လုပ်ဆောင်သူကို တန်ဖိုးထားပါ


ဒေါက်တာဇော်ထွန်းအောင် (ပညာရေး)

 

အရည်အချင်းအခြေပြုစနစ်ဖြင့် လူ့စွမ်းအား အရင်းအမြစ်ကို မြှင့်တင်ခြင်း

 

အဖွဲ့အစည်းတစ်ခု အောင်မြင်ရန်အတွက် အဆောက်အအုံကောင်းများ၊ ခေတ်မီနည်းပညာများနှင့် ဘဏ္ဍာငွေများလိုအပ်သကဲ့သို့ အရေးအကြီးဆုံးသော အခြေခံအင်အားတစ်ရပ်မှာ မှန်ကန်သောလူကို မှန်ကန်သောနေရာတွင် တာဝန်ပေးနိုင်ခြင်းနှင့် ထိုလူ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကို တရားမျှတစွာ အသိအမှတ်ပြုနိုင်ခြင်းဖြစ်သည်။ ဤအချက်သည် အဖွဲ့အစည်းတိုင်းတွင် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သော်လည်း လက်တွေ့တွင် အကဲဖြတ်ခြင်းနှင့် တန်ဖိုးထားခြင်းတို့တွင် စိန်ခေါ်မှုများရှိတတ်သည်။

 

လုပ်ငန်းခွင်တစ်ခုကို လေ့လာကြည့်လျှင် တိတ်တဆိတ်တာဝန်ကျေပွန်အောင် ထမ်းဆောင်နေသူများရှိသကဲ့သို့ မိမိလုပ်ဆောင်ချက်များကို ပိုမိုပေါ်လွင်အောင် ပြသနိုင်သူများလည်းရှိတတ်သည်။ ပေါ်လွင်စွာ ပြောဆိုတင်ပြနိုင်ခြင်းသည် မကောင်းသောအရာမဟုတ်ပါ။ မိမိလုပ်ဆောင်ချက်ကို ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်ခြင်းသည်လည်း ခေါင်းဆောင်မှုစွမ်းရည်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

 

သို့သော် အဖွဲ့အစည်းတစ်ခုတွင် “မည်သူက ပိုကောင်းစွာ လုပ်ပြနိုင်သနည်း” ဆိုသည့် မေးခွန်းက “မည်သူက ပိုမိုထိရောက်စွာ တန်ဖိုးဖန်တီးပေးနေသနည်း” ဆိုသည့် မေးခွန်းကို အစားထိုးသွားပါက ပြဿနာစတင်လာသည်။

 

ထို့ကြောင့် အဖွဲ့အစည်းကောင်းတစ်ခု၏ အခြေခံမူမှာ “အသံကျယ်သူကို နေရာပေးခြင်း” မဟုတ်ဘဲ အရည်အချင်း၊ ကြိုးစားအားထုတ်မှု၊ ရလဒ်၊ ကျင့်ဝတ်နှင့် အနာဂတ်တိုးတက်နိုင်စွမ်းတို့ကို အခြေခံ၍ လူတစ်ဦးချင်းစီ၏တန်ဖိုးကို မှန်ကန်စွာ သတ်မှတ်ပေးခြင်းဖြစ်သင့်သည်။ ဤနေရာတွင် အရည်အချင်းနှင့် စွမ်းဆောင်ရည်အပေါ် အခြေခံသည့်စနစ် (Merit-based System) ၏ အရေးပါမှုပေါ်ပေါက်လာသည်။

 

လုပ်ပြနိုင်ခြင်းနှင့် တန်ဖိုးဖန်တီးနိုင်ခြင်းကို ခွဲခြားကြည့်ရန်

 

