မြေအောက်ရေပြန်လည်ဖြည့်တင်းဖို့ Check Dam များကို ဆောင်ရွက်စို့

စိုးမောင်(စက်မှုတက္ကသိုလ်)

သက်ရှိသတ္တဝါအားလုံးအတွက် ရေသည်အသက်တမျှ တန်ဖိုးရှိလှပါသည်။ ကမ္ဘာပေါ်တွင် ရေချိုနှင့် ရေငန်ဟူ၍ရှိရာ ကမ္ဘာ့ရေထု၏ ၉၇ ရာခိုင်နှုန်းသည် ရေငန်များဖြစ်ပြီး လူသားများ အဓိကအသုံးပြုနိုင် သည့် ရေချိုမှာ သုံးရာခိုင်နှုန်းခန့်သာ ရှိပါသည်။ ထိုရေချိုများအနက် အများစုမှာ ရေခဲတောင်များ၊ ရေခဲမြစ်များအဖြစ်ရှိပြီး အနည်းငယ်သည်သာ မြေအောက်ရေနှင့် မြစ်ချောင်း၊ အင်းအိုင်များ၊ ရေကန်များအဖြစ် တည်ရှိနေပါသည်။

ကမ္ဘာ့ရေချို /ရေငန် အချိုးအစားများ

ကမ္ဘာ့လူဦးရေတိုးလာသည်နှင့်အမျှ ရေချိုလိုအပ်ချက်သည်လည်း မြင့်တက်လာသဖြင့် ရေချို ရှားပါးမှုပြဿနာ ပိုမိုဆိုးရွားလာနိုင်ပါသည်။ ကုလသမဂ္ဂ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအစီအစဉ် လေ့လာဆန်းစစ်ချက်များအရ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ သန်း ၁၀၀၀ ကျော် သည် သောက်သုံးရေမရရှိခြင်းနှင့် သန်း ၃၄၀၀ ခန့်သည် ရေချိုရရှိမှု မလုံလောက်ခြင်း ပြဿနာဖြစ်နိုင်သည်ဟု ဖော်ပြသည်ကို လေ့လာမှတ်သားခဲ့ဖူးပါသည်။

ကမ္ဘာ့ရေထုပမာဏ၏ သုံးရာခိုင်နှုန်းခန့်သာရှိသော ရေချိုကို ထုတ်ယူသုံးစွဲနေကြရခြင်းကြောင့် ရေချိုသယံဇာတကို မဖြုန်းတီးဘဲ ထိန်းသိမ်းကာကွယ်သင့်ပါသည်။ ထုထည်ကြီးမားလှသည့် ပင်လယ်သမုဒ္ဒရာကြီးထဲမှရေများ ရေငွေ့ပြန်ခြင်းသည် သက်ရှိသတ္တဝါများအတွက် လိုအပ်သည့် ရေချိုပမာဏကို အဓိကဖြစ်ပေါ်စေပါသည်။ ကုန်းမြေပေါ်တွင် ရွာချလိုက်သည့်မိုးရေများသည် ရေချိုသယံဇာတကို ပြန်လည်ရရှိစေပြီး အဆိုပါ ရေချိုများသည်လည်း ပင်လယ်ထဲသို့ ပြန်လည် စီးဝင်မှုများရှိသကဲ့သို့ မြေအောက်ရေအဖြစ် မြေကြီးထဲသို့ စိမ့်ဝင်သွားမှုများရှိရာ အဆိုပါမြေအောက်ရေများကို ပြန်လည်ထုတ်ယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။ မြေအောက်ရေထုတ်ယူသုံးစွဲမှုများပါက မြေအောက်ရေသယံဇာတဆုံးရှုံးကာ မြေအောက်ရေလွှာ ခန်းခြောက်မှုများဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့် ရေအရင်းအမြစ်များ ထိန်းသိမ်းရန် အရေးကြီးသကဲ့သို့ ရေချိုသုံးစွဲမှုကိုလည်း လိုအပ်သည်ထက် ပိုမိုထုတ်ယူသုံးစွဲခြင်းမပြုရန်နှင့် မြေအောက်ရေပြန်လည်ဖြည့်တင်းခြင်း ဆောင်ရွက်ရန်သည်လည်း အရေးကြီးလှပါသည်။

