လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (ပထမအကြိမ်) ဖွင့်လှစ်

ဘားအံ စက်တင်ဘာ ၉

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းမှ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်သည့်လုပ်ငန်းဖြစ်သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း (ပထမအကြိမ်) ဖွင့်ပွဲကို စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ဘားအံမြို့နယ် ကော့စိန်ဘန်ကျေးရွာအုပ်စု တံတားဦးကျေးရွာ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက တက်ရောက် အမှာစကားပြောကြားပြီး ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် မွန်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့က သင်တန်းသား သင်တန်းသူများအား သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများကို ချီးမြှင့်ပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းတွင် သင်တန်းသူ ၁၂ ဦးအား စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ပထမအကြိမ် သင်ကြားပို့ချကာ ဒုတိယအကြိမ် ထပ်မံသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ထူးချွန် သင်တန်းသူ ငါးဦးအား စိစစ်ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်စေရေး လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)