ရန်ကုန် စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများနှင့်ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းက ပျော်ဘွယ်ကြီးကျေးရွာ ကံသာကျောင်းတိုက်၌ ကျင်းပသည်။
ပြည်သူ့စကားဝိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သင့်သည့် အချက်များ၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး လက်ထောက်မန်နေဂျာက အွန်လိုင်းမီတာလျှောက်ထားခြင်းနှင့် အွန်လိုင်းမီတာဆောင်ခြင်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အကြောင်းအရာများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) က ကျေးလက်လမ်း၊ တံတားများ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိက မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ပေးခြင်း စီမံကိန်းခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)


