ကိုရွှေမန်း
တည်နေရာအကျယ်အဝန်း
ခရမ်းမြို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ရှိပြီး ရှေးယခင်က ရန်ကုန်မြို့မှ ရေကြောင်း ခရီးဖြင့်သာ သွားရောက်နိုင်သည့် မြို့ဖြစ်ပါသည်။ ယခုအခါ ကုန်းလမ်းခရီး ၃၆ မိုင်ဖြင့် ရောက်ရှိနိုင်ပြီ ဖြစ်ပါသည်။ မြို့နယ်အကျယ်အဝန်းစတုရန်းမိုင် ၂၃၆ ဒသမ ၇၅ မိုင်၊ လူဦးရေ ၁၇၀၀၀၀၊ မြို့ပေါ် ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စုပေါင်း ၅၃ အုပ်စု၊ ကျေးရွာပေါင်း ၁၆၄ ရွာ ရှိပါသည်။
သမိုင်းအကျဉ်း
ရှေးယခင်က ခရမ်းမြို့မှာ ရွာငယ်လေးတစ်ခုသာဖြစ်ပြီး ‘ခရမ်း’ သည် မွန်စကား ‘ကရုန်း’ မှ လာသည် ဟုဆိုပါသည်။ ကရုန်းသည် ‘ချောင်းကမ်းဘေးမှ ရွာကလေး’ ဟု အဓိပ္ပာယ်ရှိပါသည်။ ရုံးစိုက်ရာ ရုံးသပြေကန်မြို့သည် ရေတိုက်စားခြင်းကြောင့် တိမ်ကောသွားရာ ခရမ်းမြို့သည် ရုံးစိုက်ရာမြို့ အဖြစ် ရပ်တည်ခဲ့ပါသည်။ ၁၉၂၄ ခုနှစ် ၁၉၂၅ ခုနှစ် ခန့်တွင် ဖောက်လုပ်ခဲ့သည့် ခရမ်းတူးမြောင်းမှာ ပဲခူးမြစ်ကမ်းပေါ်ရှိ ချောင်းဝရွာမှ ခရမ်းမြို့အထိ ၁၈ မိုင်ခန့် ရှည်လျားသည်။ ပင်လယ်သို့ ဖောက်လုပ်ထားပြီး ထိုတူးမြောင်းကို ခရမ်းချောင်းဟု ခေါ်ပါသည်။
၁၉၂၈ ခုနှစ်တွင် ပဲခူးမြို့မှ ခရမ်းမြို့သို့ မီးရထားလမ်း ဖောက်လုပ်ဆက်သွယ်ခဲ့ကြောင်း မှတ်တမ်း ရှိပါသည်။ ရှေးနှစ်ပေါင်းများစွာကပင် လယ်ယာကိုင်းကျွန်းလုပ်ငန်းများ၊ စပါးဒိုင်ကြီးများ၊ ဆား လုပ်ငန်းများ၊ ကြက်/ ဘဲ/ ငါး မွေးမြူရေး လုပ်ငန်းများ၊ ဆန်စက်/ ဆီစက်လုပ်ငန်းများ ထွန်းကားသည့် အစဉ်အလာရှိသော မြို့နယ်ဖြစ်ပါသည်။ သကျမာရဇိန် ဘုရား၊ ရဲမွန်စေတီနှင့် ကန်ညီနောင်စေတီတို့မှာ ထင်ရှားသော စေတီပုထိုးများ ဖြစ်ပါသည်။
မွေးမြူကြိုးပမ်း မြို့ခရမ်း
ခရမ်းမြို့နယ်သည် မြစ်များ၊ ချောင်းများ၊ လယ်ယာစိုက်ပျိုးမြေများ အများအပြား ပိုင်ဆိုင် ထားသည့်အပြင် စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့ကြီးနှင့် နီးကပ်စွာတည်ရှိခြင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ခြင်းများကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော စံပြမြို့နယ်တစ်ခုအဖြစ်သို့ ပြောင်းလဲရောက်ရှိခဲ့ပြီးဖြစ်ပါသည်။
စံပြမြို့နယ်ဖြစ်သည့်အတွက် ရေမြေသဘာဝ အားသာချက်များအပေါ် မူတည်၍ စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးသည့်အတွက် စိုက်ပျိုးရေးကို အခြေခံ၍ ထုတ်လုပ်ဆောင်ရွက်ရသည့် ငါး/ ပုစွန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလျက်ရှိသည်ကိုလည်း တွေ့ရသည့်အပြင် စိုက်ပျိုးရေးထွက်ကုန်ကုန်ကြမ်းများကို အခြေခံသည့် မွေးမြူရေးအစာထုတ်လုပ်သည့် စက်ရုံများ ဖွံ့ဖြိုးစပြုနေပြီး ငါး/ ပုစွန် မွေးမြူရေးလုပ်ငန်းကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသော မြို့နယ်တစ်ခုဖြစ်သည့်အတွက် မွေးမြူကြိုးပမ်း မြို့ခရမ်းဟု ဂုဏ်ပြုခေါ်ဆိုရခြင်းဖြစ်ပါသည်။
စားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်
စံပြမြို့နယ်တစ်ခု၏ အားသာချက်များဖြစ်သည်နှင့်အညီ ဒေသခံစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ရှင်များ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ပြည်သူအများ သိရှိနိုင်ရေးအတွက် ၂-၉-၂၀၂၆ ရက်နေ့တွင် ကိုရွှေမန်းတို့အဖွဲ့သည် ခရမ်းမြို့နယ် သို့ ရောက်ရှိခဲ့ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့များ၊ ငါးလုပ်ငန်းဦးစီးဌာန နှင့် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများထံ အကူအညီတောင်းခံ၍ မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးအစာထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ လက်တွေ့လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လေ့လာမှတ်တမ်းတင်ခဲ့ကြပါသည်။
ငါးမွေးမြူရေးလုပ်ငန်း
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အားလျော်စွာ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုမှာ စားရေရိက္ခာ ဝမ်းစာစပါးဖူလုံမှုရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါး/ ပုစွန်မွေးမြူရေး စုစုပေါင်းဧက ၁၁၈၇၈၀ ဒသမ ၄၁ ဧကရှိပြီး နှစ်စဉ် မွေးမြူရေး ငါးထုတ်ကုန်တန်ချိန် ၄၄၅၂၄၄ တန် ရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ ၇ ဒသမ ၄ သန်းအတွက် မွေးမြူရေး ငါးရိက္ခာဖူလုံမှုမှာ ၅၄၄ ဒသမ ၇၁ ရာခိုင်နှုန်းရှိသဖြင့် မြန်မာနိုင်ငံအနှံအပြားသို့ လည်းကောင်း၊ နိုင်ငံခြားဝင်ငွေရရှိရေးအတွက် လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ခရမ်းမြို့နယ်အတွင်း လုပ်ငန်းရှင် ၉၄၉ ဦးက ငါး/ ပုစွန်မွေးမြူရေးဧက ၁၁၄၀၀ ဒသမ ၈၂ ဧက မွေးမြူ ဆောင်ရွက်ထားရှိသည်ကို သိရှိရပါသည်။
ရေနက်ကွင်းစိုက်ပျိုးမြေများတွင် စပါးနှင့် ငါးပေါင်းစပ်မွေးမြူရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် အဆင့်မြင့် ငါးကန်များအဖြစ်လည်း အကောင်အထည်ဖော် ဆောင်ရွက်မွေးမြူထားသည်ကိုတွေ့ရှိရပြီး ငါးမြစ်ချင်း၊ ငါးတန်၊ ရေချိုငါးမုတ်တို့ကို အဓိကထား၍ မွေးမြူသည်ကို တွေ့ရှိရပါသည်။ ရေချိုငါးများကို ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practice - GAqP) စနစ်သို့ လည်းကောင်း၊ အကောင်းဆုံး ရေသတ္တဝါမွေးမြူရေး