်စွာရေးသား ခေါ်ဝေါ်နိုင်ရေး ကြိုးပမ်းမှုအပေါ် ကြိုဆိုကြောင်း ထောက်ခံဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ထို့ပြင် အခြေခံနှင့် အဆင့်မြင့် စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့ နာယကတို့က သင်တန်းတွင် ပထဆုနှင့် ဒုတိယဆုရ သင်တန်းသူအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် သင်တန်းသူများ၏ သင်တန်းမှ လက်တွေ့ သင်ကြားထားသည့် အထည်ချုပ် ပညာရပ်များနှင့် အသင့်ချုပ်ထားသော အမျိုးသမီးဝတ်စုံများနှင့် အဝတ်အထည်များ ပြသထားရှိမှုများကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