ဒေသ၏ အခြေအနေ

မွန်ပြည်နယ်၌ နှစ်စဉ် မိုးရေချိန် လက်မ ၂၀၀ ခန့်အထိ မိုးရွာသွန်းလေ့ရှိပြီး မိုးတွင်းကာလများတွင် စက်ရေတွင်းများနှင့် လက်တူးတွင်းများမှာ သောက်သုံးရေများ လုံလောက်စွာ ရရှိကြပါသည်။ စက်ရေတွင်းများ၏ အနက်ပေမှာ ပေ ၁၀၀ မှ ၁၂၀ ခန့် တူးဖော်ထားပြီး မော်တာနှင့် ကွန်ပရက်ဆာများ တပ်ဆင်အသုံးပြုကြကာ ရေထိပ် ၁၀ ပေခန့် ရှိပါသည်။ လက်တူးတွင်းများတွင် မြေပေါ်မှအကွာ အဝေးသုံးပေခန့်အထိ ရေများပြည့်နေသည်ကို တွေ့ရှိရပါသည်။ သို့ရာတွင် မိုးရာသီကာလ ကုန်ဆုံးပြီး ဒီဇင်ဘာလနောက်ပိုင်းတွင် စက်ရေတွင်းများ၏ ရေထိပ်မှာ ပေ ၆၀ ခန့်အထိ ကျဆင်းသွားပြီးတွင်း အနက်ပေ ၁၀၀ ခန့်သာ တူးဖော်ထားသည့် စက်ရေတွင်းများမှာ လေမှုတ်စက်ဖြင့် ရေတင်ရာတွင် ရေထွက်နှုန်း နည်းသွားသည်ကို တွေ့ရပါသည်။ ပေ ၂၀ အထိ တူးဖော်ထားသည့် လက်တူးတွင်းများမှာလည်း ရေလုံးဝမထွက်ဘဲ ခန်းခြောက်သွားတတ်ပါသည်။ လေမှုတ်စက်ဖြင့် ရေတင်ရာတွင် လေပိုက်ကို ရေထဲတွင် နစ်မြုပ်ရမည့်အချိုး (Submergence Ratio) ကိုက်ညီမှုမရှိသည့်အတွက် ရေမထွက်ခြင်း၊ ရေထွက်နည်းခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိ ရပါသည်။

မြန်မာနိုင်ငံတောင်ပိုင်းရှိ မွန်၊ ကရင်၊ တနင်္သာရီ ဒေသများမှာ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဒေသများနှင့် နှိုင်းယှဉ်ပါက မုတ်သုန်လေ စောစောဝင်ရောက်တတ်ပြီး မုတ်သုန်လေအထွက် နောက်ကျတတ် သည့်အတွက် မိုးရာသီကာလ ပိုကြာသည်ကို တွေ့ရှိရပါသည်။ တွင်းတိမ်၊ လက်တူးတွင်းများနှင့် မြေသားရေကန်များအား အဓိကထားပြီး သောက်သုံးရေ ရယူနေကြရသည့်အတွက် မိုးရာသီနှင့် ဆောင်းရာသီကာလများတွင် သောက်သုံးရေ လုံလောက်မှုရှိသော်လည်း နွေရာသီကာလ၌ သောက်သုံးရေအခက်အခဲများ ကြုံတွေ့ကြရပါသည်။ နွေရာသီကာလ သောက်သုံးရေခက်ခဲသည့် ကျေးရွာများအား လေ့လာချက်အရ တွင်းနက် အသုံးပြုနေသည့် ကျေးရွာများထက် တွင်းတိမ်၊ လက်တူးတွင်း၊ စိမ့်စမ်းနှင့် မြေသားရေကန်များကို အသုံးပြုသောကျေးရွာများက သောက်သုံးရေ ခက်ခဲမှု ပိုမိုရင်ဆိုင်ကြုံတွေ့ရသည်ကို လေ့လာတွေ့ရှိရပါသည်။

ရေရှားပါးမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် မြေအောက်ရေ ပြန်လည်ဖြည့်တင်းခြင်း

မြေအောက်ရေ ပြန်လည်ဖြည့်တင်းခြင်းအတွက် စာရေးသူဆောင်ရွက်ခဲ့သည့် အတွေ့ အကြုံတစ်ခုကို တင်ပြလိုပါသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း ကွင်းဆင်းဆောင်ရွက်စဉ် မွန်ပြည်နယ် ပေါင်မြို့နယ် ကရင်စုကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာ၌ နွေရာသီ ရေရှားပါးမှုပြဿနာကို သိရှိခဲ့ရပါသည်။ ကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လက်တူးတွင်းများကို အဓိကအားထား၍ အသုံးပြုကြသော်လည်း နွေရာသီကာလတွင် လက်တူးတွင်းများ ရေခန်းခြောက်သဖြင့် ကျေးရွာရှိ မိသားစုများ ရေကို မျှဝေသုံးစွဲကြရပါသည်။

ကျေးရွာသားများ၏ ရှင်းလင်းတင်ပြချက်အရ ကျုံကချောင်းသည် မိုးရာသီတွင် ရေများ အဆက်မပြတ်စီးဆင်းသော်လည်း နွေရာသီတွင် ချောင်းထဲ၌ ရေမကျန်ရှိသည့်အတွက် ရေများ ကျန်ရှိစေရေး မြေသားဖြင့် ရေတားတမံပြုလုပ်ကာ ရေကာရကြောင်း၊ အဆိုပါ ရေတားတမံထဲတွင် ရေရှိပါက ကျေးရွာရှိ လက်တူးတွင်းများ ရေခန်းခြောက်မှု မရှိကြောင်း၊ မိုးများပါက မြေသားတမံမှာ ရေစီးနှင့် ပါသွားသည့်အတွက် နှစ်စဉ် ပြန်လည်ဆောင်ရွက်ရကြောင်း၊ နောက်ပိုင်းတွင် ဆောင်ရွက်ရသည့် ကုန်ကျစရိတ်များသည့်အတွက် ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ ရေတွင်းများလည်း ရေခန်းခြောက်လာပြီး နွေရာသီသောက်သုံးရေ ရှားပါးမှုကြုံတွေ့ ရကြောင်း သိရှိခဲ့ရပါသည်။   

ကွင်းဆင်းလေ့လာမှုအရ ချောင်းတစ်လျှောက်တွင် သဘာဝကျောက်တုံးများ ပေါများစွာ တွေ့ရှိ ရသဖြင့် ၎င်းကျောက်တုံးများဖြင့် ရေတားတမံ Check Dam များ တည်ဆောက်ပါက ရေများ ထိန်းထားနိုင်ပြီး မြေအောက်ရေ ပြန်လည်ဖြည့်တင်းခြင်းအတွက် အထောက်အကူပြုနိုင်ကြောင်း၊ နွေရာသီရေရှားပါးမှု အခက်အခဲကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း သုံးသပ်နိုင်ခဲ့ပါသည်။

ထို့ကြောင့် ကရင်စုကျေးရွာ သောက်သုံးရေ အခက်အခဲဖြေရှင်းနိုင်ရေး စမ်းချောင်းတစ်လျှောက် တွင်ရှိသည့် ကျောက်တုံးများကို လူလုပ်အားဖြင့် စုဆောင်းသယ်ယူကာ Check Dam များ ဆောင် ရွက်ခြင်းကို Cash For Work (CFW) လုပ်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း၏ Pilot အနေဖြင့် ဆောင်ရွက် ခဲ့ကြပါသည်။

