မုဒုံမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ

မုဒုံ စက်တင်ဘာ ၉

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသများဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းက ကွေ့ဝမ်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။

 

ဦးစွာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးက အမှာစကားပြောကြားပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမင်းအောင်မြင့်က လွှတ်တော်နှင့်ဆိုင်သည့် ကိစ္စရပ်များရှိပါက ပြည်သူများအနေဖြင့် တင်ပြပေးရန်၊ လွှတ်တော်ဆိုသည်မှာ ဥပဒေပြုရေးကိစ္စများကို လုပ်ဆောင်ပေးရကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆိုင်သည့် ကိစ္စများရှိပါက ပြည်သူများအနေဖြင့် တင်ပြကြရန်၊ မုဒုံမြို့နယ်တွင် အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်ပြီး လယ်ယာနှင့် ရော်ဘာများ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သောကိစ္စရပ်များ တင်ပြပေးသွားကြရန် ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်မှူး ဒေါ်စမ်းစမ်းနွယ်က ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မုဒုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို တင်ပြကြရန်နှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရာမည(ပြန်/ ဆက်)