မကွေးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

မကွေး စက်တင်ဘာ ၈

 

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၌ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက  ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဇော် ကွင်းဆင်းကြည့်ရှုသည်။

 

ကြည့်ရှုစစ်ဆေး

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် Ten Ten Myanmar ကုမ္ပဏီက ရန်ပုံငွေကျပ် ၄၃၂ ဒသမ ၄၄ သန်းဖြင့် တင်ဒါအောင်မြင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မကွေး-ရေနံချောင်းလမ်းမှ ကံသစ်ကျေးရွာဆက်သွယ်သောလမ်း (၀/၄.၃) မိုင် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ကွန်ကရစ်လမ်းသည် အလျား ၄ ဒသမ ၃ ဖာလုံ၊ လူသွား လမ်းအကျယ် ၁၄ ပေဖြစ်ပြီး ယခုအခါလုပ်ငန်း၏ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကာ အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ငါးရွာမှ အိမ်ထောင်စု ၁၃၅၄ စု၊ အိမ်ခြေ ၁၂၅၃ အိမ်၊ လူဦးရေ ၅၃၀၉ ဦးတို့၏ စိုက်ပျိုး ဧက ၈၈၄ ဒသမ ၃၁ ဧကအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)