Check Dam များ စတင်တည်ဆောက်ခြင်း

ကရင်စုကျေးရွာအနီး စီးဆင်းနေသည့် ကျုံက စမ်းချောင်းကို အသေးစိတ် သွားရောက်လေ့လာခဲ့ပြီး ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ Cash For Work စီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းပြောကြားပြီး Check Dam ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များကို အသေးစိတ် ဆွေးနွေးခဲ့ပါသည်။ ကရင်စုကျေးရွာတွင် အဆိုပါကာလက ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်နေကာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နေရပ်ပြန်လာသူ ၁၅ ဦးရှိပြီး အိမ်ထောင်စု၏ သုံးပုံနှစ်ပုံခန့်မှာ နေ့စားလုပ်သားများ ဖြစ်ပါသည်။ Cash For Work စီမံကိန်းဆောင်ရွက်ခွင့်ရမည်ဆိုပါက စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေသော နေ့စား လုပ်သားများအတွက် များစွာအထောက်အကူ ဖြစ်နိုင်သည်ကို ကျေးရွာသူ ကျေးရွာသားများ၏ စကားသံများက သက်သေထူလျက်ရှိပါသည်။

ကျေးရွာသူ ကျေးရွာသားများ၏ စိတ်အားထက်သန်မှုနှင့်အတူ မိုးရာသီကာလ သောက်သုံးရေ ပေါများပြီး‌ နွေရာသီကာလတွင် ရေအခက်အခဲ ကြုံတွေ့ရသည့် မွန်ပြည်နယ်အတွင်းရှိ ပြည်သူ များအတွက် မြေအောက်ရေပြန်လည်ဖြည့်တင်းသည့် Check Dam လုပ်ငန်းကို Pilot အဖြစ် Cash For Work စီမံကိန်းဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

Check Dam ကို ကျောက်တုံးများ၊ သဲ (သို့မဟုတ်) သဲအိတ်များ၊ သစ်လုံးများ စသည်တို့ ဖြင့် ဆောင်ရွက်နိုင်ပါသည်။ Check Dam များသည် စီးဆင်းလာသည့် ရေများကို အတားအဆီးပြုလုပ်၍ ရေစီးနှုန်းကိုလျှော့ချပြီး ရေများမြေကြီးအတွင်း သို့ ပိုမိုစိမ့်ဝင်စေကာ မြေအောက်ရေ ပြန်လည် ဖြည့်တင်းပေးသည့် ရိုးရှင်းပြီး ကုန်ကျစရိတ် သက်သာသောနည်းလမ်းတစ်ခု ဖြစ်ပါသည်။

Check Dam ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် Cash For Work စီမံကိန်းလုပ်ငန်း ရေရှည်တည်တံ့ စေရေးကိုလည်း အလေးထား ဆောင်ရွက်ခဲ့ပါသည်။ Check Dam ဆောင်ရွက်ရန် ချောင်းနံဘေးရှိ ဝါးများဖြင့် တုတ်ရိုက်ခြင်း၊ ကျောက်တုံးများ စီချ နိုင်ရန် ဝါးဖြင့်ပုံဖော်ခြင်း၊ ကျောက်တုံးများ ရေစီးတွင် မပါသွားစေရန် ဝါးကပ်များဖြင့်ကာရံခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)သို့ ဆောင်ရွက်မည့် Design ပေးပို့တင်ပြခြင်း၊ ရုံးချုပ်၏အကြံပြုချက် ရယူခြင်းဖြင့် Check Dam ကို ဆောင်ရွက်ခဲ့ပါသည်။

