ဂျပန်နိုင်ငံရှိ လေဆိပ်များတွင် ဉာဏ်ရည်တုနည်းပညာစနစ်တစ်ခုကို စမ်းသပ်ဆောင်ရွက်လျက်ရှိ

တိုကျို  စက်တင်ဘာ  ၉

ဂျပန်နိုင်ငံရှိ လေဆိပ်များတွင် လေယာဉ်ပြေးလမ်းများနှင့် အခြားသော အဆောက်အအုံဆိုင်ရာအစိတ်အပိုင်းများကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဉာဏ်ရည်တု နည်းပညာစနစ်တစ်ခုကို စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လေဆိပ်ပေါင်း ၁၉ ခုတွင် လာမည့်နှစ် မတ်လအထိ အဆိုပါစမ်းသပ်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။ လုပ်သားအင်အားရှားပါးမှုပြဿနာဖြစ်ပေါ်နေချိန်တွင် အဆောက်အအုံနှင့် စက်ကိရိယာများ စီမံခန့်ခွဲမှုလုပ်ငန်းကို ပိုမိုထိရောက်မှုရှိစေမည့် စနစ်တစ်ခုကို မိတ်ဆက်အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

တိုကျိုမြို့အနီးရှိ နာရီတာလေဆိပ်နှင့် ကင်ကီဒေသရှိ လေဆိပ်များတွင်လည်း အဆိုပါစမ်းသပ်မှုကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဉာဏ်ရည်တုစနစ်ကို ဆူမီတိုမို ကုန်သွယ်ရေးကုမ္ပဏီက ကူညီပံ့ပိုးပေးခဲ့သည်။

စစ်ဆေးရေးယာဉ်များနှင့် ဒရုန်းများပေါ်တွင် တပ်ဆင်ထားသော ကင်မရာများမှရရှိသည့် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် လေယာဉ်ပြေးလမ်းများပေါ်ရှိ အက်ကွဲကြောင်းများ သို့မဟုတ် အခြားသော ပုံမှန်မဟုတ်သည့်အခြေအနေများကို စစ်ဆေးနိုင်ကြောင်း ကုမ္ပဏီက ပြောကြား သည်။

နိုင်ငံတကာခရီးသွားဧည့်သည်များအရေအတွက် မြင့်တက်လာမှုကြောင့် လေကြောင်းခရီးသွားလာမှုအရေအတွက် မြင့်တက်လာသော်လည်း လေဆိပ်များတွင် ကျွမ်းကျင်သော စစ်ဆေးရေးဝန်ထမ်းများ ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရသည်။ ယခုအသုံးပြုသည့် ဉာဏ်ရည်တုနည်းပညာသုံး စောင့်ကြည့်စစ်ဆေးမှုနည်းလမ်းသည် စစ်ဆေးချိန်ကို တစ်ဝက်ခန့်အထိ လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ စမ်းသပ်မှုများ ပြီးဆုံးသွားပါက လေဆိပ်များအနေဖြင့် အဆိုပါစနစ်ကို စတင်မိတ်ဆက်အသုံးပြုရန် စီစဉ်ထားကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်