ကျောင်းနေအရွယ် ကျောင်းသား ကျောင်းသူများအား စက်တင်ဘာလမှစတင်၍ ဒီဇင်ဘာလအထိ တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ပေါင်းတင်ပိုးသတ်ပြီးအသင့်သောက်နွားနို့ဘူး ၉၇၀၀ ကို သတ်မှတ်အချိန်ကာလအလိုက် တိုက်ကျွေးနိုင်ရေး ဆောင်ရွက်သွားမည်

တောင်ကြီး စက်တင်ဘာ ၉

 

အေးသာယာမြို့ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ကွန်လုံကျေးရွာအုပ်စုရှိ ရေပူကျေးရွာ အထက(ခွဲ)နှင့် ကျောက်နီကျေးရွာအုပ်စု ကျောက်နီကျေးရွာ အထက(ခွဲ) စုစုပေါင်းကျောင်းသုံးကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၃၅၃ ဦးတို့အတွက် စက်တင်ဘာလမှစတင်၍ ဒီဇင်ဘာလအထိ တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ပေါင်းတင်ပိုးသတ်ပြီး အသင့်သောက်နွားနို့ ၃၀၀ စီစီ (၁၈ ဒသမ ၅ ကျပ်သား)ရှိ နွားနို့ဘူး ၉၇၀၀  ကို သတ်မှတ်အချိန်ကာလအလိုက် တိုက်ကျွေးနိုင်ရန် ရည်မှန်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကျောင်းသား ကျောင်းသူများအား နွားနို့တိုက်ကျွေးခြင်း “School Milk Program” ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ်(၁) အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ယနေ့အခမ်းအနားသည် တောင်ကြီးမြို့နယ်အတွင်းရှိ “School Milk Program” အစီအစဉ်ဖြင့် ကျောင်းနေအရွယ် ကျောင်းသား ကျောင်းသူများ၏ အာဟာရပြည့်ဝမှုနှင့် ကျန်းမာဖွံ့ဖြိုးမှုကို အားပေးရန် ရည်ရွယ်၍ ပေါင်းတင်ပိုးသတ်ပြီး အသင့်သောက် နွားနို့များအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း စတင်၍ တိုက်ကျွေးဆောင်ရွက်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက အသင့်သောက်နွားနို့များကို ဆရာမ၊ ကျောင်းသား ကျောင်းသူများအား ပေးအပ်သည်။

 

ယင်းနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အေးသာယာရှိ ပေ(၉၀ x ၃၀) တစ်ထပ် RCC စာသင်ဆောင်အသစ် ဆောက်လုပ်နေမှုကို လည်းကောင်း၊ အေးသာယာမြို့ စက်မှုဇုန်ရှိ စုတ်ဖွား ရွက်ဖျန်းမြေသြဇာထုတ်လုပ်ရေးစက်ရုံ၌ ရွက်ဖျန်းမြေသြဇာဆေးထုတ်လုပ်မှု အဆင့်ဆင့်ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်