Cash For Work စီမံကိန်းညွှန်ကြားချက်နှင့်အညီ ချောင်းပတ်ဝန်းကျင်ရှိ ကျောက်တုံးများကို လူအားဖြင့် စုဆောင်းသယ်ယူခြင်း၊ Check Dam ပြုလုပ်ခြင်းတို့ကို ကျေးရွာလူထုလုပ်အားဖြင့် ဆောင်ရွက်ခဲ့ပါသည်။ လုပ်အားခအနေဖြင့် ထိုစဉ်က သတ်မှတ်ထားသည့် လူတစ်ဦးလျှင် တစ်ရက် လုပ်အားခကျပ် ၄၈၀၀ နှုန်းပေးချေပြီး ကျေးရွာ ပြည်သူလူထုသဘောတူညီချက်ဖြင့် ပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။ အများအကျိုးအတွက် ဆောင်ရွက်လိုသည့် စိတ်စေတနာအကျိုးပေးသည် ဆိုသည့်အတိုင်း ချောင်းအနီး ပတ်ဝန်းကျင်တွင်ရှိသည့် ကျောက်ထုတ်လုပ်ငန်းလုပ်ကိုင်သူ လုပ်ကွက်ငယ်နှစ်ခုမှလည်း ၎င်းတို့လုပ်ကွက်ရှိ ကျောက်များကို လုပ်ငန်းဆောင်ရွက်မည့် Check Dam နေရာသို့ အခမဲ့ အရောက် ပေးပို့ကူညီသည်ကို တွေးမိတိုင်း ယနေ့တိုင် ဝမ်းသာပီတိ ဖြစ်ရပါ သည်။

စီမံကိန်းခွင့်ပြုငွေကျပ်သိန်း ၁၀၀ ဖြင့် မူလက Check Dam ငါးခုသာ ဆောင်ရွက်ရန် လျာထားခဲ့ သော်လည်းCheck Dam အတွက် ကျောက်တုံးများ လုပ်ငန်းခွင် အရောက် ပို့ဆောင်ကူညီပေးခဲ့သည့်အတွက် Check Dam ၁၂ ခုအထိ ဆောင်ရွက်နိုင်ခဲ့ပြီး Cash For Work စီမံကိန်း၏ ရည်ရွယ်ချက်အတိုင်း လုပ်အားခကို စီမံကိန်းခွင့်ပြုငွေ၏ ၉၀ ရာခိုင်နှုန်း အထိ ပေးချေကာ ပစ္စည်းဝယ်ယူခြင်းနှင့် အထွေထွေ အသုံးစရိတ်အတွက် ၁၀ ရာခိုင်နှုန်းသာ သုံးစွဲခဲ့ ပါသည်။ လုပ်အားခနှင့် ပစ္စည်းအချိုး ၉၀:၁၀ အထိ Cash For Work စီမံကိန်း၏ Pilot လုပ်ငန်းကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။

အကျိုးကျေးဇူး

ပေါင်မြို့နယ် ကျုံကကျေးရွာအုပ်စု ကရင်စုကျေးရွာ၌ ကျောက်စီရေတားတမံ Check Dam မဆောင်ရွက်မီက နှစ်စဉ် နွေရာသီတွင် ကျေးရွာရှိ လက်တူးတွင်းများ ရေခန်းခြောက်ကာ ရေရှားပါးမှု ဒဏ်ကို ခံစားခဲ့ရသော်လည်း Check Dam ဆောင်ရွက်ပြီးနောက်ပိုင်း နွေရာသီရေရှားပါးမှုဒဏ် မခံစားရတော့ဘဲ ကျေးရွာရှိ လက်တူးတွင်းများနှင့် ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လက်တူးတွင်း များလည်း ရေခန်းခြောက်မှုမရှိတော့သည်ကို အကျိုးကျေးဇူးများအနေဖြင့် ယနေ့ထိတိုင် ခံစား နေကြရဆဲ ဖြစ်ပါသည်။ Check Dam များ တည်ဆောက်ခြင်းဖြင့် မြေအောက်ရေ ပြန်လည်ဖြည့်တင်း နိုင်ခြင်း၊ လက်တူးတွင်းများ ရေခန်းခြောက်မှု သက်သာခြင်း၊ ရေထွက်နှုန်းတည်ငြိမ်စေခြင်း၊ မြေဆီလွှာတိုက်စားမှု လျော့နည်းစေခြင်း၊ သဘာဝပတ်ဝန်းကျင်စိုပြည်စေခြင်း၊ ရေရှားပါးမှုကို လျော့နည်းစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။