ကျင့်စဉ် (Best Aquaculture Practice – BAP) စနစ်သို့လည်းကောင်း ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရပါသည်။ ရန်ကုန်မြို့အတွင်းရှိ ကြည့်မြင်တိုင်စံပြငါးဈေးကြီးနှင့် ရွှေပိတောက် ငါးဈေးများသို့ တင်ပို့ပြီး ၎င်းဈေးကြီးများမှတစ်ဆင့် အအေးခန်းစက်ရုံများနှင့် မြန်မာပြည်အနှံ့အပြား ဈေးကွက်အသီးသီးသို့ ဖြန့်ဖြူးရောင်းချလျက် ရှိသည်ကို တွေ့ရှိရပါသည်။
ဒေသထွက်စိုက်ပျိုးရေးကုန်ကြမ်းမှ ငါးရိက္ခာသို့
ကိုရွှေမန်းတို့အဖွဲ့သည် ခရမ်း-သက္ကလ လမ်းပေါ်ရှိ ဦးခင်တိုး၏ ငါးအစာစပ်စက်ရုံသို့ ရောက်ရှိလေ့လာခဲ့ကြပါသည်။ ဦးခင်တိုးသည် ငါးမွေးကန်ဧက ၇၀၀ ခန့်ပိုင်ဆိုင်သော မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပါသည်။ ဦးခင်တိုး၏ စက်ရုံမှာ တစ်ပိုင်တစ်နိုင်စက်ရုံဟုဆိုသော်လည်း ဒေသခံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက် အတုယူအားကျဖွယ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ တစ်ရက်လျှင် ငါးအစာကုန်ချိန် ၁၀ တန် ထုတ်လုပ်နိုင်ပြီး တစ်လလျှင် ကုန်ချိန်တန် ၃၀၀ ထုတ်လုပ်နိုင်သော အသေးစားစက်ရုံတစ်ခုဖြစ်ပါသည်။
တစ်ရက် ငါးအစာကုန်ချိန် ၁၀ တန်သည် ငါးတန်ချိန် ၆ ဒသမ ၇ တန် (ပိဿာ ၄၁၀၀) မွေးမြူ ထုတ်လုပ်နိုင်စွမ်းအားရှိသည်ဟု လုပ်ငန်းရှင် ဦးခင်တိုးက ရှင်းလင်းပြောကြားပါသည်။ ခရမ်း မြို့နယ်၏ ငါးတစ်ဧက ပျမ်းမျှထွက်နှုန်းမှာ ကုန်ချိန် ပိဿာ ၃၀၀၀ ခန့်ရှိကြောင်း၊ လက်တွေ့နေ့စဉ် ကုန်တက်မှာ ပိဿာ ၇၀၀၀ နှင့် ၈၀၀၀ ကြား ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ အစာစပ်စက်ရုံ အတွက် လိုအပ်သောကုန်ကြမ်းကို ပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်းထွက် ကုန်ပစ္စည်းများဖြစ်သည့် ဖွဲနု၊ ပဲဖတ်၊ ဆန်ကွဲ၊ ပဲပိစပ်၊ ပြောင်း၊ နှမ်းဖတ်၊ ဂျုံဖွဲများကိုသာ သုံးစွဲကြောင်းနှင့် ဤသို့သုံးစွဲသည့်အတွက် ကုန်ကျမှုစရိတ်သက်သာစေပြီး မိမိတို့ ငါးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အခက်အခဲများကို အကြိမ်ကြိမ်ကျော်လွှားနိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားပါသည်။
ခရမ်းမြို့နယ်သည် စပါး၊ ပဲတီစိမ်းနှင့် အခြား ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု အလွန်အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်သည့်အတွက် ယင်းအခွင့် အရေးကိုရယူပြီး ဒေသထွက်စိုက်ပျိုးရေးထွက်ကုန် ကုန်ကြမ်းများကို အခြေပြု၍ ငါးအစာထုတ်လုပ်ရေးလုပ်ငန်းကို တည်ထောင်လုပ်ကိုင်ကာ မိမိ၏ ငါးမွေးမြူရေးလုပ်ငန်း ရေရှည်တည်တံ့အောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြသည်မှာ ဒေသထွက် စိုက်ပျိုးရေးကုန်ကြမ်းမှ ငါးရိက္ခာထုတ်လုပ်ရေးသို့ ပြောင်းလဲမှုပင်ဖြစ်ပါသည်။