လုပ်ငန်းခွင်တွင် “လုပ်ပြသူ” နှင့် “အမှန်တကယ် လုပ်ဆောင်သူ” ဟူ၍ လူများကို အလွယ်တကူ ခွဲခြားသတ်မှတ်ရန် မသင့်တော်ပါ။ တစ်ခါတစ်ရံ တိတ်ဆိတ်စွာ အလုပ်လုပ်နေသူသည် မိမိလုပ်ဆောင်ချက်ကို မည်သို့တင်ပြရမည်ကို မကျွမ်းကျင်သည့်အတွက် မိမိ၏တန်ဖိုးကို မပေါ်လွင်စေနိုင်သကဲ့သို့ မိမိလုပ်ဆောင်ချက်ကို ကောင်းစွာတင်ပြနိုင်သူသည်လည်း အမှန်တကယ် ရလဒ်ကောင်းများ ဖန်တီးနေသူဖြစ်နိုင်သည်။

 

ထို့ကြောင့် ပြဿနာ၏ အဓိကအချက်မှာ “ပြောတတ်သူ” နှင့် “မပြောတတ်သူ” တို့ကို ခွဲခြားခြင်းမဟုတ်ဘဲ “ပြောဆိုတင်ပြမှု” နှင့် “အမှန် တကယ်ရရှိသောရလဒ်” ကို မည်မျှ မျှတစွာ ချိန်ညှိအကဲဖြတ်နိုင်သနည်းဆိုသည့်အချက်ဖြစ်သည်။

 

ဥပမာအားဖြင့် စီမံကိန်းတစ်ခုကို အောင်မြင်စွာပြီးမြောက်အောင် ဆောင်ရွက်ပေးသူ၊ ကျောင်းသားများ၏ သင်ယူမှုရလဒ် တိုးတက်အောင်ဆောင်ရွက်ပေးသူ၊ လူနာများကိုစနစ်တကျ ပြုစုကုသပေးသူ၊ ရုံးလုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ထိရောက်အောင် ပြုပြင်ပေးသူတို့၏ တန်ဖိုးကို စကားပြောကောင်းခြင်း တစ်ခုတည်းဖြင့် တိုင်းတာ၍မရနိုင်ပေ။ လုပ်ဆောင်ချက်၊ ရလဒ်၊ ကျင့်ဝတ်နှင့် အများပြည်သူအပေါ် အကျိုးသက်ရောက်မှုတို့ကို ပေါင်းစပ်ကြည့်မှသာ အလုပ်တစ်ခု၏တန်ဖိုးကို မှန်ကန်စွာ မြင်နိုင်မည်ဖြစ်သည်။

 

အရည်အချင်းအခြေပြုစနစ်ဆိုသည်မှာ ဆုချီးမြှင့်ခြင်းထက် ပိုမိုကျယ်ပြန့်သည်

 

အရည်အချင်းအခြေပြုစနစ်ကို တစ်ခါတစ်ရံ “အကောင်းဆုံးသူကို ရာထူးပေးခြင်း” သို့မဟုတ် “စွမ်းဆောင်ရည်ကောင်းသူကို ဆုချီးမြှင့်ခြင်း” အဖြစ်သာ နားလည်လေ့ရှိသည်။ အမှန်တွင်မူ ဝန်ထမ်းရွေးချယ်ခန့်အပ်ခြင်း၊ တာဝန်ပေးခြင်း၊ စွမ်းဆောင်ရည်အကဲဖြတ်ခြင်း၊ ရာထူးတိုးခြင်း၊ လေ့ကျင့်ပေးခြင်းနှင့် အသိအမှတ်ပြုခြင်းအားလုံးကို ချိတ်ဆက်ထားသည့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုစနစ်တစ်ရပ်ဖြစ်သည်။

 

