ပြည်သူများ မျှော်ရည်သန်ရာ အနာဂတ် ရွှေပြည်တော်ကြီးဆီ ပူးပေါင်းအားဖြင့် အရောက်ချီမည်

ရွှေယွန်း

 

ပြည်မြန်မာကို စပါးခင်းများ၊ သီးနှံစိုက်ခင်းများဖြင့် ရာသီပတ်လုံး စိမ်းစိုသာယာစေလိုကြသည်။ “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ” ဆိုသကဲ့သို့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးစေလိုကြသည်။ ပြည်ရွာအနှံ့ လျှပ်စစ်ယာဉ် ရထားများစီး၍ လွယ်လင့်တကူ ခရီးလမ်းပန်း ပွင့်လန်းစေလိုကြသည်။ ပြည်မြန်မာတွင် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သော နည်းပညာများလည်း ထွန်းကားစေချင်ကြသည်။ စက်ရုံ၊ အလုပ်ရုံများ စည်စည်ဝေဝေဖြင့် အလုပ်အကိုင်အခွင့်အလမ်း ပေါများစေလိုကြသည်။

 

ထို့အတူ ရာသီအလိုက် ပွဲတော်များကျင်းပရင်း ကမ္ဘာအနှံ့အပြားက မြန်မာပြည်လာခရီးသွားများကို “ဒါတို့မြန်မာ့ယဉ်ကျေးမှု”ဟု ဖိတ်ခေါ်ဟစ်ကြွေးလိုကြသည်။ ဘုရား၊ ကျောင်းကန်၊ တန်ဆောင်းများတွင် လှူဒါန်းကုသိုလ်ပြုသူများဖြင့် ရာသီမပြတ် စည်ကားလိုကြသည်။ ကမ္ဘာတည်သရွေ့ မြန်မာပြည်ကြီးတည်ရှိကာ တိုင်းရင်းသားသွေးချင်းညီရင်းအစ်ကို သွေးချင်းမောင်နှမအချင်းချင်း ချစ်ကြည်စည်းလုံးစွာ နေထိုင်လိုကြသည်။ မြေပေါ် မြေအောက်ပေါကြွယ်ဝသည့် သယံဇာတများကို အနာဂတ်မြန်မာနိုင်ငံသားတို့အတွက် စဉ်ဆက်မပြတ် ထိန်းသိမ်းသွားလိုကြသည်။ ထိုထက်မက ပြည်မြန်မာကို ဖွံ့ဖြိုးသာယာစေလိုသည့် ဆန္ဒများလည်းရှိကြသည်။

 

ပြည်မြန်မာထက်သာသည့် တစ်ပြည်တစ်ရွာကို မြင်လေတိုင်း၊ တွေ့လေတိုင်း အမိနိုင်ငံတော်ကြီးကို သူတို့ထက် ပို၍သာလွန်စေချင်ကြသည်။ တိုးတက်ဖွံ့ဖြိုးစေချင်ကြသည်မှာ နိုင်ငံသားတိုင်း နိုင်ငံအပေါ် ထားရှိသည့်စေတနာဖြစ်ပါသည်။ ထိုကဲ့သို့ အမိနိုင်ငံသားများ လိုလားတောင့်တသော ပို၍သာလွန်ကောင်းမွန်သည့် အနာဂတ်နိုင်ငံကို လက်တွေ့လုပ်ဆောင်မှုမပါဘဲ တည်ဆောက်၍မရနိုင်သည်မှာလည်း အမှန်တရားဖြစ်ပါသည်။

 

ဤနေရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ရွေးချယ်မှုများသည် နိုင်ငံတော်အစိုးရ၏တာဝန်၊ အစိုးရတစ်ရပ်ကသာ ဖော်ဆောင်သွားရမည့် အရေးကိစ္စများဖြစ်သည်ဟု ပြည်သူများက သတ်မှတ်ထား၍မရပါ။ မည်သည့်ကဏ္ဍများကို အလေးပေးမည်၊ ပြည်သူ့ကဏ္ဍအတွက် မည်သည်တို့က အရေးပါသည်ကို ပြည်သူများကပါဝင်ကာ ပုံဖော်ဖန်တီးကြရမည်ဖြစ်သည်။ အနာဂတ်နိုင်ငံတော်ကို ပုံဖော်ထုဆစ်ရာတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိနေသည့် မြန်မာ့စီးပွားရေးစနစ်အတွက် ပထဝီစီးပွားရေး အခွင့်အလမ်းများကို မလွတ်တမ်း ဆုပ်ကိုင်အသုံးချကြရမည်ဖြစ်သည်။ သို့အတွက် တည်ငြိမ်အေးချမ်းအောင် ကြိုးပမ်းကြရမည်၊ သွေးစည်းကြရမည်၊ စည်းလုံးကြရမည်။

 

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်နိုင်သည့် အခွင့်အလမ်းများစွာရှိ

 

မြန်မာနိုင်ငံသည် စိန်ခေါ်မှုများရှိနေသော်လည်း ယခုထက်မက လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်နိုင်သည့် အလားအလာကောင်းများစွာ ရှိနေသည်။ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး အခွင့်အလမ်းများစွာ ရှိနေသည်ကို ပထဝီနိုင်ငံရေးကျွမ်းကျင်သူပညာရှင်များက အမြဲထောက်ပြဆွေးနွေးကြသည်။

 

 

သို့သော် ဖွံ့ဖြိုးမှုအခွင့်အလမ်းများ ဖန်တီးရာတွင် ညှိနှိုင်းဖြေရှင်းရန် လက်ကမ်းမပေးသည့်၊ ပြည်သူများလိုလားသည့် လမ်းကြောင်းကို အစိုးရတစ်ရပ် မှန်မှန်ဖြောင့်ဖြောင့် အကောင်အထည်မဖော်နိုင်အောင် ရည်ရွယ်လုပ်ဆောင်နေသည့်၊ ပြည်တွင်းရေးရာကိစ္စရပ်များတွင် ပြည်ပဩဇာ ဝင်ရောက်စွက်ဖက်စေလိုသည့် အကြမ်းဖက်အင်အားစု၏ လုပ်ဆောင်မှုများကို ဤနေရာတွင် ပြည်သူများ သတိချပ်ရမည်သာ။

 

မည်သို့သော အဆိုးမြင်ဆန့်ကျင်လုပ်ဆောင်မှုများ ရှိနေလင့် ကစား အစိုးရနှင့် ပြည်သူပူးပေါင်းအားဖြင့် ကောင်းမွန်စွာ ကျော်လွှားသွားနိုင်ပါသည်။ ထို့အတွက် ပထဝီစီးပွားရေးအခွင့်အလမ်းများကို မိမိရရ ဆုပ်ကိုင်နိုင်ရန်၊ နိုင်ငံပိုမိုဖွံ့ဖြိုးရန် အစိုးရတစ်ရပ် ရှေ့ဆက်တက်လှမ်းရမည့် ခြေလှမ်းများအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်အားသည် အရေးပါလှသည်။

 

