ပုဇွန်တောင်မြို့နယ်၌ ဥပဒေအသိပညာပေး ပြည်သူ့စကားဝိုင်း ကျင်းပ

ရန်ကုန် စက်တင်ဘာ ၉

 

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းကျင်းပသည့် ဥပဒေအသိပညာပေး ပြည်သူ့စကားဝိုင်းကို အမှတ်(၂) ရပ်ကွက် မာဃလုလင် ဆွမ်းလောင်းဓမ္မာရုံ၌ ယနေ့ကျင်းပသည်။

 

ဦးစွာ ပြည်သူ့စကားဝိုင်း၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်တို့က အမှာစကား ပြောကြားသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးစည်သူကြည်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂) ဦးစိုးမြင့်နှင့် တာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးဥပဒေ၊ စည်ပင်သာယာဥပဒေနှင့် ပတ်သက်၍ ဖြစ်လေ့ဖြစ်ထရှိသော လူမှုပတ်ဝန်းကျင် နေထိုင်မှုပုံစံများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေဆိုင်ရာ အသိပညာပေးခြင်း၊ မှုခင်းပညာပေးဆိုင်ရာ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး ရပ်ကွက်နေပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်