အရည်အချင်းနှင့် ထိုက်တန်မှုနှင့် ပွင့်လင်းမြင်သာမှုကို အခြေခံသော လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်သည် အာဏာအလွဲသုံးစားမှု၊ မျက်နှာသာပေးမှုနှင့် ဆွေမျိုးသားချင်းအပေါ် အခွင့်ထူးပေးမှုတို့၏ အန္တရာယ်များကို လျှော့ချနိုင်ရန် အရေးကြီးကြောင်းဖော်ပြထားသည်။ ထို့ပြင် ဝန်ထမ်းရွေးချယ်ခြင်း၊ ရာထူးတိုးခြင်းနှင့် စွမ်းဆောင်ရည် အကဲဖြတ်ခြင်းတို့ကို ရည်ရွယ်ချက် တိကျသောစံနှုန်းများနှင့် တရားမျှတသော လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံရန် အလေးပေးထားသည်။ “(OECD, Public Integrity Handbook)”

 

ဤနေရာတွင် အရည်အချင်းနှင့် စွမ်းဆောင်ရည် အပေါ် အခြေခံသည့်စနစ်၏ မေးခွန်းမှာ-

“ဘယ်သူ့ကိုချီးမြှင့်မလဲ” ဆိုတာထက် “ဘယ်လိုစံနှုန်းနဲ့ တန်ဖိုးကို တိုင်းတာမလဲ” ဆိုတာ ပိုအရေးကြီးသည်။

 

နိုင်ငံတကာ၏ သင်ခန်းစာ - ထိုက်တန်မှုကို စနစ်တစ်ခုအဖြစ် တည်ဆောက်ခြင်း

 

နိုင်ငံတကာအတွေ့အကြုံများတွင် အရည်အချင်းအခြေပြုစနစ်ကို တစ်ဦးချင်းစီအပေါ် မျက်နှာသာပေးသည့်စနစ်အဖြစ် မဟုတ်ဘဲ စံနှုန်းရှင်းလင်းမှု၊ ပြိုင်ဆိုင်မှုမျှတမှု၊ စွမ်းဆောင်ရည် အကဲဖြတ်မှုနှင့် အခွင့်အလမ်းတန်းတူညီမျှမှုတို့ ပေါင်းစပ်ထားသည့် အဖွဲ့အစည်းဆိုင်ရာမူဝါဒအဖြစ် တွေ့ရသည်။

 

ဂျပန်နိုင်ငံ၏ အရည်အချင်းအပေါ် အခြေခံသောပြည်သူ့ဝန်ထမ်းစနစ်

 

ဂျပန်နိုင်ငံ၏ အမျိုးသားဝန်ထမ်းအာဏာပိုင်အဖွဲ့ (National Personnel Authority) ၏ ဖော်ပြချက်အရ နိုင်ငံ့ဝန်ထမ်းများ၏ ခန့်အပ်ခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းတို့ကို ဝန်ထမ်းရွေးချယ်ရေး စာမေးပွဲ၊ ဝန်ထမ်းစွမ်းဆောင်ရည် အကဲဖြတ်ခြင်းနှင့် သက်သေပြနိုင်သော အရည်အချင်းနှင့် ထိုက်တန်မှုတို့အပေါ် အခြေခံသည့် အရည်အချင်းနှင့် ထိုက်တန်မှုအခြေပြုစနစ်ဖြင့် ဆောင်ရွက်ကြောင်း ဖော်ပြထားသည်။

 

အစပိုင်းခန့်အပ်မှုမှစ၍ နောက်ပိုင်းရာထူးတိုးခြင်းနှင့် တာဝန်ပြောင်းခြင်းများအထိ တရားမျှတသော စံနှုန်းများကို အသုံးပြုရန် ရည်ရွယ်ထားသည်။ “(National Personnel Authority, Japan)”

 

စင်ကာပူနိုင်ငံ၏ “အကောင်းဆုံးသူ” မှ “သင့်တော်ဆုံးသူ” သို့

 

