(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ထားဝယ် စက်တင်ဘာ ၉

 

တနင်္သာရီတိုင်းဒေသကြီး ၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ ပုလဲဧကရီခန်းမ၌ ကျင်းပသည်။

 

ပြိုင်ပွဲကို တိုင်းဒေသကြီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ဗဟိုအဆင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်မည့် ကဗျာလွတ်အက၊ ထားဝယ်တိုင်းရင်းသားရိုးရာ ရေအိုးရွက်အကများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

 

ပြိုင်ပွဲတွင် တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် ၇၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို  စက်တင်ဘာ ၁၀ ရက်တွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)