လွိုင်ကော် စက်တင်ဘာ ၉
ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုသည် တည်ငြိမ်အေးချမ်းမှုနှင့် တိုက်ရိုက်အချိုးကျသည့်အတွက် ပြည်နယ်တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိုင်းလုံးဘုန်းတော်ကြီးကျောင်း၌ လွိုင်ကော်မြို့နယ် မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်နှင့် ပန်ကန်းကျေးရွာအုပ်စု၊ စိုက်ကွင်းသုံး၊ မှုံပြာနှင့် ဒေါဆန်းဘွန်းကျေးရွာ နေပြည်သူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားသည်။
ထို့အတူ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်၏ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လွှတ်တော်တွင် အဆိုတင်သွင်းနိုင်မှုတို့ကို ရှင်းလင်းဆွေးနွေးပြီး ပြည်သူများက ရပ်ကွက်/ကျေးရွာအလိုက် လိုအပ်သည်များ တင်ပြဆွေးနွေးမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ကယားတိုင်းရင်းသားတို့၏ ရိုးရာစုပေါင်း အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးတွင် အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော် ကျင်းပမည့် လုပ်ငန်းစဉ်များ၊ စီမံဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