စင်ကာပူနိုင်ငံ၏ ပြည်သူ့ဝန်ဆောင်မှုဌာန (Public Service Division) တွင်လည်း ဝန်ထမ်းခန့်အပ်ရေးကို အရည်အချင်းနှင့် ထိုက်တန်မှုအပေါ် အခြေခံဆောင်ရွက်ပြီး လုပ်ငန်းတာဝန်၏ လိုအပ်ချက်နှင့်အညီ လျှောက်ထားသူများ၏ ကျွမ်းကျင်မှု၊ အရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံနှင့် ကိုယ်ပိုင်အရည်အသွေးများကို ချိန်ညှိအကဲဖြတ်သည်။ မကြာသေးမီကာလများတွင်လည်း ဝန်ထမ်းရွေးချယ်ရာ၌ ပညာရေးအရည်အချင်း တစ်ခုတည်းကိုသာ အလေးပေးသည့် ချဉ်းကပ်မှုမှ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် အခြေပြုခန့်အပ်ရေးစနစ်ဘက်သို့ ရွေ့လျားလာသည်။ ထို့ပြင် လျှောက်ထားသူများ၏ လက်တွေ့ပြဿနာ ဖြေရှင်းနိုင်စွမ်းနှင့် လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို ပိုမိုတိကျစွာ အကဲဖြတ်နိုင်ရန် ဖြစ်ရပ်လေ့လာသုံးသပ်ချက်နှင့် လက်တွေ့လုပ်ငန်းတာဝန်များကိုလည်း အသုံးပြုလာကြသည်။ “(Public Service Division, Singapore)” 

 

အိန္ဒိယနိုင်ငံ၏ပြိုင်ဆိုင်မှုရှိသော ပြည်သူ့ဝန်ထမ်းရွေးချယ်မှု

 

အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုပြည်သူ့ဝန်ထမ်းရွေးချယ်ရေးကော်မရှင် (Union Public Service Commission – UPSC) သည် နိုင်ငံ့ဝန်ထမ်းများ ရွေးချယ်ခန့်အပ်ရာတွင် အရေးပါသောအဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းရွေးချယ်ရေးစာမေးပွဲကို အဓိကယှဉ်ပြိုင်ရွေးချယ်ရေးစနစ်အဖြစ် နှစ်စဉ်ကျင်းပလျက်ရှိသည်။ ယင်းစာမေးပွဲသည် နိုင်ငံ့ဝန်ထမ်းများကို ပွင့်လင်းမြင်သာသော ပြိုင်ပွဲစနစ်ဖြင့် ရွေးချယ်နိုင်ရန် ရည်ရွယ်ထားပြီး လျှောက်ထားသူများ၏ အသိပညာ၊ အတွေးအခေါ်စွမ်းရည်၊ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းနှင့် အုပ်ချုပ်ရေးဆိုင်ရာအရည်အချင်းများကို အဆင့်ဆင့်အကဲဖြတ်သည့်စနစ်ဖြစ်သည်။ “(Union Public Service Commission, India)”

 

သို့သော် အိန္ဒိယနိုင်ငံတွင် အရည်အချင်းနှင့် ထိုက်တန်မှု အခြေပြုစနစ်နှင့်အတူ လူမှုရေးတန်းတူညီမျှမှုနှင့် အခွင့်အရေးမျှတမှုကိုမြှင့်တင်ရန် အစိုးရက သတ်မှတ်ထားသော နေရာခွဲဝေသတ်မှတ် စနစ်ကိုလည်း ကျင့်သုံးလျက်ရှိသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ ဝန်ထမ်းရွေးချယ် ခန့်အပ်ရေးစနစ်သည် ထိုက်တန်မှုကို အခြေခံထားသော်လည်း လူမှုရေးအရ အခွင့်အလမ်းမညီမျှမှုများကို လျှော့ချရန် တန်းတူညီမျှရေးဆိုင်ရာမူဝါဒများကိုပါ ထည့်သွင်းစဉ်းစားထားသည့်စနစ်တစ်ရပ် ဖြစ်လာသည်။ ယင်းသည် အရည်အချင်းအပေါ် အခြေခံသောရွေးချယ်မှုနှင့် လူမှုရေးတရားမျှတမှုကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားသည့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုနည်းလမ်းတစ်ရပ်အဖြစ် လေ့လာစရာကောင်းသော နိုင်ငံတကာအတွေ့အကြုံတစ်ခုဖြစ်သည်။ 