ဒေသထွက် စိုက်ပျိုးရေးကုန်ကြမ်းမှ ဥနှင့် အသားသို့
ဆက်လက်၍ ဦးဇော်ဝင်း၏ အစာစပ်စက်ရုံသို့ ရောက်ရှိကြပါသည်။ အစာစပ်စက်ရုံမှာ ၃ ဒသမ ၇ ဧကကျယ်ဝန်းပြီး အသားတိုးကြက်စာနှင့် ဥစားကြက်စာများ ထုတ်လုပ်ကြောင်း၊ တစ်ရက်လျှင် အစာ ၁၅ တန် ထုတ်လုပ်နိုင်စွမ်းရှိကြောင်းနှင့် တစ်လလျှင် တန် ၃၀၀ ထုတ်လုပ်နိုင်ကြောင်း ရှင်းပြပါသည်။ မိမိကိုယ်တိုင် မွေးမြူထုတ်လုပ် သည့်အစာများကို ဥစားနှင့် အသားတိုးကြက်မွေးမြူ ရေးလုပ်ငန်းများတွင် အသုံးပြုကြောင်း၊ ဥစားကြက် ၄၀၀၀၀၊ အသားတိုးကြက်ကောင်ရေ ၅၀၀၀၀ ကို မွေးမြူထားရှိကြောင်းနှင့် ခရမ်းမြို့နယ်အတွင်း အသားတိုးကြက်မွေးမြူသူ ၈၈ ဦးက ကြက်ကောင် ရေ ၆၉၈၄၀၀၊ ဥစားကြက်မွေးမြူသူ သုံးဦးက ကောင်ရေ ၂၂၀၀၀၀ မွေးမြူထားရှိကြောင်း သိရှိရ ပါသည်။
ယခုအခါ ကြက်ဥခြံကောက်ဈေး ငွေကျပ် ၄၅၀ နှင့် ၄၈၀ ကြားတွင်ရှိကြောင်း၊ ကြက်သားဈေး တစ်ပိဿာ ငွေကျပ် ၁၀၃၀၀ ဖြင့် ပြည်သူလူထုသို့ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ဤသို့ ဖြန့်ဖြူးပေးနိုင်ခြင်းနှင့် ဈေးကွက်အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ခြင်းများမှာ ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်များကို အခြေပြု၍ အစာထုတ်လုပ်ရေးလုပ်ငန်းကို တည်ထောင်လုပ်ကိုင်ကာ မိမိ၏ ကြက်မွေးမြူရေးလုပ်ငန်း ရေရှည်တည်တံ့အောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြပါသည်။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် အားလျော်စွာ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိ သော ဆန်ကွဲ၊ ဖွဲနု၊ ပဲဖတ် စသည့် ကုန်ကြမ်းပစ္စည်းများကို အစာထုတ်လုပ်ရေးလုပ်ငန်းအဖြစ် တည်ထောင်လုပ်ကိုင်ကာ ဒေသထွက်စိုက်ပျိုးရေးကုန်ကြမ်းမှ ဥနှင့်အသားသို့ ပြောင်းလဲ၍ မိမိတို့၏ မွေးမြူရေးလုပ်ငန်းများ ရေရှည်တည်တံ့အောင် ကြိုးပမ်းဆောင်ရွက်နိုင်သည့် အခွင့်အရေးကို အရယူနိုင်ခြင်းသည် အရေးကြီးသော အချက်ဖြစ်ကြောင်း ရှင်းလင်းတင်ပြလိုခြင်းဖြစ်ပါသည်။
မွေးမြူရေးအတွက် ငါးသားပေါက်စခန်း ကိုးခု
ခရမ်းမြို့နယ်သည် ပုဂ္ဂလိက ငါးသားပေါက် စခန်း ကိုးခုရှိကြောင်း သိရှိရသည့်အတွက် ထူးခြားသော မြို့နယ်တစ်ခုဟုဆိုရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကိုရွှေမန်းတို့အဖွဲ့အနေဖြင့် ငါးသားပေါက်စခန်းသို့ မဖြစ်မနေ သွားရောက်လေ့လာရမည်ဖြစ်ပါသည်။ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၏ အကူအညီဖြင့် ခရမ်းမြို့နယ် ကမာမတ်ကျေးရွာရှိ ဦးမျိုးမြင့်၏ ငါးသားပေါက်စခန်းကို သွားရောက်လေ့လာခဲ့ကြ ပါသည်။
