မော်စကို စက်တင်ဘာ ၉
ဗီယက်နမ်နှင့် ရုရှားနှစ်နိုင်ငံကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် အားကောင်းသည့် အောင်မြင်မှုများ ဖော်ဆောင်ရန် လိုအပ်ကြောင်း ဗီယက်နမ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်နှင့် နိုင်ငံတော်သမ္မတဖြစ်သူ တိုလန်းက ရုရှားနိုင်ငံဝန်ကြီးချုပ် မီခေး မီရှူစတင်နှင့် မော်စကိုမြို့တော်၌ ယမန်နေ့က တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။
ပြောကြား
ဗီယက်နမ်နိုင်ငံ သမ္မတ၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးတွင် ကောင်းမွန်သည့် အလှည့်အပြောင်းတစ်ခုအား ဖန်တီးနိုင်မည်ဟု မိမိယုံကြည်ကြောင်း ဝန်ကြီးချုပ် မီရှူစတင်က ပြောကြားသည်။
နှစ်နိုင်ငံခေါင်းဆောင်များကြား ရရှိခဲ့သော သဘောတူညီချက်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် နှစ်နိုင်ငံအစိုးရများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ သမ္မတ တိုလန်းက အလေးပေးပြောကြားခဲ့ပြီး နှစ်ဖက်အစိုးရများအနေဖြင့် လက်ရှိယန္တရားဖြစ်သည့် ဗီယက်နမ်-ရုရှား စီးပွားရေး-ကုန်သွယ်ရေးနှင့် သိပ္ပံ-နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကော်မတီကို ထိရောက်စွာအသုံးချရန် ပန်ကြားခဲ့သည်။
နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ယန္တရားအသစ်များနှင့် နယ်ပယ်အသီးသီးတွင် အထူးပြုလုပ်ငန်းအဖွဲ့များ တည်ထောင်ခြင်းကို လေ့လာရန်လည်း သဘောတူညီခဲ့ကြပြီး နှစ်ဖက်စီးပွားရေးလုပ်ငန်းများအနေဖြင့် ဈေးကွက်များတွင် ၎င်းတို့၏ လုပ်ငန်းများကို အပြန်အလှန်တိုးချဲ့ရန်နှင့် စီးပွားရေးလုပ်ငန်းအချင်းချင်း ချိတ်ဆက်မှုကို မြှင့်တင် အားပေးရန် ခေါင်းဆောင်များကြား ကတိပြုခဲ့ကြသည်။
နှစ်ဖက်အကြား ရေကြောင်း၊ ရထားလမ်းနှင့် ဘက်စုံသယ်ယူပို့ဆောင်ရေး၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နည်းလမ်းများအား လေ့လာသင့်ကြောင်း၊ တည်ငြိမ်သော ထောက်ပံ့ရေးကွင်းဆက်များကို ထူထောင်ပြီး နှစ်နိုင်ငံအကြား ကုန်စည်ဖလှယ်မှုကို လွယ်ကူချောမွေ့စေသင့်ကြောင်း ရုရှားဝန်ကြီးချုပ် မီခေးမီရှူစတင်က ပြောကြားသည်။
နှစ်နိုင်ငံကြား လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုနှင့် သိပ္ပံနှင့်နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ခေါင်းဆောင်များကြား သဘောတူညီခဲ့ကြောင်း သိရသည်။
ကိုးကား - Vn Express
ဘာသာပြန် -စိုးသူရ