 

အရည်အချင်းအခြေပြုစနစ်တစ်ခုအတွက် အခြေခံမဏ္ဍိုင် ၅ ရပ်

 

မြန်မာ့အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူဝန်ဆောင်မှုကဏ္ဍများတွင် အသုံးချနိုင်ရန် အရည်အချင်းအခြေပြုစနစ်ကို အောက်ပါအခြေခံမဏ္ဍိုင်များဖြင့် တည်ဆောက်နိုင်သည်။

 

၁။ ရှင်းလင်းသောစံနှုန်း

 

ရာထူးခန့်အပ်ခြင်း၊ ရာထူးတိုးခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် တာဝန်ပေးခြင်းတို့အတွက် စံနှုန်းများကို ကြိုတင်သတ်မှတ်ထားရမည်။ “ဘယ်သူ့ကိုကြိုက်လဲ” မဟုတ်ဘဲ “ဘယ်သူက သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသလဲ” ဟူသော မေးခွန်းဖြစ်ရမည်။

 

၂။ တိုင်းတာနိုင်သောရလဒ် 

 

လုပ်ဆောင်ချက်များကို မှတ်တမ်း၊ ရလဒ်၊ အရည်အသွေးနှင့် အကျိုးသက်ရောက်မှုတို့ဖြင့် သက်သေပြနိုင်ရန် လိုအပ်သည်။ အဓိကစွမ်းဆောင်ရည်ညွှန်ပြကိန်းသည် အရေးကြီးသော်လည်း စွမ်းဆောင်ရည်ညွှန်ပြကိန်းတစ်ခုတည်းဖြင့် လူတစ်ဦး၏တန်ဖိုးကို မဆုံးဖြတ်သင့်ပေ။ အလုပ်၏ အရည်အသွေး၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု၊ ကျင့်ဝတ်နှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။

 

၃။ ဘက်စုံအကဲဖြတ်ခြင်း 

 

လူတစ်ဦး၏ အမြင်တစ်ခုတည်းကိုအခြေခံခြင်းထက် လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့ဝင်များ၊ ဝန်ဆောင်မှုရယူသူများနှင့် သက်ဆိုင်ရာများ၏ အချက်အလက်များကို ပေါင်းစပ်ကြည့်ရှုနိုင်သည်။ ဤနေရာတွင် 360-degree Feedback ကဲ့သို့သော နည်းလမ်းများကို အခြေအနေနှင့် ကိုက်ညီစွာ အသုံးပြုနိုင်သည်။

 

၄။ အသိအမှတ်ပြုမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး 

 

အကောင်းဆုံးလုပ်ဆောင်သူကို ဆုတစ်ခုသာပေးခြင်းမဟုတ်ဘဲ “အသိအမှတ်ပြုခြင်း â လေ့ကျင့်ရေး â အလုပ်အကိုင်အခွင့်အလမ်း â ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်မှု” ဟူသော လမ်းကြောင်းတစ်ခုဖန်တီးပေးရမည်။

 

၅။ အယူခံနှင့် ပြန်လည်သုံးသပ်ခွင့်

 

အရည်အချင်းအခြေပြုစနစ်သည် လူသားများက ဆောင်ရွက်သောစနစ်ဖြစ်သည့်အတွက် အမှားအယွင်းဖြစ်နိုင်သည်။ ထို့ကြောင့် အကဲဖြတ်မှုအပေါ် ရှင်းလင်းချက်တောင်းခံနိုင်ခြင်း၊ ပြန်လည်သုံးသပ်နိုင်ခြင်းနှင့် မျှတသောအယူခံလုပ်ငန်းစဉ်ရှိခြင်းတို့သည် စနစ်အပေါ် ယုံကြည်မှုတည်ဆောက်ရန် အရေးကြီးသည်။