စာရေးသူသည် ၂၀၂၄ ခုနှစ် မတ်လက နေပြည်တော်၌ ကျင်းပခဲ့သည့် ပထဝီစီးပွားရေးနှင့် မြန်မာနိုင်ငံ (အခွင့်အလမ်းတွေ ဘယ်လိုရယူမလဲ) အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်နားထောင်ခဲ့ပြီး မှတ်စုစာအုပ်ထဲတွင် ကျောက်ဖြူစီမံကိန်းကို ယခင်နှစ်ပေါင်းများစွာကပင် စဉ်းစားပြင်ဆင်ခဲ့မှု၊ မြစ်ဆုံစီမံကိန်းသာ ဆောင်ရွက်နိုင်ခဲ့ပါက နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာ သုံးစွဲနိုင်မည့်အခြေအနေ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့်ပူးပေါင်း၍ ဆက်သွယ်ရေးလမ်းကြောင်းများ ဖောက်လုပ်ရန် စီစဉ်ခဲ့သည့်အခြေအနေ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု၊ Dry Port Zone များ တည်ဆောက်ရန် လျာထားစဉ်းစားခဲ့မှု၊ အထူးစီးပွားရေးဇုန်များ တည်ဆောက်ရန် လျာထားစဉ်းစားခဲ့မှု၊ လက်ရှိကာလပိတ်ဆို့မှုများနှင့် အစိုးရ၏ ဖြေရှင်းဆောင်ရွက်နေမှုများကို အသေးစိတ်ဆွေးနွေး ပြောကြားခဲ့ကြောင်းဟူ၍ မှတ်သားထားခဲ့ပါသည်။

 

အဆိုပါဆွေးနွေးပွဲတွင် ထိုစဉ်က ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူပညာရှင်များ ဆွေးနွေးထောက်ပြသည့် အကြောင်းအရာများကို ၂၀၂၅ ခုနှစ် မတ်လတွင် ပြုလုပ်ခဲ့သည့် ၂၀၂၅ အလွန်ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲတွင် ထပ်ဆင့်ကြားသိခွင့်ရခဲ့ပါသည်။ အဆိုပါသုံးသပ်ဆွေးနွေးပွဲတွင် နိုင်ငံတကာ နိုင်ငံရေးရာ ကျွမ်းကျင်သူများက မြန်မာ့အရေး စေ့စေ့ငုငု ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။ အဓိကသဘောတရားကို စုစည်းအဖြေထုတ်ပါက ပြောင်းလဲလာနေသည့် ဗဟုဝင်ရိုးကမ္ဘာအစီအစဉ်ကြီးထဲတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု စဉ်ဆက်မပြတ်ရရှိလိုပါက ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး ပကတိအခြေအနေအသစ်များကို လိုက်လျောညီထွေဖန်တီးဖော်ဆောင်ရေးသာဖြစ်သည်။

 

အရင်းအမြစ်များ ကောင်းစွာအသုံးချနိုင်ရေး လိုအပ်

 

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံရှိပြီး လူဦးရေအများဆုံးဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နှင့် အိမ်နီးချင်းနိုင်ငံများ၏ လူဦးရေမှာ လေးဘီလီယံနီးပါးရှိပြီး ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် မိမိတို့နိုင်ငံမှထွက်ရှိသည့် ကုန်ပစ္စည်းများကို တင်ပို့နိုင်သော ခိုင်မာသည့်ဈေးကွက်ကို ဝေးဝေးရှာစရာမလိုတော့ပေ။ တည်ရှိသည့် အရင်းအမြစ်များကို ကောင်းစွာ အသုံးချနိုင်ရေးသာလိုအပ်တော့သည်ကို ဆွေးနွေးပွဲတွင် ပညာရှင်များက ထောက်ပြဆွေးနွေးခဲ့ကြသည်။

 

ထို့ပြင် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားလုံခြုံရေးအတွက် အဓိက ကဏ္ဍများဖြစ်သည့် စားရေရိက္ခာ၊ စွမ်းအင်နှင့် နည်းပညာကဏ္ဍများကဲ့သို့ လုပ်ငန်းများကို ဦးစားပေး ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားရေးကို အလေးပေးဆွေးနွေးကြသည်။ နည်းပညာနှင့် ဒီဂျစ်တယ်၊ အချုပ်အခြာပိုင်ဆိုင်မှု၏ အရေးပါမှုကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

 