သန့်ရှင်းသော သောက်သုံးရေရရှိရေး

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသသန့်ရှင်းသော သောက် သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၆) (SDG Goals 6) နှင့်အညီ ၂၀၃၀ ပြည့်နှစ်တွင် လူသားအားလုံး သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေ လုံလောက်မျှတစွာရရှိရေးကို မျှော်မှန်းဆောင်ရွက် လျက်ရှိပါသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ တွင်းတိမ် ၆၆၉၆ တွင်း၊ တွင်းနက် ၈၉၁၁ တွင်း၊ လက်တူးတွင်း ၄၂၆၁ တွင်း၊ မြေသားရေကန် ၅၃၉၈ ကန်၊ စိမ့်စမ်းရေသွယ်လုပ်ငန်း ၅၁၉၄ ခုနှင့် အခြား ဆက်စပ်လုပ်ငန်း ၁၂၈၉၀ ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ကျေးလက်ဒေသရေရရှိရေး လုပ်ငန်းများကို ကျေးလက်ဦးစီးဌာနအပြင် အခြားဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များကလည်း ဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့အပြင် ကျေးရွာအတွင်း ပုဂ္ဂလိကပိုင်တွင်းတိမ်များ၊ လက်တူးတွင်းများ တူးဖော်ခြင်းဖြင့်လည်း မြေအောက်ရေကို ရယူသုံးစွဲ လျက် ရှိကြပါသည်။ လူသားများအနေဖြင့် အလွန်နည်းသည့် ရေချိုကို မြေအောက်ရေမှ ထုတ်ယူ သုံးစွဲခြင်း၊ လူဦးရေတိုးပွားလာခြင်းနှင့် ရာသီဥတု ဖောက်ပြန်ခြင်းတို့ကြောင့် မြေအောက်ရေသယံ ဇာတဆုံးရှုံးကာ မြေအောက်ရေလွှာများ တဖြည်းဖြည်း ခန်းခြောက်သွားနိုင်ပါသည်။ ထို့ကြောင့် မိုးရာသီကာလ မိုးရေစီးဆင်းသည့်နေရာများ၊ စိမ့်ထွက်များ၊ ချောင်းငယ်၊ မြောင်းငယ်များမှ ရေများစီးဆင်းသည့်နေရာများတွင် ကုန်ကျစရိတ် သက်သာသော Check Dam များ ပြုလုပ်သင့်ပါ သည်။

အချုပ်အားဖြင့်ဆိုရသော် ကျေးလက်ဒေသ သောက်သုံးရေရရှိရေးအတွက် ရေအရင်းအမြစ် များမှ ရေကို ထုတ်ယူအသုံးပြုခြင်းသာမက မြေအောက်ရေ ပြန်လည်ဖြည့်တင်းခြင်းကိုလည်း တစ်ပြိုင်နက် ဆောင်ရွက်သင့်ပေသည်။ ကုန်ကျစရိတ် သက်သာပြီး ထိရောက်အကျိုးရှိသော Check Dam များကို နိုင်ငံတစ်ဝန်းရှိ သင့်လျော်သည့် စမ်းချောင်းများတွင် ပြုလုပ်ပေးခြင်းဖြင့် မြေအောက် ရေ ပြန်လည်ဖြည့်တင်းခြင်း၊ ရေချိုအရင်းအမြစ် ထိန်းသိမ်းခြင်းအတွက် ထိရောက်မှု ရှိနိုင်ပါသည်။ ထို့ကြောင့် ယခုနှစ် မိုးရာသီမှအစပြုကာ Check Dam ငယ်များကို မြန်မာနိုင်ငံ အနှံ့အပြား တစ်နိုင် တစ်ပိုင် ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းရေးသားရင်း နွေရာသီကာလ သောက်သုံးရေခက်ခဲ မှုများ ဖြေရှင်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။    ။