ဦးမျိုးမြင့်၏ ငါးသားပေါက်စခန်းမှာ ၁၅ ဧက ခန့် အကျယ်အဝန်းရှိပြီး ငါးမြစ်ချင်း၊ ငါးတန်၊ ရေချိုငါးမုတ်ငါးမျိုးစိတ်များကို အဓိကအားဖြင့် သားဖောက်ပြီး ငါးမှုန်အဆင့်တွင် ထုတ်လုပ် ရောင်းချသည်ကို တွေ့ရှိခဲ့ရပါသည်။ တစ်နှစ်လျှင် ငါးမြစ်ချင်း ငါးမှုန်သိန်း ၆၀၀၀၊ ငါးတန် ငါးမှုန် သိန်း၂၅၀၊ ရေချိုငါးမုတ် ငါးမှုန် သိန်း ၁၀၀ ထုတ်လုပ် ကြောင်း သိရှိရပါသည်။ ဒေသအစာဖြစ်သော ဖွဲနု၊ ပဲဖတ်များကိုသာ အဓိကထား၍ ကျွေးမွေးကြောင်း၊ တစ်လက်မအရွယ်အထက်သို့ ရောက်သောအခါ ဒေသခံစက်ရုံများမှ ထုတ်လုပ်သည့် ငါးလေးအစာကို ကျွေးမွေးကြောင်း ရှင်းပြပါသည်။
တစ်လက်မအရွယ်နှင့်အထက် ငါးသားပေါက် များကို အထက်မြန်မာနိုင်ငံ၊ အောက်မြန်မာနိုင်ငံ အနှံ့အပြားရှိ ငါးမွေးတောင်သူများထံ ဖြန့်ဖြူး ကြောင်း၊ ငါးသားပေါက်လုပ်ငန်းကို အဘိုးလက်ထက် မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယခုအခါ မျိုးဆက် သုံးဆက် နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီဖြစ်ကြောင်း၊ လုပ်ငန်း စတင်တည်ထောင်သည့် အဘိုးသည် ငါးလုပ်ငန်းဦးစီးဌာန လှော်ကားငါးလုပ်ငန်းစခန်းမှ ရေချိုငါး ဆေးထိုးသားဖောက်သင်တန်းဆင်းတစ်ဦး ဖြစ်ကြောင်း ရှင်းပြပါသည်။ ခရမ်းမြို့နယ်အတွင်း ပုဂ္ဂလိက ငါးသားပေါက်စခန်းကိုးခုမှ ငါးမွေးမြူ တောင်သူများအတွက် ထုတ်လုပ်ပေးနိုင်စွမ်းရှိသည့် ငါးသားပေါက်ကောင်ရေပမာဏကို ခန့်မှန်းသိရှိ နိုင်ပေသည်။
ကိုရွှေမန်းတို့အဖွဲ့၏ ခရမ်းမြို့နယ် ငါးလုပ်ငန်း များအပေါ် လေ့လာမှုခရီးစဉ်သည် တစ်ရက်မျှသာ ဖြစ်သော်လည်း လုပ်ငန်းရှင်များ၏ ကြိုးပမ်းဆောင် ရွက်ချက်များသည် ပြည်သူအများစု၏ စားရေ ရိက္ခာဖူလုံရေးအတွက် ဂုဏ်ယူဖွယ်ရာလုပ်ငန်း တစ်ရပ်အဖြစ်လည်းကောင်း၊ မိမိတို့ဒေသ တိုးတက် ဖွံ့ဖြိုးရေး၊ ကြွယ်ဝချမ်းသာရေးနှင့် ဂုဏ်ယူဖွယ်ရာ စီးပွားရေးလုပ်ဆောင်ချက်များအဖြစ် လည်းကောင်း အဓွန့်ရှည်စွာ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ဂုဏ်ပြုရေးသားဖော်ပြအပ်ပါသည်။ ။
ကျမ်းကိုး (၁) ခရမ်းမြို့နယ်သမိုင်း
(၂) လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်း ခြင်းမှတ်တမ်း
(၃) ခရမ်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန ၏ မွေးမြူရေးမှတ်တမ်း
(၄) ခရမ်းမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ မွေးမြူရေး မှတ်တမ်း
(၅) ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ ငါးမွေးမြူရေးဆိုင်ရာ အချက်အလက်များ