ထို့အတူ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နျူကလီးယားနှင့် အခြားစွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ထားသင့်သည့် အကြောင်းအရာများကို နိုင်ငံတကာရေးရာအခြေအနေနှင့်တကွ အကြံပြုဆွေးနွေးခဲ့ကြသည်။ ထိုကဲ့သို့ နိုင်ငံအတွက် ဆွေးနွေးခဲ့မှုများသည် စကားအရာဖြင့် ရပ်တန့်ထား၍မရပါ။

 

စွမ်းအင်လိုအပ်ချက် အလေးပေးဆောင်ရွက်

 

ထို့ကြောင့် လက်ရှိ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူများ လက်တွေ့အကျိုးရလဒ်ခံစားရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေသည်။ ဖွံ့ဖြိုးရေးအတွက် အခြေခံကျသည့် စွမ်းအင်လိုအပ်ချက် ပြည့်စုံဖူလုံရေးကို အလေးပေးဆောင်ရွက်လျက်ရှိသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နျူကလီးယားနှင့် အခြားစွမ်းအင်ကဏ္ဍစုံအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။ ပြည်တွင်း၌လည်း နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။

 

လက်ရှိပြည်တွင်း၌ ပြည်သူများ နေ့စဉ်အသုံးပြုနေသည့် စွမ်းအင်လိုအပ်ချက်အတွက် အစီအစဉ်များစွာဖြင့် ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေသည်။ စက်သုံးဆီနှင့်ပတ်သက်၍ နိုင်ငံအတွင်း ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။ လက်ရှိကာလတွင် ရာခိုင်နှုန်းပြည့် ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင်ခြင်းမရှိသေးသည့်အတွက် ပြည်ပမှ တင်သွင်းနေရမှုအပေါ် ပြည်သူလူထုအနေဖြင့် ဈေးနှုန်း၊ အရည်အသွေးနှင့် အခြင်အတွယ် ထိခိုက်နစ်နာမှုမရှိစေရေး အထူးဦးစားပေးဆောင်ရွက်လျက်ရှိသည်။ တစ်ဖက်မှလည်း သဘာဝဓာတ်ငွေ့ရည်ကို သဘာဝဓာတ်ငွေ့ ပြန်လည်ပြုလုပ်၍ ဓာတ်အားပေးစက်များ မောင်းနှင်သုံးစွဲနိုင်ရေး၊ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) တွင် ဆောင်ရွက်လျက်ရှိသည့် ရေနံချက် စက်ရုံသစ်စီမံကိန်းကဲ့သို့ စီမံကိန်းအသစ်များဖြင့် စွမ်းအင်ထုတ်လုပ်သုံးစွဲနိုင်ရေးတို့ကို ကြိုးပမ်းလျက်ရှိသည်။

 

စွမ်းအင်လိုအပ်ချက်က ဖွံ့ဖြိုးမှုတစ်ဆင့်တက်တိုင်း တိုးတက်လိုအပ်နေဦးမည်သာ။ မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိမှုအချိုး ၇၁ ဒသမ ၃၉ ရာခိုင်နှုန်းရရှိသုံးစွဲနေပြီဖြစ်သော်လည်း ဓာတ်အားလိုအပ်ချက် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လိုအပ်လျက်ရှိကြောင်း သိရှိရသည်။ လက်ရှိဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ် အချိုးအစား (Generation Mix) အနေဖြင့် ရေအား (Hydropower) မှ ၄၇ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင် (Solar and RE) ဖြင့် ငါးရာခိုင်နှုန်း၊ အပူစွမ်းအင် (Gas+ LNG+ Coal)မှ ၄၈ ရာခိုင်နှုန်းရှိပြီး လက်ရှိအချိန်အထိ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား ရရှိမှုအချိုး (Electrification Ratio) မှာ ၇၁ ဒသမ ၃၉ ရာခိုင်နှုန်း ရရှိသုံးစွဲလျက်ရှိကြောင်း သိရသည်။

 

