ဟိုကူ စက်တင်ဘာ ၉
၂၀၂၆ခုနှစ် ကမ္ဘာ့လျှပ်စစ်ကားကွန်ဂရက်အား တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုကူမြို့တွင် စက်တင်ဘာ ၂၂ မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ယနေ့ ပြောကြားခဲ့သည်။
“အသွင်ပြောင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ပြန်လည်ကောင်းမွန်လာသော တိုးတက်မှု” ဟူသော ဆောင်ပုဒ်အောက်တွင် ကျင်းပသည့် အဆိုပါကွန်ဂရက်သို့ နိုင်ငံနှင့် ဒေသပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်မည်ဖြစ်ပြီး ၎င်းတို့တွင် နိုင်ငံစုံမှ မော်တော်ယာဉ်ကုမ္ပဏီများမှ အမှုဆောင်အရာရှိများ၊ နိုင်ငံတကာစက်မှုလုပ်ငန်းအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် ထိပ်တန်းပညာရှင်များပါဝင်သည်။
ဆွေးနွေးမှုများတွင် နည်းပညာဆန်းသစ်တီထွင်မှု၊ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်ခံနိုင်ရည်ရှိမှု၊ ကာဗွန်လျှော့ချရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် လျှပ်စစ်ကားထုတ်လုပ်ရေးကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစသည့် ကိစ္စရပ်များ ပါဝင်မည်ဖြစ်သည်။
၂၀၂၆ ခုနှစ်၏ ပထမခုနစ်လအတွင်း တရုတ်နိုင်ငံသည် လျှပ်စစ်ယာဉ် ၂ ဒသမ ၉၁ သန်း တင်ပို့ခဲ့ပြီး ၎င်းအရေအတွက်သည် နိုင်ငံ၏ စုစုပေါင်းယာဉ်တင်ပို့မှု၏ ၄၇ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း စက်မှုလုပ်ငန်းဒေတာများအရ သိရသည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် လျှပ်စစ်ယာဉ် ၁၆ ဒသမ ၄၉ သန်း ရောင်းချခဲ့ပြီး ယခင်နှစ်ထက် ၂၈ ဒသမ၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ အဆိုပါအရေအတွက်သည် ယာဉ်အသစ်ရောင်းချမှုအားလုံး၏ ၄၇ ဒသမ ၉ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း သိရသည်။
ကိုးကား -ဆင်ဟွာ
ဘာသာပြန် -စိုးသူရ