 

“အသိအမှတ်ပြုမှု” ကို ဆုချီးမြှင့်ခြင်းထက် ယဉ်ကျေးမှုတစ်ရပ်အဖြစ် တည်ဆောက်ရန်

 

အဖွဲ့အစည်းတစ်ခုတွင် တန်ဖိုးထားမှုဆိုသည်မှာ နှစ်ကုန်မှ ဆုတံဆိပ်ပေးခြင်း တစ်ခုတည်းမဟုတ်ပေ။ တစ်ခါတစ်ရံ “ဒီလုပ်ငန်းကို သင်စနစ်တကျပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တာ ကျေးဇူးတင်ပါတယ်” ဟူသော စကားတစ်ခွန်းသည်ပင် ဝန်ထမ်းတစ်ဦး၏ အလုပ်အပေါ် သဘောထားကို ပြောင်းလဲစေနိုင်သည်။

 

ထို့ပြင် တန်ဖိုးထားမှုသည် တစ်ဦးချင်းအောင်မြင်မှုကိုသာ ချီးကျူးခြင်းမဟုတ်ဘဲ အဖွဲ့အစည်းက မည်သည့်အပြုအမူနှင့် စွမ်းဆောင်ရည်ကို တန်ဖိုးထားကြောင်း အခြားသူများအား ပြသပေးသည့် ချီးကျူးမှုတစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် တရားမျှတစွာ အသိအမှတ်ပြုသည့် အဖွဲ့အစည်းသည် တရားမျှတစွာ ကြိုးစားလိုစိတ်ကိုလည်း မွေးမြူပေးနိုင်သည်။        

 

ပညာရေး၊ ကျန်းမာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများအတွက် ပိုမိုအရေးကြီး

 

အရည်အချင်းအခြေပြုစနစ်ဆိုသည်မှာ ဝန်ထမ်းတစ်ဦး၏ ရာထူး၊ ဘွဲ့အမည် သို့မဟုတ် စာရွက်စာတမ်းပေါ်ရှိ အရည်အချင်းများကိုသာ ကြည့်ရှုခြင်းမဟုတ်ဘဲ မိမိတာဝန်ကို မည်မျှကျွမ်းကျင်စွာ ထမ်းဆောင်နိုင်သည်၊ မည်သည့်ရလဒ်ကို ဖန်တီးပေးနိုင်သည်နှင့် အများပြည်သူအတွက် မည်မျှအကျိုးရှိစေသည်တို့ကိုပါ ထည့်သွင်းတန်ဖိုးထားသည့် စနစ်ဖြစ်သည်။ ထို့ကြောင့် အရည်အချင်းကို လက်တွေ့လုပ်ငန်းခွင်အတွင်း မြင်တွေ့နိုင်သည့် စွမ်းဆောင်ရည်နှင့် ရလဒ်များဖြင့် တိုင်းတာရန်လိုအပ်သည်။

 

ဥပမာအားဖြင့် ဆရာတစ်ဦး၏ တန်ဖိုးကို စာသင်ခန်းရှေ့တွင် ပြောဆိုနိုင်စွမ်းတစ်ခုတည်းဖြင့် မတိုင်းတာသင့်သကဲ့သို့ ဆရာဝန်တစ်ဦး၏ တန်ဖိုးကို လူမှုမီဒီယာတွင် ပေါ်လွင်မှုဖြင့် မတိုင်းတာသင့်ပေ။ ကျောင်းသား၏ သင်ယူမှုတိုးတက်မှု၊ လူနာ၏ ကျန်းမာရေးရလဒ်၊ ဝန်ဆောင်မှု၏ အရည်အသွေးနှင့် လူထုအပေါ် အကျိုးသက်ရောက်မှုတို့သည် ပိုမိုအဓိပ္ပာယ်ရှိသော စံနှုန်းများဖြစ်သည်။