နိုင်ငံအတွက် လိုအပ်နေသည့် စွမ်းအင်ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ရေမြေသဘာဝအနေအထားအရ တည်ရှိနေသည့်၊ ပေါကြွယ်ဝသည့် သဘာဝအရင်းအမြစ်များကို မေ့ထား၍မရပေ။ သဘာဝအရင်းအမြစ်များကို ထိခိုက်မှုမရှိစေဘဲ စနစ်တကျဆောင်ရွက်သည့် ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်သုံး အစရှိသည်ဖြင့် စွမ်းအင်ရရှိရေးစီမံကိန်းများစွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်နေသည်။ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမဟုတ်ပါ။ ကမ္ဘာ့နိုင်ငံများသည် လိုအပ်သည့်စွမ်းအင်အတွက် နျူကလီးယား၊ ရေအား၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ နေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝလောင်စာ၊ ဒီရေ၊ ဘူမိအပူစွမ်းအင်နှင့် အခြားစွန့်ပစ်ပစ္စည်းများ၊ လောင်စာများကနေ ထုတ်ယူသုံးစွဲနိုင်ရန် စီမံကြရသည်။ မိမိနိုင်ငံရှိ အရင်းအမြစ်၏ အားသာချက်၊ အားနည်းချက်များအပေါ် လိုက်ပါပြီး စီမံခန့်ခွဲကြရသည်။ မည်သည့်အရင်းအမြစ်မှမဆို ထုတ်ယူသုံးစွဲပါက ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေမည်မှာ အမှန်တရားဖြစ်ပါသည်။ သို့သော် ကောင်းကျိုးက များများ၊ ဆိုးကျိုးက နည်းနည်းဖြစ်အောင် ဆောင်ရွက်ကြရပါသည်။

 

ဤနေရာတွင် မြန်မာနိုင်ငံ၌ စွမ်းအင်ရရှိရေးစီမံကိန်းဆိုသည်နှင့် အကျိုးထက် အပြစ်ကိုသာ တွင်တွင်ထောက်ပြကြသော အဆိုးမြင်ဝေဖန်မှုများအပေါ် ပြည်သူများအနေဖြင့် အချက်အလက်၊ အကျိုးအကြောင်းဖြင့် မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်စေလိုသည်။ ဆည်တာတမံများရှိသည်မှာ မကောင်း၊ ရေအားလျှပ်စစ်စီမံကိန်းဆိုသည်မှာမကောင်း၊ ကျောက်မီးသွေး အသုံးပြုစီမံကိန်းဆိုသည်မှာမကောင်း၊ နျူကလီးယားစွမ်းအင်လည်းမကောင်းဟု တွင်တွင်ဆိုနေပါလျှင် ဖွံ့ဖြိုးရေးရှေ့ရေးမှာ အရှိန်လျော့နေပေလိမ့်မည်။

 

ပစ္စုပ္ပန်သည် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် ရေမြေရာသီဥတုအခြေခံ သဘာဝတရားများကို အသုံးချပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီ ဆောင်ရွက်ကြရမည့် အချိန်ကောင်း၊ အခါကောင်းဖြစ်ပါသည်။ ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတကြီးက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းကို အခါသင့်သည့်အချိန်တိုင်း ထုတ်ဖော်ပြောဆိုထားသည်။

 

သို့ဖြစ်၍ နိုင်ငံအတွက် လိုအပ်သော ဖွံ့ဖြိုးရေးစီမံကိန်းများကို လက်ကမ်းကြိုဆိုပြီး အရှိန်မြှင့်တင် ဆောင်ရွက်သင့်သောကာလလည်းဖြစ်ပါသည်။ ထို့အတူ အစိုးရနှင့်ပြည်သူ အတူလက်တွဲပြီး ပူးပေါင်းအားဖြင့် ပြိုင်တူရှေ့သို့ တက်လှမ်းချီကြရမည့် ကောင်းမွန်သည့် အချိန်သမယလည်းဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။