နေပြည်တော် စက်တင်ဘာ ၁၀
နေပြည်တော်အတွင်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လျှပ်စစ် သုံးမော်တော်ယာဉ် အရောင်းပြခန်းများနှင့် Charging Station များ ဖွင့်လှစ်ခွင့်ပြုပါရန် တင်ပြလာခြင်းများကို တွေ့ရှိရပြီး သက်ဆိုင်ရာဌာနများမှ လျှပ်စစ်သုံးမော်တော်ယာဉ် အရောင်းပြခန်းများနှင့် Charging Station များ ဖွင့်လှစ်ခွင့်အတွက် မြေပြင် ကွင်းဆင်းစစ်ဆေးသည့်အခါ သက်ဆိုင်ရာဌာနများ၏ ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ စံနှုန်း သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှု ရှိ / မရှိ စနစ်တကျ စစ်ဆေးရန်လိုအပ်ပါကြောင်း၊ “နိုင်ငံတော် သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဟူသော အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ မီးခိုးငွေ့များ ထုတ်လွှတ်သည့်ယာဉ်များ သုံးစွဲမှုအစား EV သုံးစွဲမှုမှ တစ်ဆင့် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုရမှု၊ စက်သုံးဆီအတွက် နိုင်ငံခြားငွေ ကုန်ကျစရိတ်များကို လျှော့ချနိုင်ရေး၊ လေထုနှင့် အသံညစ်ညမ်းမှုများ လျှော့ချနိုင်ကာ ကျန်းမာရေးကောင်းမွန်မှုအပါအဝင် အခြားဆုလာဘ်များကို ပြည်သူတို့ ရရှိခံစားနိုင်စေရေးအတွက် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်သွားကြရန်နှင့် ပြည်တွင်းထုတ် လုပ်ရေးကို မြှင့်တင်နိုင်ရေးအတွက် သုတေသနများ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားသည်။
ထွန်းလင်း(ဇေယျာမြေ)