 

အရည်အချင်းအခြေပြုစနစ်သည် လူများကို ပြိုင်ခိုင်းခြင်းမဟုတ်

 

ဤအချက်ကိုလည်း အထူးသတိပြုရန် လိုအပ်သည်။ အရည်အချင်းအခြေပြုစနစ်ဆိုသည်မှာ လူတိုင်းကို တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်ခိုင်းပြီး အနည်းငယ်သောသူများကိုသာ အောင်မြင်စေသည့်စနစ် မဖြစ်သင့်ပေ။
အမှန်တကယ် ကောင်းမွန်သော အရည်အချင်း အခြေပြုစနစ်သည်- 
-    အရည်အချင်းရှိသူကို ဖော်ထုတ်ပေးသည်။ 
-    အားနည်းသူကို လေ့ကျင့်ပေးသည်။ 
-    ကြိုးစားသူကို အခွင့်အလမ်းပေးသည်။ 
-    စွမ်းဆောင်ရည်ကောင်းသူကို အသိအမှတ်ပြုသည်။ 
-    မည်သူ့ကိုမျှ မျက်နှာသာပေးမှုကြောင့် နောက်ကျမကျန်စေရန် ကာကွယ်ပေးသည်။ 

 

ထို့ကြောင့် အရည်အချင်းအခြေပြုစနစ်၏ အခြေခံအယူအဆမှာ “လူတိုင်းကို တူညီသောရလဒ်ရစေရန်” မဟုတ်ဘဲ “လူတိုင်းအား မျှတသောအခွင့်အလမ်းနှင့် ရှင်းလင်းသော စံနှုန်းများအောက်တွင် မိမိ၏အရည်အချင်းကို ပြသနိုင်ရန်” ဖြစ်သည်။

 

အနာဂတ်အတွက် အရည်အချင်းအခြေပြုစနစ် တည်ဆောက်ကြပါစို့

 

ယနေ့အချိန်တွင် “အလုပ်လုပ်ရင်တန်ဖိုးရမယ်” ဟူသော ယုံကြည်ချက်သည် အဖွဲ့အစည်းတိုင်းတွင် ရှင်သန်နေရန် အရေးကြီးသည်။ ထိုယုံကြည်ချက် မရှိပါက အလုပ်ကြိုးစားသူသည် တဖြည်းဖြည်း စိတ်ဓာတ်ကျလာမည်။ ကျွမ်းကျင်သူသည် အခွင့်အလမ်းရှိသည့်နေရာသို့ ရွေ့လျားသွားမည်။ အဖွဲ့အစည်းအတွင်း ယုံကြည်မှုကျဆင်းလာမည်။ နောက်ဆုံးတွင် အဖွဲ့အစည်းက ဆုံးရှုံးရမည့် အရာသည် ဝန်ထမ်းတစ်ဦးတည်း မဟုတ်ဘဲ အတွေ့အကြုံ၊ အသိပညာ၊ အဖွဲ့အစည်းမှတ်ဉာဏ်နှင့် အနာဂတ်စွမ်းဆောင်ရည်တို့ ဖြစ်လာမည်။

 

အပြန်အလှန်အားဖြင့် တရားမျှတသော အရည်အချင်းအခြေပြုစနစ်တစ်ခုရှိပါက ဝန်ထမ်းများအနေဖြင့် “ငါ့အလုပ်ကို မြင်ကြမယ်။ ငါ့ရလဒ်ကို တိုင်းတာကြမယ်။ ငါ့အရည်အချင်းကို တန်ဖိုးထားကြမယ်။ ငါတိုးတက်ဖို့ အခွင့်အလမ်းရှိမယ်” ဟူသော ယုံကြည်ချက် ရရှိလာမည်ဖြစ်သည်။ ယင်းယုံကြည်ချက်သည် အဖွဲ့အစည်းတစ်ခု၏ အဖွဲ့အစည်းယဉ်ကျေးမှုကို တဖြည်းဖြည်း ပြောင်းလဲပေးနိုင်သည်။

