တီးတိန် စက်တင်ဘာ ၉
ချင်းပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးသွားသည့် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တွန်းဇံမြို့အတွင်း မီးလောင်ပျက်စီးသွားသည့် ပုဂ္ဂလိကနေအိမ်များနှင့် ဌာနဆိုင်ရာရုံးများ ပြန်လည်ပြုပြင် ဆောက်လုပ်လျက်ရှိသည်။
အဆိုပါပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် မီးလောင်ပျက်စီးသွားသည့် ပုဂ္ဂလိကနေအိမ်များ၏ မြေနေရာအခြေအနေနှင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အဆောက်အအုံများ၏ အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
ထို့ပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွန်းဇံမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ဆောက်လုပ်ရေးကုမ္ပဏီများနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီးက လုပ်ငန်းရှင်များတင်ပြသည့် အခက်အခဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြန်လည်ပြုပြင်ဆောက်လုပ်နေသည့် လမ်းဦးစီးဌာန၊ ဧည့်ရိပ်သာနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံသို့ ရောက်ရှိစစ်ဆေးပြီး အကြမ်းဖက်သမားများ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် တီးတိန်-တွန်းဇံသွားလမ်းပေါ်ရှိ ဗျဲလ်ကျင်းတံတား ပြန်လည်ပြုပြင် တည်ဆောက်ထားမှုအခြေအနေကို သွားရောက်စစ်ဆေး၍ တံတားကြံ့ခိုင်မှုနှင့် ခံနိုင်ဝန်အားတို့အတွက် ဖြတ်သန်းသွားလာသည့် ယာဉ်များနှင့် ကုန်ပစ္စည်းအလေးချိန်များ သတ်မှတ်ချက်ထက် မကျော်လွန်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