 

လုပ်ပြသူကိုသာမက တန်ဖိုးဖန်တီးသူကိုရှာဖွေကြပါစို့

 

နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး၏ အဓိကအင်အားသည် အဆောက်အအုံများ၊ စက်ယန္တရားများနှင့် နည်းပညာများသာ မဟုတ်ပေ။ မှန်ကန်သောအလုပ်ကို မှန်ကန်သောနည်းလမ်းဖြင့် လုပ်ဆောင်နိုင်သည့် လူများဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အဖွဲ့အစည်းများတွင် “ဘယ်သူက ပိုပြီးပေါ်လွင်သလဲ” ဆိုသည့် မေးခွန်းထက် “ဘယ်သူက ပိုမိုတန်ဖိုးဖန်တီးပေးနေသလဲ” ဟူသည့် မေးခွန်းကို ပိုမိုမေးမြန်းသင့်သည်။

 

တရားမျှတသော အရည်အချင်းအခြေပြုစနစ်ဆိုသည်မှာ လူတစ်ဦးကို အခြားတစ်ဦးထက် မြှင့်တင်ရန်အတွက်သာ မဟုတ်ပါ။ ကြိုးစားသူများကို မျှော်လင့်ချက်ပေးရန်၊ ကျွမ်းကျင်သူများကို ထိန်းသိမ်းရန်၊ လူငယ်များကိုတိုးတက်ရန် လမ်းဖွင့်ပေးရန်နှင့် အဖွဲ့အစည်းများ၏ ယုံကြည်မှုကို တည်ဆောက်ရန်ဖြစ်သည်။ 

 

လုပ်ဆောင်သူကို တန်ဖိုးထားခြင်းသည် လူတစ်ဦးချင်းကို ချီးမြှင့်ခြင်းထက် လူ့စွမ်းအားအရင်းအမြစ်ကို မှန်ကန်စွာ အသုံးချနိုင်သည့် စနစ်တစ်ရပ် တည်ဆောက်ခြင်းဖြစ်သည်။ အရည်အချင်း၊ ကြိုးပမ်းအားထုတ်မှု၊ စွမ်းဆောင်ရည်နှင့် လက်တွေ့ရလဒ်များကို အခြေခံ၍ ခန့်အပ်ခြင်း၊ ရာထူးတိုးမြှင့်ခြင်းနှင့် အခွင့်အလမ်းပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါက အဖွဲ့အစည်းအတွင်း ယုံကြည်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်လာမည်ဖြစ်သည်။

 

ထို့ကြောင့် “ကြိုးစားသူအခွင့်အလမ်းရ၊ အရည်အချင်းရှိသူ တိုးတက်ရ၊ ရလဒ်ကောင်းဖန်တီးသူ အသိအမှတ်ပြုခံရ” သည့် အရည်အချင်း အခြေပြုစနစ်ကို တည်ဆောက်ရန်လိုအပ်သည်။ ပွင့်လင်းမြင်သာမှု၊ မျှတသောအကဲဖြတ်မှုနှင့် တန်းတူအခွင့်အလမ်းတို့ဖြင့် အရည်အချင်းအခြေပြု စနစ်ကိုခိုင်မာစွာ အကောင်အထည်ဖော်နိုင်မှသာ လူ့စွမ်းအားအရင်းအမြစ်သည် အဖွဲ့အစည်းနှင့် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မှန်ကန်သောအင်အားတစ်ရပ်ဖြစ်လာမည် ဖြစ်ပါသည်။    ။